Pages

Thursday, October 31, 2013

ငြိမ်းချမ်းပါစေ မြန်မာပြည် ပြိုင်ပွှဲဝင် ကဗျာ များ



ငြိမ်းချမ်းပါစေမြန်မာပြည် (၁)
အရှေ့ နေဝန်းကြီးတောက်ပခဲ့ တယ်
ဒါမျှော်လင့်ခြင်းရဲ့ ရောင်ခြည်ဦးပေါ့
ကိုယ့်မင်းကိုယ့်ချင်းနဲ့ တည်ရှိခဲ့သောမြန်မာပြည်ကား
ထွန်းလင်းတောက်ပမူ့ တွေနဲ့ 
အစဉ်လာကောင်းတွေထွန်းလင်းတောက်ပခဲ့ ပါပြီ
တိုင်းရင်းသားညီအကိုမောင်နှမများ
တူညီသောအနာဂါတ်တခုသို့ လှမ်းတက်ကြပါစို့ 
အစဉ်တိုးတက်လာမဲ့တို့ မြန်မာပြည်ကြီးအား
ငြိမ်းချမ်းသာယာသောကိုယ့်မိသားစုအိမ်သဖွယ်
ဝိုင်းဝန်းကာကြိုးစားပြီး
အာရှအလယ်မှာဂုဏ်ဝင့်ထည်အောင်
လုပ်ဆောင်ကြပါစို့ 
အနာဂါတ်အသစ်မှာငြိမ်းချမ်းသာယာသော
မြန်မာ ပြည်ကြီးအားအားလုံးအနေနဲ့ 
စည်းလုံးညီညွှတ်စွာအားဖြည့်ကြပါစို့ 
အားလုံးဟာတိုင်းပြည်ရဲ့ အင်အားတခုလို့ ယုံကြည်ထားရင်
ဒါမှမဟုတ်ကိုယ့်မြေကိုယ့်ရေလိုယုံကြည်ထားရင်
အားလုံးသည်မြန်မာပြည်ကြီးကို
ငြိမ်းချမ်းမှု့ ရှိနေတာကိုပဲမြင်ချင်ကြမှာပါ
ဒါကြောင့်ကျနော်ပြောချင်တာက
ငြိမ်းချမ်းသာယာသော
မြန်မာပြည်ကြီးအား
အစဉ်သဖြင့်လက်တွဲညီစွာစောင်ရှောက်ပြီး
တဖက်တလမ်းကဒီထက်ပိုပြီး
ငြိမ်းချမ်းအောင်လုပ်ဆောင်ကြပါစို့ 
ငြိမ်းချမ်းသာယာပြီး
တို့ မြန်မာပြည်ကြီး
ကမ္ဘာ့အလယ်မှာတင့်တယ်ပါစေ

ငြိမ်းချမ်းပါစေ မြန်မာပြည် (၂)

ကြေးနီတောင်ရဲ့
နှလုံးသားထဲ…
မျက်ရည်ယိုဗုံး
ထည့်လိုက်လို့
သွေးစိမ့်ခဲ့ဖူးတယ်။
ရှမ်းတောင်တန်းနဲ့
မိထ္တီလာကန်လည်း
ဘာသာတရား
အယူသီးမှုကြောင့်
သွေးပျက်ခဲ့ဖူးတယ်။
ဧရာဝတီဟာလည်း
ပြည်သူ့ဆန္ဒနဲ့အညီ
သွေးစိမ်းများ…
စီးဆင်းရင်း
သပိတ်မှောက်နေပြန်ပြီ။
မေမေ…
လွှတ်ပေးလိုက်တဲ့
ချိုးငှက်လေးကလည်း
ကောင်းကင်ထက် ပျံဝဲရင်း
အိမ်တွင်းသူခိုးတွေကြောင့်
တောင်ပံကျိုးနေလေပြီ။
ဘာပဲဖြစ်ဖြစ်ပေါ့
မေမေရယ်…
ပြည်သူတစ်ရက်လုံးကတော့
မေမေ နဲ့ထပ်တူ
ချိုးငှက်လေး…
တောင်ပံဖြန့် နိုင်ဖို့
တောင်းဆုပြုနေကြပါတယ်။

ငြိမ်းချမ်းပါစေ မြန်မာပြည် (၃)
ဇာနည်သွေးအောင်၊သူရဲကောင်းတို့ 
လမ်းဟောင်းတွေဖျောက်၊လမ်းသစ်ဖောက်လျှက် ရှေ့ လျှောက်မည့် လမ်း၊ရွှေရောင်လွှမ်းနေ
ဖြောင့် တန်းစေလည်း။။။
ခေတ်လူတို့ များ၊မလျှောက်အားပဲ ဖောက်ပြားပွေလီ၊မာနချီလျှက် သူသည်ကိုယ့် တွက်၊ဆူးတစ်ခက်လို့  ချိုးဖဲ့ စိတ်ကြံ၊ကိုယ်ကောင်းစံဖို့  ခိုက်ရန်တွေပွား၊မုန်းမာန်ထားရင်း သူ့ ကိုကိုယ်ရိုက်၊သူပြန်ကိုက်လို့  အမိုက်တွေပြိုင်၊ဘယ်သူနိုင်လဲ အပြိုင်ခဲမှ၊ရောက်မည်တဲ့ လား?? ပြန်စဉ်းစားပေါ့ ။။။ ဒေသသီးသီး၊ပြည်နယ်ကြီးဟု ခွဲပြီးမခြား၊ဒို့ သွေးသားတို့  ငါတို့ ပြည်ရွှာ၊ငြိမ်းချမ်းသာဖို့  သူ့ မှာတာဝန်၊ငါ့ တာဝန်လို့  စေကျွန်ပိုင်းထား၊မခွဲခြားပဲ ဇွဲအားစိတ်တူ၊ညာဏ်လည်းကူလို့  ဒို့ တူကျိုးစား၊ဆက်လျှောက်သွားက စိတ်မွန်ထိပ်တန်း၊ပြည့် ကာစွမ်းလျှက် ငြိမ်းချမ်းစေမည်မြန်မာပြည်


ငြိမ်းချမ်းပါစေ မြန်မာပြည် (၄)
တိုးတက်၍လာ၊ဒီကမ္ဘာမှာ
.သာယာဖွယ်ရာ၊ငြိမ်းအေးသာသည့် 
.နိုင်ငံတစ်ခု၊အတည်ပြုဖို
.တုံးတွေ့ ရင်တိုက်၊ကျားလိုကိုက်လို့ 
ကိုယ့် သွေးကိုယ့် သား၊ပြန်လုစားမှ
တိုးတက်စေမှာမဟုတ်ပါ၊သာယာစေမှာမသေချာ။

.ရှေ့ ကဦးဆောင်၊ပြည့် ဥသျှောင်ကား
ရည်ရွှယ်ချက်ကောင်း၊စိတ်လည်းကောင်းနဲ့ 
နောက်နေသည့် အား၊ပြည်သူများလည်း
စည်းကမ်းတွေလှ၊နာခံကြရင်
ငြိမ်းချမ်းစေမည်မှန်ပေသည်။

