Pages

Saturday, May 8, 2010

(ဆရာကြီးဇော်ဂျီ၏ စာပေများနှင့် ပတ်သက်ပြီ အကျယ်လေ့လာနိုင်ရန် လမ်းညွှန်)

ဆရာဇော်ဂျီ နိဒါန်း
ဆရာဇော်ဂျီ (၁၉၀၇ - ၁၉၉၀)
ချောင်းပြင်မှာ စီတန်းလို့
ဗေဒါပန်း ရေကြင်ဆွေ
မျောလို့သာနေ။
ကမ်းတွေ့မှာခွေ
ကမ်းပြေတော့စင်း၊
သည်ချောင်းရေ လေမခတ်တယ်
စီးတတ်လေခြင်း။ ။ (ဇော်ဂျီ)

ဧရာဝတီတိုင်းသား၊ မြစ်ဝကျွန်းပေါ်သားတို့အတွက် စွဲထင်နေသောမြင်ကွင်း၊ မြစ်ရိုး ချောင်းရိုးတွင် စုန်ဆန်သွားလာနေသော ဗေဒါပန်းကလေးများ၏ အသွင်အပြင်တွင် “ဘ၀အားမာန်” ကိုထည့်သွင်းကာ တင်စားဖွဲ့ဆိုခဲ့သူမှာ ဧရာဝတီတိုင်းသား၊ မြစ်ဝကျွန်းပေါ်သား ဆရာဇော်ဂျီပင် ဖြစ်ပေသည်။
ဆရာဇော်ဂျီသည် ခေတ်စမ်းစာဆို၊ အမျိုးသားစာဆိုကြီးအဖြစ် မြန်မာနိုင်ငံသမိုင်းတွင် မော်ကွန်းတင်ထားရသည့် စာဆိုကြီးတစ်ဦးဖြစ်လေသည်။ စင်စစ်ဆိုလျှင် ဆရာဇော်ဂျီ၏ ဂုဏ်ပုဒ်နှင့် စွမ်းဆောင်ချက်များမှာ ချီးကျူးဖွင့်ဆိုရေးသားဖော်ကျူး

ကာ မကုန်နိုင်အောင်ပင် ရှိပါသည်။ သို့သော် ဧရာဝတီတိုင်းသား၊ မြစ်ဝကျွန်းပေါ်သားတစ်ဦးအနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ရခြင်းသာ ဖြစ်ပါသည်။
အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ၏ ဘ၀နှင့်စာပေကို လေ့လာခြင်း၏ နိဒါန်းမျှသာဖြစ်ပါသည်။
ဆရာဇော်ဂျီသည် ဖျာပုံဇာတိဖြစ်ကာ မြစ်ဝကျွန်းပေါ်သားတစ်ဦး ဖြစ်ပါသည်။
ဆရာဇော်ဂျီကို ၁၉၀၇ ခု၊ ဧပြီလ ၁၂ ရက်နေ့တွင် ဖျာပုံမြို့တွင် အဖဦးယော၊ အမိ ဒေါ်စိန်ညွန့် တို့မှ မွေးဖွားသည်။ ဆရာဇော်ဂျီသည် သောကြာသားဖြစ်ကာ အမည်ရင်းမျာ ဦးသိန်းဟန် ဖြစ်သည်။ သားချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ ငယ်စဉ်က ဖျာပုံမြို့ ဘုန်းတော်ကြီးကျောင်းတွင် စာသင်ခဲ့သည်။ ထို့နောက် ဖျာပုံမြို့မြန်မာကျောင်းနှင့် ဖျာပုံမြို့ အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်းကျောင်းတို့တွင် သတ္တမတန်းအထိ ပညာသင်ခဲ့သည်။ ၁၉၂၀၊ သတ္တမတန်းကျောင်းသားဘ၀တွင် ပထမတက်ကသိုလ် သပိတ်ဘကီးတွင် ပါဝင်ဆင်နွှဲခဲ့သည်။ ထို့နောက် ဖျာပုံအမျိုးသားကျောင်းတွင် ဆက်လက်ပညာသင်ယူသည်။
၁၉၄၁ ခုနှစ်တွင် ရန်ကုန်တက်ကသိုလ်ကျောင်းတိုက် စာကြည့်တိုက်မှူးအဖြစ် စတင်ဆောင်ရွက်သည်။ ၁၉၄၁ခု၊ အောက်တိုဘာလတွင် ဦးဆန်း၊ ဒေါ်နှင်းဇင် တို့၏သမီး၊ ရန်ကုန်မြို့မ အမျိုးသမီးကျောင်း၊ အထက်တန်းပြ ဆရာမ ဒေါ်စောရင် (ဘီအေ၊ ဘီအီးဒီ) နှင့် လက်ထပ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာအစိုးရ၊ ပညာရေးဝန်ကြီးဌာန (စာပေနှင့် စာကြည့်တိုက်ဌာနခွဲ) ဒုတိယညွှန်ကြားရေးဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၆ ခုနှစ်မှစကာ ရန်ကုန်တက်ကသိုလ်စာကြည့်တိုက်မှ
ူး အဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုသို့ထမ်းဆောင်နေစဉ် ၁၉၄၇ မှ ၁၉၄၉ ခုနှစ်အထိ တိုင်းပြည်ပြုလွှတ်တော်ရုံးနှင့် ရွေးကောက်ပွဲ ကော်မရှင်ရုံးတို့တွင် အထူးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၂ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ပညာရေးဌာန၊ ကျောင်းသုံးစာအုပ်ပြုစုရေး (ထုတ်လုပ်ရေး) ညွှန်ကြားရေးဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥကဋ္ဌ၊ ၁၉၆၁ ခုနှစ်တွင် ဂုဏ်ထူးဆောင် မြန်မာစာပါမောက်ခ၊ ၁၉၆၅ ခုနှစ်မ ၁၉၇၅ ခုနှစ်အတွင်း ပညရပ်ကော်မတီ ဥကဋ္ဌ၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ ဥကဋ္ဌတာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် တက်ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးဘ၀မှ အငြိမ်းစားယူသည်။ ပညာရေးအထူးအရာရှိ (၁) တာဝန်နှင့် မြန်မာနိုင်ငံ သုတေသနအသင်း ဥကဋ္ဌ တာဝန်များကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် နိုင်ငံသမိုင်းသုတေသနဦးစီးဌာန အကြံပေးပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပေသည်။
၁၉၅၀ ခုနှစ်တွင် ဆရာဇော်ဂျီသည် ချစ်ကြည်ရေးအဖွဲ့ဝင်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ လည်းကောင်း၊ ၁၉၅၁-၅၂ ခုနှစ်တွင် ပညာရေးလေ့လာရေးအဖွဲ့ဝင်အဖြစ် အင်္ဂလန်၊ အမေရိကန်၊ မက်ကဆီကို နှင့် ကနေဒါနိုင်ငံများသို့ လည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် ချစ်ကြည်ရေး အဖွဲ့ဝင်အဖြစ် ထိုင်း(ယိုးဒယား) နိုင်ငံသို့လည်းကောင်း၊ ၁၉၆၁ ခုနှစ်တွင် ချစ်ကြည်ရေးအဖွဲ့ဝင်အဖြစ် တရုတ်ပြည်သူ့သမတနိုင်ငံသို့ လည်းကောင်း၊ ၁၉၇၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ရာမဇာတ်တော် ဆွေးနွေးပွဲ စာတမ်းတင်သွင်းဖတ်ကြားသူအဖြစ် လည်းကောင်း၊ သွားရောက်ကာ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။
နိုင်ငံတော်ကချီးမြှင့်သော ၀ဏ္ဏကျော်ထင်ဘွဲ့ကို ၁၉၄၈ ခုနှစ်တွင် လည်းကောင်း၊ သီရိပျံချီဘွဲ့ကို ၁၉၆၁ ခုနှစ်တွင် လည်းကောင်း၊ ရရှိခဲ့ပါသည်။
ဆရာဇော်ဂျီသည် ၁၉၂၄ ခုနှစ်တွင်စတင်ကာ ကဗျာရေးဖွဲ့ခဲ့ပါသည်။ ခေတ်စမ်းစာပေခေတ်ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ပထမခေတ်စမ်းကဗျာဟု ထင်ရှားသောကဗျာမှာ ၁၉၂၈ ခုနှစ်တွင် ပဲခူးကျောင်းဆောင်၏ “ဟံသာ့ကြေးမုံ” လက်ရေးစာစောင်တွင် စတင်ဖော်ပြသော “ပိတောက်ပန်း” ကဗျာဖြစ်ပါသည်။ ထို့နောက် ဆရာကြီးဦးဖေမောင်တင် တည်းဖြတ်သော ၁၉၃၄ ခုနှစ်တွင် ထုတ်ဝေသော ခေတ်စမ်းကဗျာ (ပထမတွဲ) စာအုပ်တွင် အခြားတက်ကသိုလ်ကျောင်းသားများ၏ ကဗျာများနှင့်အတူ ဆရာဇော်ဂျီ၏ ကဗျာ (၂၄) ပုဒ် ဖော်ပြပါရှိခဲ့သည်။
ဆရာကြီးဦးဖေမောင်တင်က ခေတ်စမ်းကဗျာ (ပထမတွဲ) နိဒါန်းတွင် “ယခု ခေတ်စမ်းကဗျာဖွဲ့ဆိုကြသော လူငယ်တို့သည် လေးနက်ကြီးကျယ်သော အရာများထက် မျက်မြင်နားကြား နေ့စဉ်တွေ့ကြုံနေရသည့် သေးငယ်သော အကြောင်းအရာများကို ဖွဲ့ဆိုရန် အခွင့်ကြုံနေရသည့် သေးငယ်သော အကြောင်းအရာများကို ဖွဲ့ဆိုရန် အခွင့်သင့်တိုင်း ဖွဲ့ဆိုကြလေသည်” ဟု ရှင်းလင်းဖော်ပြရေးသားခဲ့ပါသည်။
ရှေးစာဆိုတို့ ရေးဖွဲ့မရှိသော စပယ်ဖြူ၊ ၀မ်းဘဲငှက်၊ ကြောင်မနက်ပြာ၊ မိုးဆွေငှက်၊ ပုရစ်ကောင်၊ ဖားပြုပ်မ၊ အပ်နဖား စသော အကြောင်းအရာကလေးများကိုလည်း ဆရာဇော်ဂျီ ရေးဖွဲ့ခဲ့သည်။ “ဆရာဇော်ဂျီသည် ဘ၀ပတ်ဝန်းကျင်နှင့် ထိတွေ့ခြင်းရှိကာ မိမိစိတ်တွင် ဖြစ်ပေါ်လာသော မိမိ၏ဆန္ဒ၊ မိမိ၏ စေတနာ၊ မိမိ၏အမြင် တို့ကို တင်ပြဖွဲ့ဆိုထားခြင်းဖြစ်သည်။” ဟု ဆရာမင်းယုဝေက ပထမမြန်မာများစာအုပ်တွင် သုံးသပ်တင်ပြခဲ့သည်။