ခုဆိုကြည့် လေ
နှစ်ပေါက်ခံတွင်း၊စားသည့် မြင်းတွေ
ချင်းချင်းတုပြိုင်၊မယှဉ်နိုင်လို့ 
ယိုင်ယိုင်လဲလဲ၊မြိုင်ရပ်ထဲကို
နွမ်းလျှတုန်ရီ၊၀င်သွားပြီလေ။။

တောနေမြို့ နေ၊ပြည်သူတွေလည်း
မျက်တောင်မခတ်၊နားကိုလှပ်လျှက်
ပြည့် ရပ်ပြည့် ချေ၊သတင်းတွေကို
စောင့် မျှော်ရှု့ စား၊ဝေဖန်အားပြီ..လမ်းပွင့် ပြီလေ။

အဝေးရောက်နေ၊ပြည်ချစ်တွေလည်း
အမိမြေပန်း၊ရေကြည်စမ်းကို
နမ်းဖို့ စိတ်ရည်၊ပြန်ခဲ့ ပြီလေ ။

ရေ.ယာလုပ်သား၊ပြည်သူများတို့ 
အားထားတည်ရာ၊မြစ်ဧရာတောင်
သမိုင်းမဖြောင့် ၊ကောက်သေးတာပဲ
ကျင့် ပျက်ချစား၊တချို့ များတော့ 
လက်ချိုးလို့ ရှာ..နဲနဲပါ။။။

ပေး.ယူ.လာဘ်စား၊ထိုသူများကို
အမြစ်ကဖြတ်၊ရပ်တန့် စေမယ်..
သူယုတ်ပကင်း၊ပြိုင်ဆိုင်ခြင်းမဲ့ 
တရားဖက်လို့ ၊အားတတ်စေမယ်....
ငြိမ်းချမ်းသာယာ၊ပြည်မြန်မာဟု
ကမ္ဘာရပ်ရပ်မော်ကွန်းကပ်ဖို့ 
များလှ`သွေးသား၊ပြည်ထောင်ဖွားတို့ 
ကိုယ်စီဝန်တမ်း၊ငြိမ်းအေးချမ်းသည့် 
နိုင်ငံသစ်ဆီ၊အားနှင့် တည်မယ် ...
ရန်ဘေးဟူသမျှ၊တကွတွန်းလှန်
အားစွတ်မာန်လွတ်၊ဒို့ ညီညွတ်မယ်...
ဒို့ ဖိုးဒို့ ဘ၊လက်ထက်ကတိုင်
ထားခဲ့ အမွှေ၊မယုတ်စေပဲ
ဒို့ တွေကျိုးပမ်း၊တာဝန်ထမ်းရင်း..ငြိမ်းချမ်းစေမယ်...
♥♥မေတ္တာချစ်ချင်း၊ရနံ့ သင်းလျှက်
ကမ္ဘာ့ အလယ်၊ဂုဏ်တင့် တယ်လို့ 
စစ်မက်မပွားဆန်စပါးလည်း
ပေါများဝေစည်မြန်မာပြည်ဟု
တူပြိုင်သံပေး၊သီဆိုကြွေးရင်း
ညီနောင်သွေးသား၊စွမ်းပကားကြောင့် 
ငြိမ်းချမ်းပါစေမြန်မာပြည်
ငြိမ်းချမ်းပါစေမြန်မာပြည်
ငြိမ်းချမ်းပါစေမြန်မာပြည်။။။


ငြိမ်းချမ်းပါစေ မြန်မာပြည် (၅)
ကမ္ဘာမှာ
ရွှေနိုင်ငံလို့အမည်တွင်တဲ့
အမိနိုင်ငံတော်ကြီးမှာ
ကချင် ကယား ကရင် ချင်း
မွန် ဗမာ ရခိုင် ရှမ်း
တိုင်းရင်းသားတွေ
ညီရင်းအကို မောင်ရင်းနှမ
ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး
နေထိုင်လာတာ
ဘိုးဘွားစဉ်ဆက်တည်းကပါ
ကမ္ဘာမှာ ထေရ၀ါဒဗုဒ္ဓဘာသာ
အထွန်းကားဆုံး နိုင်ငံဟာ
အမိမြန်မာနိုင်ငံတော်ကြီးပါ
ဗုဒ္ဓဘာသာထွန်းကားပြီး
ဗုဒ္ဓရဲ့တရားတွေကို လက်ကိုင်ထားကာ
ဗြဟ္မစိုရ်တရားတွေပျက်စီးနေတာလည်း
အမိမြန်မာနိုင်ငံကြီးပါပဲ။
မောင်နှမသားချင်း အချင်းချင်း
စိတ်ဝမ်းကွဲပြီး ရန်ဖြစ်နေတာ
တကယ်တော့ ရှက်ဖို့ကောင်းလွန်းပါတယ်
တစ်ဦးကိုတစ်ဦး မေတ္တာရှေ့ထားပြီး
အကြင်နာလက်တွေနဲ့
ထွေးပွေ့ထားသင့်ပါပြီ။
အိမ်ထဲမှာရှိနေတဲ့ မောင်နှမတွေကို
အိမ်အပြင်ကိုမောင်းထုတ်ပြီး
အကျင့်စရိုက်မတူညီတဲ့
ဒူးမနာသားတွေကိုများ မွေးစားချင်နေတာလား
အိမ်ထဲကညီငယ်ညီမတွေကိုနှိပ်စက်
အားနည်းသူကို အနိုင်ကျင့်တာ
စိတ်ဓာတ်မရင့်ကျက်သူတွေရဲ့ လုပ်ရပ်ပါ။
မြန်မာဆိုတဲ့ စိတ်ထားဖြူစင်မှု
သဘောထားကောင်းပြီးစာနာနားလည်တတ်တဲ့
စိတ်ဓာတ်တွေကိုပြသနိုင်ဖို့
အချိန်ကျရုံတင်မဟုတ်ဘူး
လွန်တောင်လွန်နေပါပြီ။
အနာဂတ်ရဲ့မျိုးဆက်သစ်တွေလည်း
ပညာသင်ဖို့နေနေသာသာ
စားရမဲ့ သောက်ရမဲ့ နေစရာမဲ့တဲ့
ဘ၀တွေကိုရောက်နေပါပြီ။
အားလုံးအေးအတူပူအမျှနဲ့
အမိရင်ခွင်အောက်က သားသမီးတွေလို
အေးချမ်းစွားဖြင့် ဘ၀ကိုဖြတ်သန်းချင်လှပါပြီ။
အမေ့ရင်ခွင်ထဲမှာ အေးချမ်းစွာနဲ့
စားသောက်နိုင်ပေမယ့်
အခုတော့ သူများပေးကမ်းလှူဒါန်းမှ
စားနေရတဲ့ဘ၀တွေကိုရောက်နေပါပြီ။
အမေ့ရင်ခွင်နဲ့ ကိုယ့်အိမ်ရဲ့အမိုးအောက်က
အေးအေးချမ်းချမ်း ထွက်ခွာသွားရရင်တောင်
ဘယ်လောက်ခံစားရမလဲဆိုတာ
အမေ့အိမ်နဲ့ ခွဲခွာဖူးတဲ့သူတိုင်း သိကြလို့
အားလုံးကိုယ်ချင်းစာနာနိုင်ကြမှာပါ။
အမိမြန်မာပြည်မှာတောက်လောင်နေတဲ့
လောဘမီး ဒေါသမီး မောဟမီးတွေ
အမြန်ဆုံးငြိမ်းကြပါစေ။
ကျီးလန့်စာစား စားနေရတဲ့ဘ၀မှလွတ်ကင်းပြီး
အေးအေးချမ်းချမ်း စားသောက်ရတဲ့
အချိန်ကိုပြန်လည်ရောက်ရှိပါစေ။
လယ်ယာ ကိုင်းလုပ် တောင်ယာ ဓါးမခုတ်တဲ့ဘ၀တွေကို
အေးချမ်းစွာနဲ့ပြန်လုပ်နိုင်ကြပါစေ။
အရင်လိုပဲ တိုင်းရင်းသားညီအကိုမောင်နှမတွေ
ပြန်လည်ပြီးခိုင်မာစွာ လက်တွဲကြပါစို့။
ငြိမ်းချမ်းရေးနှင့်အတူ အေးချမ်းသာယာပြီး
စည်ပင်ဝပြောတဲ့ အမိနိုင်ငံတော်သစ်ဆီသို့
အတူတကွ လက်တွဲပြီးလှမ်းလိုက်ကြပါစို့။
အမိမြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းခြင်းတွေရရှိပါစေသောဝ်။
အမိမြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းခြင်းတွေရရှိပါစေသောဝ်။
အမိမြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းခြင်းတွေရရှိပါစေသောဝ်။