ဆရာဇော်ဂျီ၏ ကဗျာများအနက် ထူးခြားထင်ရှာသောကဗျာစုမှာ “ဗေဒါလမ်း” ကဗျာများဖြစ်ပါသည်။ မြစ်ဝကျွန်းပေါ်ဒေသရှိ မြစ်ရိုးချောင်းရိုးတွင် စုန်ချည်ဆန်ချည်သွားလာနေရသော ဗေဒါပန်းကလေး၏ ဗေဒါလမ်းတွင် လူ့လောက၊ လူ့ဘ၀၊ လူ့အမူအရာ တို့ကို တင်စားရေးဖွဲ့ခဲ့သည်ဟု နားလည်ခံစားကြရပေသည်။
ဗေဒါလမ်းနှင့် ပတ်သက်ကာ ဆရာတိုက်စိုးက “ထိုကဗျာစုကို ပကတိသဘောအတိုင်း ဖတ်မည်၊ နာမည်ဆိုလျှင်လည်း ကောင်းပါ၏။ လူ့ဇာတ်သွင်းကာ ဖတ်ကြည့် နာကြည့်ပါမူကား အရသာစုံ ခံစားနိုင်မည် ဖြစ်ပေသည်” ဟု မြန်မာစာမိတ်ဖွဲ့စာအုပ်တွင် ခြုံငုံသုံးသပ်ပြခဲ့ပေသည်။
ဆရာပါရဂူကလည်း “ဗေဒါလမ်းကဗျာတွင် ဗေဒါပင်သည် ကဗျာအဖွဲ့အနွဲ့တွင် ရှေ့တန်းသရုပ်ဖော် ၀တ္ထုမျှသာ ဖြစ်သည်။ သင်္ကေတမျှသာ ဖြစ်သည်။ ကဗျာဆရာ ညွှန်းလိုသည့်အရာမှာ ကဗျာအဖွဲ့တွင် ရုပ်လုံးပေါ်နေသည့် ဗေဒါပင်မဟုတ်ပေ။ သင်္ကေတဗေဒါပင်၏ နောက်ကွယ်တွင် ရှိနေသော လောကဓံလှိုင်း အပုတ်ခံနေရသည့် မနုသလူသားဖြစ်သည်” ဟု ရေးသားညွှန်းဆိုခဲ့ပါသည်။
ဆရာဇော်ဂျီ၏ ဗေဒါလမ်းကို အခြေခံကာ ၀တ္ထုအသွင် ဇာတ်အိမ်ဆင်လျက်ရေးသားခဲ့သော စာရေးဆရာမကြီး ခင်နှင်းယုက “ဗေဒါသည် ကျွန်မအတွက် “စံ” ဖြစ်လာသည်။ ထိုအခါ ကျွန်မသည်စိတ်ချောက်ချားကာ ကစင့်ကရဲတုန်လှုပ်သောစိတ်ကို ထိန်းချုပ်လာနိုင်သည်။ “ဗေဒါကို ဖန်ဆင်းရှင် ဆရာဇော်ဂျီ” ကိုလည်း ကြည်ညိုလေးစား ချစ်ခင်လာမိသည်” ဟု ထုတ်ဖော်ရေးသားခဲ့ပါသည်။
ဆရာမကြီး ခင်နှင်းယု၏ “ပန်းပန်လျက်ပါ” ၀တ္ထုကို ရုပ်ရှင်အသွင်ကူးပြောင်းရိုက်ကူ
းခဲ့ရာ “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” ဟူသော မဗေဒါ၏ အားမာန် (သို့မဟုတ်) ဆရာ့ကဗျာအသံသည် လူထုရင်မှာ ကိန်းအောင်း ခိုဝင်လာတော့သည်။
ဆရာဇော်ဂျီ၏မိန့်ဆိုချက်အရ ပထမဆုံးဗေဒါလမ်းကဗျာကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ကြောင်း၊ ၁၉၃၆ ခုနှစ် ပတ်ဝန်းကျင်တွင် ဗေဒါလမ်းကဗျာကို မြန်မာလိုစတင်စပ်ဆိုခဲ့ကြောင်း၊ ဗေဒါလမ်း အမှတ် (၁) ကို ရန်ကုန်တက်ကသိုလ် နှစ်လည်စာစောင် (၁၉၅၇-၁၉၅၉) တွင် ထည့်သွင်းဖော်ပြခဲ့ပြီး၊ ဗေဒါလမ်းအမှတ် (၄၁) နောက်ဆုံးကဗျာကို (၁၉၈၁) ခုနှစ်ထုတ် ဖျာပုံစာပေလုပ်သားမဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။
ဆရာဇော်ဂျီသည် ဗေဒါလမ်းကဲ့သို့ပင် “ဘ၀အားမာန်” ကို ဖော်ကျူးသော ကဗျာများကို အများအပြား ရေးဖွဲ့ခဲ့ပါသည်။ “မိုးဆွေငှက်” “ပိတောက်ပန်း” “တိမ်လွှာ” “™ကြာကန်” “ငှက်ငယ်ပမာ” “နန္ဒမူလိုဏ်” “လိုက်ကြအုံးမယ်လား” စသောကဗျာများဖြစ်ပါသည်။ ထို့ကြောင့် “သတ္တ၀ါတို့တွင်ရှိသော လုံ့လစွမ်း၊ ဉာဏ်စွမ်းကို ချီးကျူးဖွဲ့ဆိုသော ဇော်ဂျီကို မည်သို့ခေါ်မည်နည်း။ အားမာန်စာဆိုဟုခေါ်သော် ခေါ်သင့်သည်သာတည်း” ဟု ဆရာမင်းယုဝေက “မြန်မာစာမိတ်ဖွဲ့” တွင် ဂုဏ်ပြုရေးသားခဲ့ပါသည်။
ဆရာဇော်ဂျီသည် ၁၉၃၅-၃၆ ခုနှစ်၊ အိုးဝေမဂ္ဂဇင်းတွင် “မျိုးချစ်ကဗျာစု” အမည်ဖြင့် (၁) တို့တိုင်းပြည် (၂) သင်သေသွားသော် (၃) တက်လူတေးသံ (၄) အို တက်လူတို့ (၅) အခုအခါ ဟူသော ကဗျာများကို ထည့်သွင်းဖော်ပြခဲ့ ပါသည်။ ထိုကဗျာများတွင် မျိုးဆက်သစ် လူငယ်များကို နှိုးဆော်ကာ လွတ်လပ်ရေးအတွက် လှုံ့ဆော်လျက်၊ နိုင်ငံသားတိုင်း၏ တာဝန်ကို လမ်းညွှန်ရေးဖွဲ့ခဲ့ပါသည်။ စာပေအရေးတွင်သာမက အမျိုးသားရေး၊ နိုင်ငံ့အရေးတွင်လည်း တာဝန်ကျေသော စာဆိုကြီးအဖြစ် သိမြင်နိုင်ပေသည်။
ထို့ပြင် “ရှေးခေတ်ပုဂံပြည်” ကဗျာသည်လည်း ဆရာဇော်ဂျီ၏ တိုင်းချစ်စိတ်၊ ပြည်ချစ်စိတ်နှင့် ဇာတိမာန်ကို ဖော်ကျူးသောကဗျာကြီးတစ်ပုဒ် ဖြစ်ပါသည်။ “ညီသစ်ဆင်းကဗျာစု” နှင့် “ရှေးခေတ်ပုဂံ ကဗျာများ” သည်လည်း ဆရာဇော်ဂျီ၏ ထူးခြားသောကဗျာစုများအဖြစ် လေ့လာတွေ့မြင့်နိုင်ပေသည်။
ဆရာဇော်ဂျီသည် ၀တ္ထုတိုများကိုလည်း ရေးသားခဲ့ပါသည်။ ခေတ်စမ်းစာပေခေတ်က ထင်ရှားသော “ဘိုးမာဒင်” “ကြင်မယ့်သူ” “ဦးသောဘိတနှင့် ကိုခင်” “အောင်ဘော်နှင့် လေးလုံး” “ပုဂံဈေး” “သူ့မယား” “သော့တွဲနှင့် နတ်ရုပ်” “အချစ်နှင့် စစ်ပွဲ” ဟူသော ၀တ္ထုတိုများကို လေ့လာလျှင် ရသနှင့် ယှဉ်သော ဘ၀အသိအမြင်များကို ဖြစ်ပေါ် လာစေနိုင်ကြောင်း တွေ့မြင်ခံစားကြရပေသည်။
ဆရာဇော်ဂျီသည် ကမ္ဘာကျော် နိုဗယ်ဆုရစာရေးဆရာအချို့၏ ၀တ္ထုတိုများကို မဂ္ဂဇင်းများတွင် မြန်မာဘာသာဖြင့် ပြန်ဆိုခဲ့ပါသည်။ ထို့နောက် “မိုးကြယ်မို့လားနှင့် နိုဗယ်ဆုရ ၀တ္ထုတိုများ” “လမ်းသစ်နှင့် အခြားဝတ္ထုတို့များ” “နင်လားဟဲ့ချစ်ဒုက်ခနှင့် အခြားဝတ္ထုတိုများ” ဟု အမည်တပ်ကာ ၀တ္ထုတိုပေါင်းချုပ် ထုတ်ဝေခဲ့ပါသည်။ ၀တ္ထုတိုများနှင့်အတူ မိမိ၏ ထင်မြင်ယူဆချက်များ၊ မှတ်ချက်များကိုလည်း ဖော်ပြကာ ကမ္ဘာစာပေနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ကမ္ဘာ့စာပေရသကိုလည်း ခံစားစေခဲ့ပါသည်။
ဆရာဇော်ဂျီသည် အင်္ဂလိပ်ဝတ္ထုရေးဆရာ ချားလ်ရိဒ်ရေးသာသော ၀တ္ထုကို “ဂျရတ်နှင့် မားဂရက်” အမည်ဖြင့် ဘာသာပြန်ဆိုခဲ့သည်။ “မဟာဝိဇ္ဇာဘွဲ့ရ မောင်သိန်းဟန် ပြန်ဆိုသည်” ဟု အမည်ရေးထိုးသော ဆရာဇော်ဂျီ၏ တစ်ပုဒ်တည်းသော ၀တ္ထုရှည်အဖြစ် လေ့လာနိုင်ပါသည်။
ထို့ပြင် ဂရိဒသနပညာရှင် ပလေတို၏ အရေးအသားဖြင့် တင်ပြထားသော ဆော့ခရတ္တိ၏ လေးနက်သော အတွေးအခေါ်တို့ကို ဆရာဇော်ဂျီက မြန်မာဆန်ဆန်ဘာသာပြန်ဆိုကာ ငွေတာရီမဂ္ဂဇင်းတွင် လစဉ်ဖော်ပြခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် စုစည်းကာ “ပလေတို နိဒါန်း” အမည်ဖြင့် ထုတ်ဝေခဲ့ပါသည်။ “နက်နဲသော ဒသနဆိုင်ရာ အယူအဆ များကို အရပ်သုံးစကားပြေဖြင့် စကားဝိုင်းဖွဲ့သလို တင်ပြသွားသည်မှာ ရိုးရိုးလေးနှင့် ဆန်းလှသည်“ ဟု စိတ်ပညာ ပါမောက်ခဒေါက်တာကျော်စိန်က ချီးကျူးမှတ်တမ်းတင်ခဲ့ပါသည်။ ဆရာဇော်ဂျီကား “ဒသန (ဘာသာပြန်) ကျမ်းပြုဆရာ ဇော်ဂျီ” ဟူသော ဂုဏ်ထူးပိုင်ရှင်လည်း ဖြစ်ပါသည်။
တစ်ဖန် ဆရာဇော်ဂျီသည် “ရသစာပေအဖွင့်” ကျမ်းကို (၁၉၆၃) ခုနှစ်တွင် လည်းကောင်း၊ “ရသစာပေနိဒါန်း” ကို (၁၉၆၅) ခုနှစ်တွင်လည်းကောင်း ထုတ်ဝေခဲ့ပါသည်။ (ယင်းကျမ်းနှစ်စောင်ကို စုစည်းကာ (၁၉၇၆) နှင့် (၂၀၀၄) ခုနှစ်တို့တွင် တစ်ပေါင်းတည်းထုတ်ဝေခဲ့ပါသည်။) ၁၉၃၄ မှ ၁၉၃၆ ခုနှစ်အတွင်း ဂန္ထလောကမဂ္ဂဇင်းတွင် ရေးသားခဲ့သော ဆောင်းပါးများ ပါဝင်ပါသည်။ ရှေးခေတ်မြန်မာစာပေ၊ မျက်မှောက်ခေတ်မြန်မာစာပေ၊ စာရေးမှုနှင့် ရသ သဘော၊ မြန်မာ့အနုပညာဟု အခန်းကြီး (၄) ခန်းခွဲခြား တင်ပြထားပါသည်။ ရသ စာပေနှင့် ပတ်သက်လျှင် ယနေ့ခေတ် စာပေ၀ါသနာရှင်များ၊ စာရေးဆရာ၊ ကဗျာဆရာများနှင့် ပညာရှင် ပါမောက်ခများအထိ လေ့လာကျက်မှတ် ကိုးကားခဲ့ကြရသော လမ်းညွှန်စာပေကျမ်းကြီးဖြစ်သည်ဟု
ပင် ဆိုနိုင်ပေသည်။
ဆရာဇော်ဂျီ၏ စာများကိုလေ့လာလျှင် ပြဇာတ်များကိုလည်း ချန်လှပ်ထားလို့ ရနိုင်မည်မဟုတ်ပါ။ ပင်ကိုယ်ရေး ပြဇာတ်များဖြစ်သော “ရွှေမောင်းသံဇာတ်၊ ရသေ့ဂူဇာတ်၊ အောင်လံတော်ပြဇာတ်နှင့် ဘာသာပြန်ပြဇာတ်များဖြစ်သော မဟာဆန်ချင်သူပြဇာတ်၊ အဓမ်မမင်္ဂလာဇာတ်၊ စိန်တစ်လုံးဇာတ်ဟု ပြဇာတ် (၆) ပုဒ်ကို လေ့လာတွေ့မြင်ရပါသည်။ ဆရာဇော်ဂျီသည် ပြဇာတ်နှင့် ပြဇာတ်စာပေဖွံ့ဖြိုးစေရန် ကြိုးပမ်းအားထုတ်ခဲ့သူ ဖြစ်ကြောင်းလည်း သိမြင်နိုင်ပါသည်။
ဆရာဇော်ဂျီသည် သခင်ကိုယ်တော်မှိုင်းဋီကာ (၁၉၅၅)၊ သိန်းနှင့်ကျားဋီကာ (၁၉၈၄) ဟူသော ကျမ်းနှစ်စောင်ကိုလည်း ပြုစုခဲ့ပါသည်။ မိမိလေးစားမြတ်နိုးသောဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ မှော်ပီဆရာသိန်းနှင့် ဦးဖိုးကျားတို့၏ စာပေအနှစ်သာရများကို ဖွင့်ဆိုသော ဋီကာကျမ်းများဖြစ်ပေသည်။ မြန်မာစာပေသမိုင်းကို လေ့လာလျှင် အရေးပါလှသော စာပေကျမ်းများဖြစ်ပေသည်။ မြန်မာစာပေ သုတေသီတို့နှင့် မြန်မာ့စာရသကို မက်မောခုံမင်သူတို့အတွက် လက်စွဲကျမ်းများဟုလည်း ဆိုနိုင်ပေသည်။ စာပေဝေဖန်ရေးကျမ်းများဟုလည်း ဆိုနိုင်ပေသည်။
၁၉၆၅ ခုနှစ်တွင် ဆရာဇော်ဂျီနှင့် ဆရာမင်းသုဝဏ်တို့၏ “ခရီးသည်” စာအုပ်ကို နှလုံးလှစာပေတိုက်မှ ထုတ်ဝေခဲ့ပါသည်။ ဆရာဇော်ဂျီတို့ ဘိလပ်သို့ ပညာတော်သင်သွားစဉ်က အတွေ့အကြုံများကို ဆောင်းပါးပုံစံဖြင့် ရေးသားတင်ပြထားပါသည်။ “ဒွါရာဝတီ နှင့် ကေတုမတီ” မှာ ပြည်တွင်းခရီးသွားမှတ်တမ်းဆောင်
းပါးဖြစ်ပြီး “ကမ္ဘောဇသို့” နှင့် “အင်းလေးလူရည်ချွန်စခန်းမှာ” စသည်တို့မှာ ခရီးသွား ကဗျာများဖြစ်ကြပါသည်။ မြန်မာစာပေတွင် နည်းပါးလှသော ခရီးသွားစာပေကွက်လပ်ကို ဖြည့်ဆည်းခဲ့သော စာပေပညာရှင်ကြီးတစ်ဦး ဖြစ်ခဲ့ပေသည်။
ဆရာဇော်ဂျီသည် နိုင်ငံတော်ကချီးမြှင့်သော စာပေဆုကြီးများကို ရရှိခဲ့သူလည်း ဖြစ်ပါသည်။ ၁၉၅၅ ခုနှစ်တွင် “သခင်ကိုယ်တော်မှိုင်း ဋီကာ” စာအုပ်ဖြင့် စာပေဗိမာန်စာပဒေသာဆု၊ ၁၉၇၉ ခုနှစ်တွင် “နင်လားဟဲ့ ချစ်ဒုက်ခနှင့် အခြားဝတ္ထုတိုများ” စာအုပ်ဖြင့် အမျိုးသားစာပေ ဘာသာပြန်ဆု။ ၁၉၈၇ ခုနှစ်တွင် “ရှေးခေတ်ပုဂံကဗျာများနှင့် အခြားကဗျာများ” စာအုပ်ဖြင့် အမျိုးသားစာပေ ကဗျာဆုတို့ကို ရရှိခဲ့ပါသည်။
သခင်ကိုယ်တော်မှိုင်းဋီကာကို တရုတ်ဘာသာဖြင့် ပြန်ဆိုကြသည်။ ထို့ပြင် ဆရာဇော်ဂျီ၏ ၀တ္ထုတို၊ ဆောင်းပါး၊ ကဗျာအချို့ကိုလည်း အင်္ဂလိပ်၊ ရုရှ၊ ချက်၊ ဂျာမန်၊ ပြင်သစ်၊ တရုတ်စသည့်ဘာသာတို့ဖြင့် ပြန်ဆိုခဲ့ကြပါသည်။
ဆရာဇော်ဂျီရေးသားခဲ့သည့် ထုတ်ဝေပြီးအခြားစာအုပ်များမှာ မဟာဆန်ချင်သူပြဇာတ် (၁၉၃၄)၊ ဂျရတ်နှင့် မားဂရက် (၁၉၄၁) (အမည်ရင်း မောင်သိန်းဟန် အမည်ဖြင့် ဘာသာပြန်သည်။ ပထမပိုင်သာ ပြီးခဲ့သည်။) စာပေလောက (၁၉၄၉) (မင်းသုဝဏ်နှင့် တွဲဖက်ရေးသည်။) ပိတောက်ရွှေဝါကဗျာများ (၁၉၅၁)၊ သုံးပွင့်ဆိုင်ခေတ်စမ်း စာပေ (၁၉၅၅)၊ (သိပ္ပံမောင်ဝ၊ မင်းသုဝဏ် တို့တွဲဖက်ရေးသည်။) ကာလီဒါသ၏ သကုန္တလ (၁၉၅၉)၊ ရသစာပေနိဒါန်း (၁၉၆၅)၊ မိုးကြယ်မို့လား (၁၉၆၆)၊ ဇော်ဂျီကဗျာပေါင်းချုပ် (၁၉၆၆)၊ လမ်းသစ်နှင့် အခြားဝတ္ထုတိုများ (၁၉၆၆)၊ ခရီးသည် (၁၉၆၅) (မင်းသုဝဏ်နှင့် တွဲဖက်ရေးသည်။) ပလေတိုး နိဒါန်း(၁၉၆၇)၊ သိန်းနှင့် ကျားဋီကာ (၁၉၈၄)၊ ဇော်ဂျီကဗျာပေါင်းချုပ်သစ် (၁၉၇၄) ရာမဆောင်းပါးပေါင်းချုပ် (၂၀၀၅) တို့ဖြစ်ပါသည်။
ဆရာဇော်ဂှီသည် ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၆) ရက်၊ ဗုဒ္ဓဟူးနေ့နံနက် ငါးနာရီခွဲအချိန်တွင် အမှတ် (၁၀-က) ကမ္ဘောဇလမ်း၊ ဗဟန်းမြို့နယ် နေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ဇနီး ဒေါ်စောရင်နှင့် သမီးသုံးဦး - ဒေါက်တာခင်မျိုးဟန် (ကလေးအထူးကု)၊ ဒေါက်တာ ခင်လှဟန် (သမိုင်းပညာရှင်) နှင့် ဒေါက်တာ ခင်အုန်းဟန် (မျပ်စိအထူးကု) တို့ ကျန်ရစ်ခဲ့ပါသည်။
ဆရာဇော်ဂျီသည် ဇော်ဂျီရုပ်ကလေးကို နှစ်သက်သောကြောင့် ကလောင်အမည်ကို “ဇော်ဂျီ” ဟု ယူခဲ့ကြောင်း သိမှတ်ရပါသည်။ ထို့ကြောင့် ဆရာ့အုတ်ဂူတွင် တောင်းဝှေးထမ်းကာ ကနေသော ဇော်ဂျီရုပ်ကလေးနှစ်ရုပ်နှင့် ကဗျာတစ်ပုဒ်ကို မော်ကွန်းတင်ကာ ရေးထိုးခဲ့ပါသည်။ ယင်းကဗျာမှာ နိုင်ငံသာတစ်ဦး၏ တာဝန်ကို ဖော်ညွှန်းသော ဆရာဇော်ဂျီ၏ ဘ၀အမြင်ဟုလည်း ဆိုနိုင်သော “သင်သေသွားတော်” ကဗျာပင် ဖြစ်ပါသည်။
စိမ်းမြ