ငိမ်းချမ်းပါစေ မြန်မာပြည် (၆)
အဆုံးအမမှာ.နှလုံးလှတဲ့..မြန်မာတွေ .ယဉ်ကျေးမှု့ အမွေဆန်းတွေနဲ့  .လန်းဆမ်းဖြာဝေ။ . .ချိုးငှက်ကလေး..ဇာနည်ဆွေ .ငြိမ်းအေးဖို့ လေ .ရွှေမြန်မာ..ပြည်ရွှာထက်ကို .၀ဲယှတ်ပျံနေ။ . .မိမရှိလို့ ဖဝေးနေ ခုက္ခထွေထွေ .မာန်တလွဲစစ်ပွဲတွေကြောင့်  .ဘယ်နေရာဘယ်သူပျောက် .ပပျောက်ပါစေ။ . .သွေးမကွဲ.ဘေးမကျဲလက်တွေ .ခိုင်မြဲလို့ ဘေးကင်းစေ..သွေးချင်းတို့ ရေ.. .အားနွဲ့ တဲ့ သူကိုလေ..အားကူလို့ တို့ ဖေး.. .ပြည့် ရန်စွယ်သာသနာဖျတ်ကို .တိုက်ထုတ်မနှေး။ . .နောင်လာမည့် မျိုးဆတ်တွေနဲ့  .တိုးတတ်လို့ ခေတ်မှီ .စည်းလုံးချင်းနဲ့ မြန်မာပြည်..ငြိမ်းချမ်းစေမည်။ . .အားဝင့် လို့ မာန်တွေချီ .ပြည်ဌာနီဘယ်မဝေး .အောင်ပန်းရွှတ်ပန်းတိုင်ထက်ကို .လှမ်းတတ်စို့ လေး။။ ။။


ငြိမ်းချမ်းပါစေ မြန်မာပြည် (၇)

မုဆိုးတစ်ယောက်အတွက်
သားကောင်တွေရဲ့မျက်ရည်ဆိုတာ
မြှားချက်အောက်ရောက်ရှိလာမဲ့ ဟက်ဟက်ပက်ပက်ဟာသတစ်ပုဒ်။

မတုန်လှုပ်ကြေး မကြောက်ရွံ့ကြေး ဒူးမထောက်ကြေး
မျက်စိကိုမှိတ် လောလောဆယ်တော့ အိပ်လိုက်ပါ ကလေးရယ်
မနက်ဖြန်ဆိုတာ ကိုယ်မပိုင်တဲ့ ကိုယ့်ရဲ့အနာဂတ်လေ။

မှောင်နေတဲ့တိမ်တစ်စုလား မီးခိုးတစ်မှိုင်းပျံဝဲနေတာလား မသိတော့တဲ့
ကောင်းကင်ကလည်း မူပိုင်ရောင်ပျောက်လို့
စာအံသံတွေက ဘုရားစာကိုပြောင်းရွတ်လို့
ရုတ်ရုတ်သဲသဲ ထိတ်ထိတ်ပျာပျာ ကစားနည်းကိုရင်ခွင်မှာပိုက်ရင်း အိပ်လို့။

အို အေးအေး တိတ်ပါ တိတ်ပါကွယ်
စစ်ရဲ့ရမ္မက် သားကောင်/သားကောင်းလေးတွေရယ်။
အလင်းပျောက်နေတဲ့ ပတ်ဝန်းကျင်ကိုငေးပြီး မရှိုက်ပါနဲ့
မငိုပါနဲ့ မအော်ကြပါနဲ့
ညစ်နွမ်းနေတဲ့ ကျောင်းဝတ်စုံလေးတွေကို ငုံ့ကြည့်ပြီး
မီးလျှံတွေကို သွေးနဲ့မခြယ်သနေကြပါနဲ့

တခိုက်ခိုက်ထွက်ကျနေတဲ့ လူ့အခွင့်အရေးတောင်းဆိုသံတွေက
တုန်လို့ ယင်လို့ အရှိန်ပျော့ကျသွားလို့
ဝေးနေဆဲမို့

ပြီးသွားမှာပါ ပြီးသွားမှာပါ ပြီးသွားတော့မှာပါ

ပြီးသွားမယ်လို့ပြောနေရင်းကပဲ
မျက်စိရှေ့မှာ မုန်တိုင်းသံတွေက ကျယ်ကျယ်လောင်လောင် မြည်ဟည်းနေဆဲ
တစ်ယောက်ပြီးတစ်ယောက် ရွာရဲ့ရင်ခွင်ထဲကလျော့ကျသွားမြဲ
မမြုပ်နှံပေးနိုင်သေးတဲ့ အသေဆိုးခြင်း/အသေစောခြင်းတွေက ပြန့်ကျဲလို့