သင်သေသွားသော်

သြော်......လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရ၊ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား
သင်သေသွားသော်
သင်ဖွားသောမြေ ၊ သင်တို့ပြည်သည်
အခြေတိုးမြင့် ၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား ၊ စာ စကား လည်း
ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏။
သင်ဦးချí အမျှဝေရာ
စေတီသာနှင့် သစöာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလက် ကျန်စေသတည်း။
(ဆရာဇော်ဂျီ)


လှိုင်းကလေး - သင်

-ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက
သည်ကမ်းယံ စေတီဦးဆီသို့ 
ဖူးမြော်ရန် ရောက်လာရင်းပေလာ့
ဘော အိုအချင်း လှိုင်းကလေး...သင်။

-ကမ်းရောက်ပြန်တော့
တဖြောက် မြည်သံကျူ၍
နဂိုမူ စွန့် ကာပစ်ပါလို့ 
မူသစ် တဆင်ခြယ်၍
ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီသို့ 
မြန်းကြွမည့်သွင် ။

ဘယ်ဒေသဆီက
သင်ကြွကာ သည်ကိုလာ၍
ဘယ်နေရာ ဘယ်ဆိပ်ကမ်းဆီသို့ 
မြန်းမယ်လို့  သင်ဟန်ပြင်
ကြံချင်ဘူ့  သည်အရေး ။

သို့ ကတဲ့
စိတ်ထဲ ငါဆင်ခြင်ခဲ့
သင်လာစဉ် ပင်လယ်လမ်းမှာဖြင့်
မုန်တိုင်းလေ လှိုင်းရေ ကြမ်းသော်ကြောင့်
ပန်းခဲ့သူ စင်ရော်ငှက်ကိုလ
ကျောထက်ဝယ် ဆောင်ယူသယ်၍
ဖောင်သဖွယ် သင် ကူမတယ်လို့ 
တွေးဆကာ သည်အလွမ်းရယ်နဲ့ 
ဝမ်းမြောက်တယ်လေး ။ ။
................................ဒီကဗျာကို၁၉၃၁ ကရေးဖွဲခဲ့တာပါ။
..........................................................................
တခုသောသင်္ကြန်ခါ

လာလာလေ လိုက်ခဲ့တော့
တို့ စရိုက် တို့ ဘာသာ
နှစ်ဆန်းခါ ပိတောက်ကြွားချိန်မို့ 
ကစားကာ ရေကြည်ကြည်နဲ့ 
ပီပေသည် မြန်မာမျိုးကိုလ
တိုးဆင့်၍ ချစ်ခဲ့တာ ။ ။

.....လာဟေ့.....လာဟေ့
ဘုရားကုန်းက၊တအုန်းအုန်းနဲ့ ၊တရုံးရုံးလာကြ
ဘယ်နှာပါလိမ့်
ထိန့် လိုက်တဲ့ အိုးစည်၊ နှဲကလဲ ပီသနဲ့ 
သီသူက သီကြ၊ ကသူက ကလာ
နွားကြီးလဲ ပါသဟေ့
ကျောပေါ်မှာ ကော်ဇော၊ အမွှေးရော သနပ်ခါး
ချိုဖျားမှာ ပိတောက်ပန်းတွေက
တလျှမ်းလျှမ်း ရွှေအဆင်
နွားစိတ်ထဲ အခဲသား ၀င်လိုက်ရ
ရွှင်လိုက်မည့်ဖြစ်ခြင်း ။ ။

ဝဋ်မကင်းသူကိုဖြင့်
လွှတ်ခြင်းမှာ ၀ါသနာပါတဲ့
ရွှေမြန်မာ သည်လူမျိုးမှာလ
အကျိုး သည်လိုတူလိုက်ပါ့
ရွှေမဉ္ဖူ နှုတ်ချိုခွန်းရယ်နဲ့ 
သွန်းလိုက်မိပါ။ ။

.....နှစ်သစ်ကူးတဲ့ ၊ တန်ခူးခါမှာ
ဒါနက တဝေေ၀၊ ရေတွေက တရွှဲရွှဲ
ပျော်ပွဲက တ၀င့်ဝင့်၊ ကဲလို့ သာ ဆင့်ရော့
အရွယ်သင့် အရွယ်ငယ်
မြန်မာတွေ ထယ်လိုက်ကြ ။ ။

ဘယ်မြေဟာ စေတီပေါမယ်လဲ့
ဘယ်ပြေဟာ အပျော်ကျောမယ်လဲ့
စိတ်ဇော မြန်ဗမာမှာဖြင့်
သံသရာ ဂရုထားသူမို့ 
ပါးလိုက်ကြ ပျော်ပျော်သာ
အခါက နှစ်ဆန်း။ ။

.....လကလဲရွှင်လန်း
ရွက်ဟောင်းကျကြွေ၊ ရွက်သစ်ကယ်ဝေ
လေပြေဖျန်းပြန်တော့
လွမ်းစရာပေါ့။.....။

ဥသြငယ်သာ
ပင်မြင့်မှာ သံဝါ၀ါနဲ့ 
သင်္ကြန်ခါ သူကညင်းလေတော့
မလေးမောင် သည်ရင်တွင်းဆီသို့ 
သီချင်း သူဝင်လာ၍
ဖြူစင်စွာ ဂူဆင်၍သာပါ့
အောင်းမေ့ရွှင်လန်း။ ။

...........................ဒီကဗျာကို၁၉၃၃ ကရေးဖွဲ့ ခဲတာပါ။
.............................................................
ကျူပင်

ဟိုဘက်ရွာ ဓနိတန်းနဲ့ 
တို့ ကမ်းက အုန်းညီနောင်
ချောင်းရေက ဖောင်။
ရေလယ်ခေါင် သောင်ပေါ်လို့ ထွန်း။
ရေပြင်မှာ ပက်လက်ကလေး
မှေးရှာတဲကျွန်း။

ကျွန်းသောင်ကို ဒီတိုးတော့
ကျူပင်ရိုး တစ်တိုင်နှစ်တိုင်
ယိမ်းခါလို့  ယိုင်။
နတ်ပူးတဲ့တိုင်၊ ယိုင်ပါပေ့လေး။
အုန်းယူခဲ့ဟေး၊ ထန်းယူခဲ့ဟေး။
ပုစဉ်းပျံ ဘယ်တိုင်ဖျားမှာ
နားရမယ်လေး။
.................၁၉၃၆ ကရေးဖွဲ့ ခဲ့တာပါ။
.......................................................
ဗေဒါလမ်း - ၁၀

ညိုပြာပြာ၊ လတာပြင့် ခြေရင်း။
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်း။

ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့ လာ။
အဆင်းနဲ့ အလာ၊ ဗေဒါမ အထွေး။
အုန်လက်ကြွေ သူ့ နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ။
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ။
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ။
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲ ထွက်လို့ လာ။
ဘဲ အုပ်က တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ။
အယက်အကန်ခံလို့ 
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျှက်ပဲ။
.........................................ဒီကဗျာကို၁၉၆၀ ကရေးဖွဲ့ ခဲ့တာပါ။
...................................................................................
ဗေဒါလမ် - ၁၃

အညာလှေ
အညာမြေ ကုန်ရောင်းဘို့ ၊ ဒီချောင်းမှာနား။
ထန်လျှက်ခဲရယ်နဲ့ 
ပဲမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား....တဲ့။

တံငါလှေ
တံငါမြေ ကုန်ရောင်းဘို့ ၊ ဒီချောင်းမှာနား။
ပုဇွန်ကျားရယ်နဲ့ 
ငါးမျိုးစုံ ကြုံလေခိုက်၊ ၀ယ်လိုက်ပါလား....တဲ့။

ကမ်းစပ်မှာ မြှောင်
အိုးဖောင် ကုန်ရောင်းဘို့ ၊ ဒီချောင်းမှာနား။
ရာဝင် အိုးရယ်နဲ့ 
အိုးမျိုးစုံ ကြုံလေခိုက် ၊ ၀ယ်လိုက်ပါလား....တဲ့။

ကမ်းစပ်မှာ မြှောင်
ဝါးဖောင် ကုန်ရောင်းဘို့ ၊ ဒီချောင်းမှာနား။
ခယင်ဝါ်း ရယ်နဲ့ 
ဝါးမျိုးစုံ ကြုံလေခိုက် ၊ ၀ယ်လိုက်ပါလား....တဲ့။

ဒီလမ်းက ပန်းဗေဒါ။
ဆန်ရေ စုန်ရေနဲ့ 
ထုံပေပေ သူမနား၊ သွားရခါခါ။
ပါ ပါစ ရောင်းစရာ၊ ပါရှာဘူ့  သူတို့ နဲ့ ။
အပြာမှာ အ၀ါကွက်ကယ်နဲ့ 
အတက်မှာ သူရွှင်ပျပေမယ့်
ကျလဲလေ သူမငြင်းရှာဘူ့ 
ဒီချောင်းရေ ကောက်ကစင်းမှာ
ဆိုင်ခင်းလျှက်ပဲ။
.........................ဒီကဗျာကို၁၉၆၀ ကရေးဖွဲ့ ခဲ့တာပါ။
..................................................................
ဗေဒါလမ်း - ၁၉

ပွင့်ဖူးတံ ချီ၊ ဗေဒါရီ တမိ။
ချောင်းတခွင် သူဆန်သွား၊ ချောင်းဖျား အထိ။

တရွာကိုကျော်၊ တခေါ်လောက် စခန်း။
မဗေဒါ ဆန်တဲ့ချောင်း၊ ကျောင်းနဲ့  နတ်လမ်း။

နတ်လမ်းက်ု ကျော်၊ တခေါ်လောက် စခန်း။
မဗေဒါ ယာဘက်ဘေး၊ တဲ လေးအိမ်တန်း။

လေးအိမ်ကို ကျော်၊ တခေါ်လောက် စခန်း။
မဗေဒါ မယ့်လက်ဝဲ၊ ကျွဲစားကျက် တန်း။

စားကျက်ကို ကျော်၊ တခေါ်လောက် စခန်း။
မဗေဒါ ၀ဲယာလိုက်၊ တော ဗျိုက်ဖြူတန်း။

ဗျိုက်တောကို ကျော်၊ တခေါ်လောက် စခန်း။
မဗေဒါ ပတ်ချာဝိုင်း၊ ကိုင်း မြက်ရှည်တန်း။

ရောက်ပြန်လျှင် ပျော်၊ ကျော်ပြန်တော့ သူလွမ်း။
ရောက်တိုင်း တပျော်ပျော်နဲ
ကျော်တိုင်းသာ သူ့ မှာလွမ်း
ချောင်း ဗေဒါလမ်း။
........................ဒီကဗျာကို ၁၉၆၀ ကရေးဖွဲ့ ခဲ့တာပါ။
...................................................................
ဗေဒါလမ်း - ၂၂