ဒီရွာလေးမှာ အမည်ဖော်ရခက်တဲ့ ယင်ကောင်တွေများလွန်းနေခဲ့ပြန်ပြီ။


ငြိမ်းချမ်းပါစေ မြန်မာပြည် (၈)
လိပ်ပြာတစ်ကောင်ရဲ့...
အတောင်ပံခတ်သံကိုကြားခြင်ရင်
လိပ်ပြာနားကိုကပ်ရလိမ့်မယ်..အမေ
ဒီလိုပါပဲ..ပြည်သူတွေရဲ့..ရင်ထဲကအပူလိုင်းတွေကိုခံစားကြည့်ခြင်ရင်
ခဏလောက်ဖြစ်ဖြစ်..ကျေးဇူးပြုပြီး
ရင်ဘတ်နားမှာခေတ္တလောက်ခံစားပေးပါလား...ဟင်
အမေရယ်......အခုအမေပြောတဲ့..လူနည်းစုတွေက
သားတို့ပြည်ကြီးကို..သိမ်းပိုက်ဖို့..ကြံရွယ်နေတယ်အမေ...
သားတို့လဲ..သခင်ဖြစ်လျက်နဲ့..ကျွန်လိုကျင့်နေရတာတွေကို
ကြည့်နေလျက်တာလား..( ဒါမှမဟုတ် )
မမြင်ခြင်ယောင်ဆောင်နေခဲ့တာလားဟင်..?
အမေ့ကျေးဇူးဟာ..သားတို့..အပေါ်မှာများခဲ့သလို
သားတို့..ကျေးဇူးလဲ..အမေမကင်းပါဘူး..
လက်ရှိအမေတို့စားနေတဲ့..ထမင်းဟင်းတွေက
သားတို့ရဲ့ချွေးပေါက်လေးတွေပါ
အမေတို့..၀တ်ဆင်ထားတဲ့စိန်..ရွှေ..ငွေတွေကလဲ
သားတို့ရဲ့..ရင်ခွင်ကနေအသွင်ပြောင်းကျလာတဲ့..
ဝမ်းနည်းမျက်ရည်စက်လေးတွေပါ..အမေ
ခေတ္တလေးပါ...ခဏလေးပါ...အမေရယ်
ငါသိတယ်..ငါတတ်တယ်..ငါက..ဗိုလ်ချုပ်ရဲ့သမီးဆိုတဲ့..မာန..နဲ့
ငြိမ်းချမ်းရေးနိုဘယ်ဆု..ဆိုတဲ့ဂုဏ်သိက္ခာတွေကို
ခဏလောက်...ဘေးနားချထားပြီး
ကိုယ့်ကိုကိုယ်...တိုင်းရင်းသားတစ်ယောက်အဖြစ်နဲ့သူတို့တွေဘ၀ကို
ခံစားကြည့်ပါလား...ဟင်
အမေ..မြင်ရလိမ့်မယ်..ငိုငြီးနေတဲ့သူတွေကို
အမေ..ကြားရလိမ့်မယ်..ငိုရှိုက်နေတဲ့အသံတွေကို
တောင်းဆိုနေတာမဟုတ်ပါဘူး..တောင်းပန်နေတာပါ..အမေ
နားလည်အောင်ပြောနေတာမဟုတ်ပါဘူး..
သိပါစေဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ပါ..
အမေရယ်..တကယ်တမ်းတော့သားနဲ့..
ပြည်သူလူထုတွေအားလုံးရဲ့
ဆန္ဒဟာထပ်တူထပ်မျှ..
ဒီပြည်ကြီးနဲ့ဒီသာသနာတော်တိုးပွားစေခြင်တာဟာ..
သားတို့ရဲ့ရင်ထဲကအနက်ရှိုင်းဆုံးသစ္စာတရားပါ...အမေ


ငြိမ်းချမ်းပါစေ မြန်မာပြည် (၉)
တို့ပြည်ထောင်စုသား( သီချင်း )

ကချင်၊ကယား၊ကရင်၊ချင်း ၊ဗမာ ၊ မွန် ၊ရခိုင် ၊ရှမ်း တို့တတွေ+++++ပြည်ထောင်စုသားတိုင်းရင်းသားမို့
ညီအကိုမောင်နှတတွေ+++++သွေးစည်းကာသာလေ....ညီညွတ်ချစ်ခင်မလေ+++
အးအတူပူအမျှ အတူတကွ....မူအရလက်တွဲကြမယ်လေ.....။

လာလာလေ++++လာကြပြီဟေ+++ရေမြေတောအနှံ့ကတို့ညီအကိုတတွေ.....
ရပ်ဝေးကဆွေ၊ရပ်နီးကဆွေ စုပေါင်းညီညာစေ....ညီအစ်ကိုတတွေ....ညီညာစေ။

ငြိမ်းချမ်းပါစေမြန်မာပြည်

၁၉၄၇ ဖေဖေါ်ဝါရီ တစ်ဆယ့်နှစ်
ပြည်သူ့အချစ်ပန်းဦးအောင်ဆန်းနဲ့
တောင်တန်းကတိုင်းရင်းသား
အများစုရဲ့ကိုယ်စားလှယ်တွေ
အမြင်ခြင်းဖလှယ် မေတ္တာနွယ်ယှက်
ရှမ်းပြည်နယ် ပင်လုံမှာစာချုပ်
ငြိမ်းချမ်းရေးအတွက်အုတ်မြစ်
မေတ္တာစစ်နဲ့တည်ခဲ့တယ်
ကျွန်ဘဝကမလွန်ရနိုင်သေးခင်
ကြိုတင်ကာစီမံချက်ဆွဲ
တောင်တန်းပြည်မလက်တွဲမှ
ဒေါင်းလိုလှမည့်မြန်မာပြည်
အနာဂါတ်မှာဝေစည်မယ်...။

၁၉၄၈ လွတ်လပ်ရေးအစစ်ရခဲ့
အားနည်းချက်နဲ့ဖွဲ့စည်းပုံ
တိုင်းရင်းသားဘဝတွေမလုံခြုံပြန်တော့
ရောင်စုံသူပုန်တွေဖြစ်
ချစ်ကြည်တဲ့စိတ်တွေကွဲ
လက်နက်တွေဆွဲကိုင်
သူနိုင်ကိုယ်နိုင်အပြိုင်တိုက်ကြ
ကျခဲ့တဲ့သွေးတွေ
ဧရာဝတီသက်သေရှိတယ်...။

သွေးနဲ့ရောတဲ့မျက်ရည်
စတေးခဲ့ကြအသက်တွေ
ခုထိလည်းမစဲနိုင်ကြပေ
အဖေနဲ့အမေ ဇနီးနဲ့သားသမီး
တူဝရီး အကိုကြီးနှမ
ညီငယ် ညီမငယ်တွေဘဝ
အကျည်းတန် အထီးကျန်ခဲ့ကြတယ်
ခေါင်းဆောင်တွေအမြင်ကွဲတော့
လက်အောက်လူသေပွဲဝင်
မြေဇာပင်ပြည်သူဖြစ်
ဒီအဖြစ်ကနာကျင်စရာပါ...။