မတက်ရလျှင်တော့၊ တသက်ပါ့ မခံပေါင်.....တဲ့။
ကနစို တုံးတိုသစ်က၊ ကြွေးဟစ် ရန်ထောင်။
မနက်က အသေကောင်
သူတောင်မှ တက်နိုင်သေး။
ငါတုံးတို ကနစိုသားပေပါ့
ချောင်းဖျားကို ခါတခေါက်
ရောက်ရမယ်လေး.....တဲ့။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပါ့ ကျူရိုးရှင်။
ကနစို တုံးပျိုလှကို၊ နားချပါ ရှင်။
ဒီချောင်းကို ၀င်မိလျှင်၊ မထင်နဲ့  တခေါက်တဲ။
တက်တုံ သက်တုံနဲ့ 
တက်မကုန် သက်မစဲ၊ မောလောက်အောင်ပဲ။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပါ့ ကျူရိုးရှင်။
ကနစို တုံးပျိုလှကို၊ နားချပါ ရှင်။
ဒီချောင်းကို ၀င်မိလျှင်၊ တက်ချိန်တွင် ဆင်းနိုင်ပဲ။
ဆင်းချိန်မှာ တက်လိုလဲ၊ စောင့်ရ စမြဲ။

မနက်က တက်တဲ့ဒီ၊ မမီလိုက် လေလဲ။
ညဦးယံ ဒီပြန်တက်ပါလိမ့်
တက်စရာ ခက်ပါပဲ၊ ပန်းဗေဒါနဲ။
..............................
ဗေဒါလမ်း - ၂၉

သက်လာတဲ့ရေ၊ တောင်လေက ဖမ်း။
ရေပြင်မှာ လေ၀င်စိုင်း၊ လှိုင်းကြက်ခွပ် လမ်း။

ဒီလှိုင်းက လေသဟာ၊ ဗေဒါက ရေသမား။
ဗေဒါခင် စုန်ချင်အား၊ ဒီလှိုင်းက တား။

ဒုက္ခဟဲ့ မဗေဒါ။
လှိုင်းပုတ်ပြန် ဆုတ်ဟန်ပြ၊ ဆင်းရ သူ့ မှာ။
ဆုတ်ယင်းလဲ သူဆင်းလာ၊ မြင်ပါပေါ့ ပင်လယ်ဝ။
ရေစုန် လေဆန်မို့ 
ဗေဒါပျံ ကြံဖန်ရ၊ ချောင်း ဒီလောက။
...............................................၁၉၆၂ ကရေးဖွဲ့ ခဲ့တာပါ။
...............................................................................
ဗေဒါလမ်း - ၃၂

လမုပွင့် နီသန္တာ၊ လတာက ညိုချော။
လတာပြင် လမုတန်း၊ ကမ်းစပ်က တော။

ဒီလမ်းက ပန်းဗေဒါ။
နေထွက် နေ၀င်နဲ့ 
လတာပြင် လမုပါး၊ သွားရခါခါ။
လမုနဲ လတာသာ၊ ကျွမ်းရှာတဲ့ ဗေဒါမ။
လတာပြင် လမုတန်း၊ ပန်း မယ့်လောက။

အိုအချင်း ကျူရိုးတံ။
လမုစဉ် အနောက်နားက၊ ၀ါးခတ်တဲ့ ခြံ။
အုန်းခြံနဲ့  ဓနိခြံ၊ ကွမ်းသီးခြံ ပါတဲ့။
စုန်ဆန်ရာ ဗေဒါလမ်းက၊ ပန်းသိပါရဲ့ ။

ခြံနောက်မှာ ရွာရှိလျှင်။
ခြံနောက်ကွယ် လယ်ကိုသန်း၊ လမ်း ရွာဝ ၀င်။
ရွာသွားတဲ့ ရွာလမ်းစဉ်၊ ခွင်တခါ ခွေတလှဲ့ ။
စုန်ဆန်ရာ ဗေဒါလမ်းက၊ ပန်း သိပါရဲ့ ။
- Hide quoted text -

...............................................၁၉၆၂ ကရေးဖွဲ့ ခဲ့တာပါ။
..............................................................................


ပြောလိုက်ပါဘိ ဟောပါဘိ

☺ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်းဧ။်သက်လှယ် မင့်သားငယ်သည်
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။

☺သူသုံးနှစ်သား ဖော်ချင်းများနှင့်
အူယား ဖားယား
ကစားရာမှ နွားရုပ်ချ၍
နတ်ကျသည့်သွင် မင့်ရင်ခွင်သို့ 
ပြေးဝင်ပုန်လာ သူ့ မူရာကို
ငါမြင်ခဲ့ဧ။် မှတ်မိဧ။်။

☺မိုးကစိုစို ကျီးအုပ်ပြို၍
ထိုမှဤမှ တို့ လမ်းမတွင်
ပျံကြ၀ဲကြ ငရဲထသို့ 
အုံကြွမြည်အာ မသာယာကို
ငါကြားခဲ့ဧ။် မှတ်မိဧ။်။

☺ထိုနေ့ ၌ပင် ထိုချိန်ထင်ဧ။်
သခင်အောင်ဆန်း ပြည်သူ့ ပန်းသည်
ပွင့်လန်းခါစ ကြွေလိုက်ရဧ။်
မြေခသတင်း မိုးကြိုးခွင်းသို့ 
အိမ်တွင်းအိမ်ပြင် တို့ လမ်းခွင်၌
မချင်မရဲ ၀မ်းနဲခံခက်
မျက်စိမျက်နှာ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်းချိုင်းထိ။

☺ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်းဧ။်သားငယ် နှစ်ဆယ်သက်စစ်
သူတို့ ခေတ်၌
တိုင်းချစ်ပြည်ခင် မြတ်စေချင်ဧ။်
မင်းမြင်ငါကြား စကားဥဒါန်း
ဆန်းဧ။်သတ္တိ ဆန်းဧ။်သမာဓိ
ဆန်းဧ။်ပညာ ဆန်မှာဆုံပေါင်း
ယောက်ျားကောင်းတို့  ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။
.......................................၁၉၆၄ခုနှစ်မှာ ဆရာဇော်ဂျီ ရေးဖွဲ့ ခဲတာပါ။ဗေဒါလမ်း (၆) - ရဲခဲ့သည်ပါ့ (ဇော်ဂျီ)