လူအရိုးစုပလ္လင်ထက်ကလူတွေ
ပြည်သူတွေကိုစာနာလှည့်ပါ
စိတ်တူလို့ ကြည်ဖြူကြလျင်
ငြိမ်းချမ်းရေးချိုးကူသံ
ဘဝဂ်ကိုလျှံကာထွက်
လက်နက်ကိုင်ဆွဲ စစ်ပွဲတွေရပ်ကြလေ
အပြစ်တွေသင်ပုန်းချေလို့
စစ်တလင်းမြေထဲ
မေတ္တာပန်းတွေကြဲကြမယ်
ပြည်သူတွေနဲ့နွှဲလို့ပျော်ကြမယ်။

ပြည်တွင်းစစ်ဖြစ်ကြတဲ့အခါ
သူလည်းနာ ကိုယ်လည်းနာ
မြေဇာပင်ပြည်သူတွေဘဝ
ဝမ်းမဝခါးမလှ
ပညာတွေဆုတ်ယုတ်တန်ခိုးနုတ်
ဇီဝိန်တွေပြုတ် ဥစ္စာယုတ်လျှော့
ဇာတိနယ်ကိုစွန့်ပယ်
တိုင်းတပါးဝယ် ဒုက္ခသည်အမည်သစ်ရ
ခေတ်သစ်သူတောင်းစားလည်းဖြစ်ရ
လူနေမှုတွေနိမ့်ကျ ကျန်းမာကြဖို့မမြင်
သခင်တစ်ဖြစ်လဲ ကျွန်စစ်စစ်တွေဖြစ်ခဲ့တယ်...။

စစ်ဆိုသည့်အသံကိုကြားမိလျင်
ရေကိုပင် စစ်မသောက်ချင်
စစ်ပင်ကိုမြင်လျင်မျက်မုန်းကျိုး
မျက်စောင်းထိုးလို့ပင်မကြည့်ချင်
သည်စစ်ကို ခင်မင်ကြသူတွေ
ပြည်သူ့ဘဝတွေကိုညှာတာ
မေတ္တာ ကရုဏာထားလို့
ငြိမ်းချမ်းရေးကိုမုဒိတာပွား
စစ်ပွဲများကိုဥပေက္ခာထားပေးပါ...။

အခွင့်အခါကြုံကြသည့်အခိုက်
သမိုင်းမှတ်တိုင်စိုက်ကြပါ
တိုင်းပြည်ကိုစစ်နဲ့မထူထောင်
မေတ္တာစစ်နဲ့သာထူထေင်စေချင်
ပြည်သူတွေရဲ့ကယ်တင်ရှင်ဟာ
စစ်ပွဲဆင်နေသူတွေကိုယ်တိုင်မို့
လက်တွဲကာအဖြေရှာ
ငြိမ်းချမ်းရေးစားပွဲမှာ
ညီညာစွာအဖြေရလျင်ဖြင့်
ဒီပြည်မြန်မာသာယာဝေစည်
ငြိမ်းချမ်းပါစေ မြန်မာပြည်....။


ငြိမ်းချမ်းပါစေ မြန်မာပြည် (၁၀)
မတူညီတဲ့ သ ဘောထား တွေ
ထပ်တူမကျတဲ့ ဆန္ဒ တွေနဲ့
သွေးထိုးလှုံ့ ဆော်မှု တွေ ဖန်တီး
အဖျက်အ မှောင့် တွေ လုပ်
ဘယ်လိုပဲ ကြုံ တွေ့ နေပါ စေ
အခက်အခဲ တွေကြားက ရုန်းထွက် ရင်း
လိုက် လျော အ လျှော့ ပေးမှု တွေနဲ့အတူ
အခုဆို ရင်...
တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့
အပစ်အခဲ ရပ်စဲခဲ့ကြသလို
"လက်နက်နဲ့ငြိမ်းချမ်း ရေး" လဲလှယ်ခဲ့ကြပြီ ။
လွပ်လပ်ပြီး စည်းကမ်းပြည့်ဝတဲ့
ဒီမိုက ရေစီလမ်း ကြောင်းကို တည် ဆောက် ရင်း
နှစ် ပေါင်းများစွာ နလံမထူနိုင် ခဲ့ ပဲ
နိုင် ငံတကာ စီးပွား ရေးပိတ်ဆို့ခံ ရတာ တွေ
အ ကြွေးပင် လယ်မှာ နစ်မြုပ်ခဲ့ ရတာ တွေဟာ
အခုချိန်မှာ ရပ်တန့် ပစ်နိုင် ခဲ့သလို
နိုင် ငံတကာနဲ့ ချစ်ကြည် ရင်းနှီးမှု တွေတိုးလို့
ကမ္ဘာ့အလယ်မှာ မျက်နှာပွင့်လန်းနိုင် ခဲ့ပြီ ။
ရွေး ကောက်ပွဲက နေ တင် မြှောက်ခဲ့တဲ့
အစိုး ရနဲ့လွှတ် တော် (၃) ရပ်ကို မဏ္ဍိုင် ပြုပြီး
ပြည်သူ့အသံ လွှတ် တော်အသံ
ပြည်သူ့ဆန္ဒ လွှတ် တော်ဆန္ဒ မို့
ပြည်သူ တွေ ရဲ့ သ ဘောထားမှန်ကို
လွှတ် တော်မှာအတည်ပြု မဲခွဲဆုံးဖြတ်လို့
ပြည်သူ တွေ ရဲ့ ရင် ထဲမှာ ဝမ်းသာပီတိ ကျေနပ်ခဲ့ကြပြီ ။
ဆင်း ရဲမှုပ ပျောက် ရေး စီမံချက် တွေနဲ့
အောက် ခြေအဆင့်ထိ ကွင်းဆင်း ဆောင် ရွက်ခဲ့လို့
အ ခြေခံလူတန်းစား တွေ ရဲ့ ဘဝမှာ
အပြုံးပန်း တွေ ဝေဆာ ဘဝ မော တွေ ပြေခဲ့ကြပြီ ။
နိုင် ငံတကာစီးပွား ရေး မြုပ် နှံမှု တွေနဲ့
ကုမ္ပဏီအသင်းအဖွဲ့ တွေ ထူ ထောင် ပြုလုပ် စေပြီး
လူတိုင်းအလုပ်ခွင် မှာ လုပ်ကိုင်ခွင့် ရရှိ စေလို့
အလုပ်လက်မဲ့ပြဿနာ တွေ ဖြေ ရှင်းနိုင်ခဲ့ပြီ ။
လျှပ်စစ်မီးနဲ့ အလှမ်းကွာ ဝေးတဲ့ ဒေသ တွေ
ကျေး ရွာမီးလင်း ရေး ဆောင် ရွက် စေတာမို့
ကျေးလက် နေပြည်သူ တွေ မြို့ပြ ကြီး တွေလို
လူ နေမှုအဆင့်အတန်း တွေ မြင့် စေခဲ့ပြီ ။
လူတိုင်းဖုန်းကိုင် နိုင် ပြီး ဆက်သွယ်မှုလွယ်ကူ စေဖို့
၁၅၀၀ိ/-ဖုန်းနဲ့ အင် တာနက်ခွင့်ပြုခဲ့လို့
ပြည်သူ တွေဗဟုသုတ တိုး စေခဲ့ပြီ ။
ပညာ ရေး ကျောင်း ဆောင်သစ် တွေ
နေ ရာအနှံ့ တိုးချဲ့ ဆောင် ရွက် ရင်း
မူလတန်းအခမဲ့ ပညာသင် ကြား ရေးမူ ပြောင်းလို့
လူတိုင်းစာတတ် မြောက်ဖို့ အခွင့်သာ စေခဲ့ပြီ ။
အ ပြောင်းအလဲ တွေကြားက အမိမြန်မာပြည်ကြီး
တမဟုတ်ချင်း နတ် ရေကန်ထဲချလိုက်သလို
အမှိုက်ပုံထဲမှာပွင့်တဲ့ ကုမုဒြာကြာပန်းလို
တင့်တယ်လှပ ဂုဏ်ယူစ ရာ ကောင်း စေခဲ့ပြီ ။
အတိတ်ကမ ပြေလည်တာ တွေ မေ့ ဖျောက်ပြီး
တိုင်း ရင်းသား ကျေး ရွာ ညီအစ်ကိုအားလုံး
ချစ်ခင် ရင်းနှီး ပျော် ရွှင် စွာလက်တွဲ ရင်း
အိမ် ရှင် မြန်မာပြည် ရဲ့ 2013 Sea Game ပွဲ တော်မှာ
သန်း ၅၀ ကျော် မြန်မာပြည်သူပြည်သားများ
နိုင် ငံ တော်သီချင်းကို မိုးဟိန်းတတ်လျှံသံပြိုင် သီဆို လို့
အနာဂါတ်မြန်မာပြည် ရဲ့ လှပတဲ့ နေ့သစ် တွေကို
ငြိမ်းချမ်းပါ စေ မြန်မာပြည် ဟု
ထပ်တူဆန္ဒ တွေ ဆု တောင်း ခြွေ ရင်း
မြန်မာအ ပေါင်းတို့ ပျော် ရွှင် သာယာကြည်နူး စေချင် မိပြီ ။ ။