မြစ်တန်းမှာတဲ့ လေကြမ်းဆင်။


ထန်လိုက်လေ လေမုန်တိုင်း၊ လှိုင်းကဘောင်ဘင်။


တလှိုင်းထွက် တလှိုင်းဝင်


ဗေဒါခင်ဖြစ်နဲ

ရေလှိုင်းဗလပွေနဲ့


မုန်တိုင်းလေ ရေတရိုးမှာ၊ စိုးရွံ့မှာပဲ။




မြစ်ရိုးမှာတဲ့ မိုးသက်ဆင်။


လျှပ်ကြိုးပျံ မိုးသံထစ်၊ မိုးစစ်ဘုရင်။


မိုးညစ်လို့ မြစ်မမြင်၊ ဗေဒါခင်ဖြစ်နဲ။


ရေလှိုင်းဗလပွေနဲ့


မိုးသက်လေ ရေတရိုးမှာ၊ စိုးရွံ့မှာပဲ။




စိုးမရွံ့တွန့်မတုံ။


မိုးနှင့်လေ ရေရှုပ်ထွေး၊ ရွေးမျှ မဖြုံ။


ဆန်လိုက်ပြန်တုံ ၊ စုန်လိုက်ပြန်ရ။


ခေါက်ပေါင်းမရေနိုင်လို့


ဗေဒါခိုင် သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့။ ။


ဇော်ဂျီ —



ကျမ်းကိုးစာရင်း
(ဆရာကြီးဇော်ဂျီ၏ စာပေများနှင့် ပတ်သက်ပြီ အကျယ်လေ့လာနိုင်ရန် လမ်းညွှန်)
၁။ ဇော်ဂျီ ဆရာဇော်ဂျီစာပေါင်းချုပ်၊ ပထမတွဲ၊ တင်ရွှေစာပေ။ (၁၉၉၃)
၂။ ဇော်ဂျီ ဆရာဇော်ဂျီစာပေါင်းချုပ်၊ ဒုတိယတွဲ၊ တင်ရွှေစာပေ၊ (၁၉၉၄)
၃။ ဇော်ဂျီ ဆရာဇော်ဂျီစာပေါင်းချုပ်၊ တတိယတွဲ၊တင်ရွှေစာပေ။(၁၉၉၄)
၎။ ဇော်ဂျီ ဇော်ဂျီကဗျာပေါင်းချုပ်သစ်၊ စပယ်ဦးစာပေ။ (၁၉၇၆)
၅။ ဇော်ဂျီ ရသစာပေအဖွင့်နှင့် နိဒါန်း၊ ရွှေအိုးစာပေ။ (၁၉၇၆)
၆။ ဒေါက်တာကျော်စိန် ဇော်ဋီကာ(ပထမတွဲ)၊ စာပေဗိမာန်။ (၁၉၉၇)
၇။ ဒေါက်တာကျော်စိန် ဇော်ဋီကာ(ဒုတိယတွဲ)စာပေဗိမာန်။ (၁၉၉၇)
၈။ ဒေါက်တာကျော်စိန် ဇော်ဋီကာ(တတိယတွဲ) စာပေဗိမာန် (၁၉၉၇)
၉။ မင်းယုဝေ ပထမမြန်မာများ၊ နှလုံးလှစာပေ၊ ၁၉၆၈
၁၀။ တိုက်စိုးနှင့်မင်းယုဝေ မြန်မာစာမိတ်ဖွဲ့(ပထမတွဲ)၊ ပုဂံစာအုပ်တိုက်၊ (၁၉၆၅)
၁၁။ တိုက်းစိုးနှင့် မင်းယုဝေ မြန်မာစာမိတ်ဖွဲ့(ဒုတိယတွဲ)ပုဂံ
စာအုပ်တိုက်၊ (၁၉၆၆)
၁၂။ စာရေးဆရာများ အမှတ်တရဇော်ဂျီ၊ ရွှေစာပေတိုက်၊ (၁၉၉၉)
၁၃။ စာရေးဆရာများ ဇော်ဂျီအမှတ်တရ စာစုများ၊ အားမာန်သစ်စာပေ၊ (၁၉၉၄)
၁၄။ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊မင်းသူဝဏ် သုံးပွင့်ဆိုင်ခေတ်စမ်းစာပေ။ ရှုမ၀ (၁၉၅၅)
၁၅။ ဇော်ဂျီ၊ မင်းသုဝဏ် ခရီးသည်၊ နှလုံးလှစာပေ။ (၁၉၆၅)
၁၆။ မလိခ မြန်မာစာပေ အဘိဓာန် (၁)၊ သစ်စာစာပေ (၁၉၇၄)
၁၇။ တက်ကသိုလ်ဝင်းမွန် ခေတ်သစ်ကဗျာမိတ်ဖွဲ့၊ စံပယ်ဦးစာပေ။ (၁၉၈၀)
၁၈။ စာပေဗိမာန် မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉၉၁) စာပေဗိမာန် (၁၉၉၁)

6 comments:

  1. ဟုတ် မမ မျှဝေမှုအတွက် ကျေးဇူးတင်ရပါတယ်ရှင် .....

    ReplyDelete
  2. ငယ်ကတည်းက ရင်းနှီးခဲ့ရတဲ့ ဗေဒါလမ်းတွေကို တစုတစည်းထဲ ပြန်ဖတ်လိုက်ရတော့
    ပြန်ငယ်သွားသလိုတောင် ခံစားရတယ်ဗျို့

    ချမ်းမြေ့ပါစေ
    ကိုကြည်နိုင်(ကျုံတိုင်းရွာ)

    ReplyDelete
  3. ရဝေရှင်ထွေးရဲ့ ကဗျာများကို ဖတ်ချင်တဲ့အတွက်ကြောင့် သူရဲ့ ကဗျာများ၇ှိရင် တင်ပေးစေချင်ပါတယ်ရှင် ခင်မင်စွာဖြင့်~~~~~~~~

    ReplyDelete
  4. အောင်ဆန်း တရား

    ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
    မင်း၏သားငယ်၊ မင့် သက်လှယ်ကို
    အဘယ်တရား ဟောမည်နည်း။

    ဆန်း၏ သတ္တိ၊ ဆန်း၏ သမာဓိ၊
    ဆန်း၏ ပညာဟောစရာ ကား၊
    အလွန်များ၏

    မင့်သား အရွယ်၊ သက် နှစ်ဆယ်တွင်
    လူငယ် အောင်ဆန်း၊ သူ့အစွမ်းကို
    ပန်းကောင်း တစ်ပွင့်၊ ပန်ဆင် တင့်သို့
    မင့်သား သိစေချင်လှ၏။

    သူ့အစွမ်းကား၊ အခြားမဟုတ်
    အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
    မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
    ဗန်းပြအလှ ပကာသနကို
    ပြာချလောင်မြိုက်၊ သူမီးတိုက်၏
    ခေတ်လိုက် ခါညီ၊ ခေတ်မီပညာ
    ကြုံရာ ဘ၀၊ မုတလုံလောက်၊
    ခံမြို့ဆောက်၏
    ထို့နောက်တစ်ဆင့်၊ မိုးထိ လွင့်အောင်
    ရိုးကျင့် မြင့်ကြံ၊ သူ့အလံ
    တည့်ပျံတလူလူ၊ သူထူခဲ့ကြောင်း
    ခေါင်းဆောင်သဘော၊ မင့် သားချောကို
    ပြောလိုက်ပါဘိ ဟောပါဘိ။

    ဆရာဇော်ဂျီ

    ReplyDelete
  5. ကျေးဇူးတင်ပါသည်ခင်ဗျာ

    ReplyDelete
  6. ကျေးဇူးတင်ပါတယ်

    ReplyDelete