ငြိမ်းချမ်းပါစေ မြန်မာပြည် (၁၁)
နွားကွဲလျှင် ကျားဆွဲ
စကားပုံထုံး နှလုံးမူ
စည်းလုံးနေတဲ့ တို့မြန်ပြည်
ကျူးကျော်သူတွေ တို့မြေကို အတင်းဝင်ရောက်
တို့ မြေမှာနေ တို့ ဆန်ကိုစား
တို့ရေကိုသောက် တို့ လေကိုရှူ
တို့အမျိုးကို စော်ကား
ဒီအဖြစ်ဆိုးထက် ရင်နာစရာ
ရှိပါရဲ့လား ရှာမှရှားတယ်။

ခုဆိုလျှင် ဝင်လာတဲ့ အမျိုးဖျက်တွေကြောင့်
အမျိုးကောင်းသမီးတွေ ဒုက္ခပင်လယ်ဝေ
မိဘတွေ စိတ်မအေးနိုင်
ပူပန်မှုကို ပိုင်ဆိုင်ရ
သောကတွေ ဝေနေရပေါ့
ရတက်ပွေရ ရွှေမြန်မာတွေ
ဘယ်သူ့ကို အဖေခေါ်
ကယ်တင်မည့် သူကိုမျှော်
အားကိုးစရာ ဘိုးတော်မရှိ။

လူဆိုတာကိုယ့်ထိမှ မချိအောင်နာတတ်
သူတပါးခံစားရတာ စာနာမှုမရှိ
ဥပေက္ခာပြုကာ သွေးအေးစွာနေနိုင်တယ်
လက်ရှိခံစားရသူ နှလုံးသား
စိတ်ဒဏ်ရာဗရပွနှင့် နေမည့်အတူ
သေမင်းကို အောင်လံထူခိုင်းတာကောင်းမယ်
ရွေးချယ်စရာ လမ်းကမရှိ
မြွေပွေးကိုခါးပိုက် ပိုက်မိသလို
ဆုပ်မိလည်းစူး စားလည်းရူး
ပဒိုင်းသီးကို ခူးမိသလိုပါ။

ငြိမ်းချမ်းမှာကို ဦးထိပ်ထား
တို့တိုင်းရင်းသားညီအကို မောင်နှမများရဲ့
မျှော်လင့်ချက်ရောင်နီ ဘယ်ချိန်ဆီသန်းပါလိမ့်။
မျှော်လင့်ရင်းနောက်ဆုတ် မိုးချုပ်တော့မှာလား
အတွေးကများ ရင်လေးရစိတ်ပူ
ငြိမ်းချမ်းမှု မူကိုလ အမြန်မြင်ချင်လှပါပေ၊
တို့ညီအကို မောင်နှမတတွေ
စည်းလုံး ချစ်ခင်ကြစေ၊
ကျားဝင်ဆွဲလျှင် ဓားပြင်ကာမောင်းထုတ်
ကျားယုတ်ရဲ့အစား မခံစားရစေချင်။

စည်းလုံးညီညာ ကြပါလျှင်
မြန်ပြည်တခွင် ရောင်နီဝင်းပ
အလင်းသစ်ရဲ့ ဘဝစစ်ကိုရမယ်
ဘာသာတရားတွေ စုပေါင်း
ဝိုင်းဝန်းကာ ဆုတောင်းကြစို့လေ၊
တို့တွေနေတဲ့ မြန်မာပြည်
( ငြိမ်းချမ်းမှုတွေ အမြန်ရရှိပါစေ)
တို့တွေဆုတောင်းရင်း လက်ချင်းဆက်ကြစို့လေ၊
(တို့ချစ်တဲ့အမိမြေ ထာဝရငြိမ်းချမ်းပါစေ)၃


ငြိမ်းချမ်းပါစေ မြန်မာပြည် (၁၂)
စစ်ထဲမှာ ခေတ်ဟာ မျောခဲ့ တိုင်း
သမိုင်း ကို ဘယ်ကမ်း တင်တင်
ရေလိုက် ငါးလိုက် ပစ်မချ ချင်ဘူး ။

အပြစ်မဲ့ သပိတ်လွယ် ငှက်ကလေးတွေ
အဝေး ကို မျှော်ရင်း ငေးရင်း ၊
မိဆုံ ဘဆုံ ဖြစ်ဖို့ ဆိုတာ
သစ်စိမ်းကိုင်းလေးသာ အိုလာခဲ့ သလို ။

ကိုယ့် အရိုး ကို ကိုယ်ပြန် ချိုး ၊
ကိုယ့် အနာတွေကိုယ်ပြန်စွ နေကြတော့
ကိုယ် အဘိဓ္ဓာ ထဲ ကိုယ်ပဲ
အခါခါ နစ်မြုပ်နေခဲ့ ကြဖူးပြီ ။

မလိုချင်တော့ဘူး စစ် ကို
မငိုချင်တော့ပါဘူး မနက်ဖြန်တိုင်းကို ။

အဓိပ္ပါယ်တွေ ကိုယ်စီ နဲ့
အိပ်မက်တိုင်းကို သပ်ပုံမှန်ချင်လွန်းလှတယ် ။
ကိုယ့်အက္ခရာတွေ ကိုယ်ပြန်ပိုက်ပြီး
ကိုယ့်အဘိဓါန်လေး ရောင်စုံဆေးချယ်ချင်မိတယ် ။

ရာဇဝင် ကို ထမ်းတင် နိုင် ဖို့ အတွက်
နှလုံးသား တိုင်း
ရေလိုအေးလို့ ပန်းလိုလန်းစေချင်ပါတယ် မြန်မာပြည်ရယ် ။


ငြိမ်းချမ်းပါစေ မြန်မာပြည် (၁၃)
မြန်မာ
ခမ်းနားတဲ့ အစဉ်အလာကို
နှလုံးသားမှာကမ္ဗည်းထိုးထားတဲ့နာမည်။
မြန်မာ
ဂုဏ်သိက္ခာတင့်လန်းလို့
ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနဲ့ ၀င့်ထည်တဲ့ နာမည်။
မြန်မာ
သတ္တိ၊ သွေးသစ္စာနဲ့အရိုးကို စည်းရိုးထိုး
မျိုးရိုးဇာတိမာန် ထက်သန်တဲ့နာမည်။
မြန်မာဆိုတာ
သွေးမြေကျပြီး ဒဏ်ရာဆန်ခါပေါက်ပါစေ
ခေါင်းမညွတ် ဒူးမထောက်တဲ့ လူမျိုး
နယ်ချဲ့စစ်ဆိုး သုံးကြိမ်မှာကျည်ဆန်ကိုဓားနဲ့ခုခံခဲ့တယ်။
မြန်မာ့မြေကို တစ်လက်မမှအထိမခံ
အင်္ဂလိပ်နဲ့ဂျပန်ကိုမြေဖြိုတိုက်ပွဲဝင်
လွတ်လပ်ရေးနဲ့ အောင်ပွဲဆင်ခဲ့တယ်။
နယ်ချဲ့အမွေအနှစ်
ပြည်တွင်းစစ်ဘေးရန်ကြောင့်
ငြိမ်းချမ်းရေး အစစ်အမှန်ကို ခုံမင်တဲ့ မြန်မာ
စစ်မီးလျံအိပ်မက်ဆိုးမှာ
အသွေးအသားနဲ့ အသက်တွေကိုစတေးရတယ်။
နွေးထွေးတဲ့မိသားစုနဲ့ချစ်ခြင်းမေတ္တာတွေကို ဆုံးရှုံးရတယ်။
မိဘမဲ့ကလေးနဲ့ တစ်ခြမ်းပဲ့ ဘ၀တွေ ပေါ်ထွန်းရတယ်။
ဒါကြောင့်
စုစည်းပေါင်းဖက်မှုတွေလက်တွဲညီလို့
မြန်မာ့ဒီမိုကရေစီခရီးလမ်းမမှာ
စစ်ပွဲနဲ့အကြမ်းဖက်မှုတွေကျဆုံးလို့
ငြိမ်းချမ်းရေးပန်းခင်းတွေ ပွင့်လန်းပါစေ။
သေနတ်သံတွေ၊ ဗုံးသံတွေ တိတ်လို့
ငြိမ်းချမ်းရေးတေးသံနဲ့ချိုးငှက်ကူသံတွေ ပျံလွင့်ပါစေ။
ငြိမ်းချမ်းပါစေ မြန်မာပြည်။
တောင်းဆု ညီညာသည်။


ငြိမ်းချမ်းပါစေ မြန်မာပြည် (၁၄)
ပြည်ထောင်စုဖွား သွေးချင်းသားတို့
ကူးလူးပျော်ရာ မြန်ပြည်သာမှာ
သွေးသားဆွေချင်း မျိုးသည်ရင်းတို့
ခိုက်ရန်ဖြစ်ပွါး အညှိုးများနှင့်
စစ်မက်ဖြစ်ပွါး ပြည်သူများလျှင်
အစားဆင်းရဲ အနေမွဲလို့
အိုးအိမ်ကိုပစ် ထားရစ်ခဲ့ပြီ၊
အသားရောင်ကွဲ လူမည်းများနှင့်
ခုတုံးဘာသာ ကိုယ်ကျိုးရှာလို့
ပဋိပက္ခ ဖြစ်ခဲ့ကြပြီ၊
သာသနာပိုင် မဏ္ဏိုင်တို့လည်း
ဖမ်းဆီးခံရ သွေးမြေကျပြီ၊
အနိတ္ထာရုံဘ၀ တွေ့မြင်ခဲ့ရ
သူတို့အဖို့ ကောင်းဖို့ထွက်မူ
ကျေးဇူးရှင်များ လယ်သမားတို့
လယ်သိမ်းခံရ ငတ်ပြတ်ကြသည်
လျော့စားတစ်နပ် ကြွေးဆပ်ရပြီ၊

မည်သူမည်မျှ မကောင်းကြလည်း
ကျုပ်တို့ဦးဆောင် လူ့ပြည်ဘောင်မှာ
အဓမ္မပယ်ရှင်း အမှောင်ခွင်းလို့
အလင်းကိုဆောင် ဓမ္မရောင်ကြောင့်
လူအချင်းချင်း ရိုင်းပင်းကြလို့
သင့်မြတ်ပါစေ မြန်မာပြည်
တိုးတက်ပါစေ မြန်မာပြည်
သာယာပါစေ မြန်မာပြည်
ငြိမ်းချမ်းပါစေ မြန်မာပြည်။



ငြိမ်းချမ်းပါစေ မြန်မာပြည်(၁၅)
(၁)
သတ်ကွင်းမှာ
ကွဲထွက်လွဲပြဲ ကျိုးကြေရိုက်နှက်
ဘယ်ဇာတ်မှ ခင်းမပြပါနဲ့တော့...
ကျွန်တော်တို့ အသက်၀၀ရှူချင်တယ်။
(၂)
သမိုင်းမှာ အနာဖေးခွာလိုက်တိုင်း
အမာရွတ်လို
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေကြတာ
ရာဇ၀င်အနက်ကြီး
ရိုင်း,ရိုင်းလွန်းလှတော့
နာ,နာလွန်းလှတယ်။
(၃)
“ဒိုင်း...”ပဲဖြစ်ဖြစ်
“စွပ်...”ပဲဖြစ်ဖြစ်
“ဖောင်း...”ပဲဖြစ်ဖြစ်
သေမင်းခေါ်သံဆို
ဘာဆို ဘာမှ မကြားလိုတော့ဘူး။
(၄)
လူ့အသက်တစ်ချောင်းဟာ
အငြိုးအမုန်းတွေကြား ပျောက်သွားရှာရ
“ကောင်းလား...”
“လူ့အဖြစ် ရခဲ၏” ဆိုတာ
ဘုရားဟောလည်း ရှိတာပဲ။
(၅)
မေတ္တာတရားက မြေမြိုသွားတာလား
ချစ်သောမျက်စိတွေ ကန်းကုန်ကြလို့လား
တစ်ယောက်ကိုတစ်ယောက် သတ်မှတော့...
နောက်ဆုံးကျန်မှာ အခွံချည်းပဲ။
(၆)
အဲ့ဒီအချိန်
လူ့အသိဥာဏ်လည်း မီးလောင်
စားဝတ်နေရေးလည်း ပြာဖြစ်
ပညာရေး၊ ကျန်းမာရေး၊ လူမူရေး
တိုးတက်ရေး
အားလုံး,အားလုံး
မြင်မြင်သမျှ ပြာ ပြာ ပြာ
လူတွေ ပြာနေရပြီ
ပြားနေရပြီ
ဘာ,ကောင်းသလဲ။
(၇)
ဒါကြောင့်
မည်းရာမှ အဖြူ
အသေမှ အရှင်
မီးတောက်မှ ရေစင်
ပြာတွေကနေ ပန်းပွင့်အောင်
ငြိမ်းချမ်းရေးကို စိုက်ပါ
ငြိမ်းချမ်းရေးကို ပျိုးပါ
ငြိမ်းချမ်းရေးကို ထူထောင်ပါ။
(၈)
လိုတယ်
တစ်ဦးတစ်ယောက်ကစ ငြိမ်းချမ်းဖို့လိုတယ်
လိုတယ်
တစ်ပြည်လုံးကစ ငြိမ်းချမ်းဖို့လိုတယ်
လိုတယ်
တစ်ကမ္ဘာလုံးကစ ငြိမ်းချမ်းဖို့လိုတယ်
လိုတယ်
စကြာဝဠာကြီးလည်း မကျန်
အလင်းတွေ မြန်ပြည်တစ်ဝှမ်း လွှမ်းဖို့
အလင်းတွေ ကမ္ဘာတစ်ဝှမ်း လွှမ်းဖို့
အလင်းတွေ,အလင်းတွေ.အလင်းတွေ
ပြောမကုန်နိုင်အောင် လွှမ်းဖို့
ငြိမ်းချမ်းရေး လိုကိုလိုပါတယ်
ငြိမ်းချမ်းရေး လိုကိုလိုအပ်တယ်
ငြိမ်းချမ်းရေးက အားလုံးတောင်းရမယ့် ဆုပဲ။
(၉)
(သံပြိုင်ဆုတောင်း)
“ငြိမ်းချမ်းပါစေ... မြန်မာပြည်...”
“ငြိမ်းချမ်းပါစေ... ကမ္ဘာမြေ...”
“ငြိမ်းချမ်းပါစေ... စကြာဝဠာကြီး...”
အတူတူ
အားလုံး ဒီရေကို သောက်ချင်နေကြတဲ့ဆန္ဒ
မြန်မြန်တိုက်ကျွေးဖို့သာ အလိုအပ်ဆုံးကွယ် ။ ။



ငြိမ်းချမ်းပါစေ မြန်မာပြည် (၁၆)
တစ်ရှစ်ရှစ်ငါး၊ မင်းတရားမှာ
သူ့များလက်အောက်၊ ကျွန်ဖြစ်ရောက်လို့
ခေတ်နောက်ကျစွာ၊ နေရကြာညောင်း
နှစ်ဟာတစ်ရာ စွန်းခဲ့၏ …။
ဥပမာထား၊ ပြောဆိုများအံ့
တို့များပြည်ရွာ၊ တို့ပြည်မှာကွယ်
ချိန်ခါတစ်နေ့၊ သမိုင်းတွေ့မည်
မမေ့ခုတိုင် ရှိခဲ့သည် …။
ပင်လုံမျိုးစေ့ ၊ တို့မမေ့သင့်
ယနေ့မြင်ယောင်၊ စုပေါင်းဆောင်တော့
ရန်အောင်ကာထား၊ တိုင်းရင်းသားတို့
စိတ်အားမညစ် ခဲ့ရပေ …။
စည်းလုံးညီညာ၊ အောင်ကြောင်းဖြာကာ
နောက်မှာမဆုတ်၊ တို့ဗိုလ်ချုပ်ကြောင့်
အချုပ်အခြာ၊ တည်မြဲရှာသော်
မြန်မာပြည်ကြီး အေးချမ်းသည် …။
ဝုန်းဒိုင်းဆူညံ၊ အမြောက်သံနှင့်
လွင့်ပျံမီးပွား၊ ဗုံးဆံများထဲ
ကြောက်အားကြောင့်ငို၊ ကျည်ဆန်ကြိုကြား
ညဥ့်အိုမှောင်မည်း အကြိမ်ကြိမ်…။
တိုင်းပြည်တွင်းတွင်၊ ရန်ပွဲဆင်စ
နေ့စဉ်ညဆက်၊ ဒေါသဖက်များ
မိုက်ဖက်လားနေ၊ စော်ကားလေသူ
တို့မြေရန်သူ နှင်ထုတ်သင့် …။
ပြည်တွင်းမှာဆူ၊ တောကပူလောင်
ငြူစူတောင်ကြား၊ ကမ်းဆောင်များငို
လွမ်းအားဆိုတေး၊ ချိုးငယ်လေးလည်း
ဘယ်ပြေးလေသည် မသိပြီ …။
မြစ်ဧရာသည်၊ မိုးရာသီရောက်
ရေကြည်သောက်မြဲ၊ မည်းနောက်ဆဲမို့
ရင်ထဲသို့ဆူ၊ စိတ်တို့ပူဆွေး
ငါတို့တွေးမိ၊ ထိုဘေးသိကာ
မချိရှာလည်း ကြည့်ကာမြဲသာနေရ၏ …။
အသက်ခန္ဓာ၊ ဖက်၏ညှာသို့
အနာမသိ၊ ဇောကပ်ညှိကာ
သတိလွတ်ကင်း၊ ပြိုင်ဆိုင်ခြင်းကို
နေ့ချင်းညချင်း ရပ်သင့်ပြီ …။
ညီညာပေါင်းစု၊ ပြည့်အားစု၍
ကောင်းမှုညီစေ၊ ငါတို့မြေအား
ရန်ပြေစိတ်ထား၊ အားလုံးထားကာ
ငြိမ်းချမ်းပါစေ မြန်မာတွေ ငါတို့မြန်မာပြည် …။


ငြိမ်းချမ်းပါစေ မြန်မာပြည် (၁၇)
သခင်မျိုးတဲ့
ရင်ကျိုးစရာ ၊ ကိုယ့်မြန်မာချင်း
ညီနောင်ရင်းတွေ ၊ အချေတင်ဖြစ်
မြေပြင်စစ်တိုက် ၊ ထိခိုက်ကျိုးကြေ
တစ်ချို့သေကွဲ ၊ ရှင်ကွဲတစ်ချို့
ရင်ထဲစို့နာ ၊ ပုစ္ဆာကျန်ရစ်
မေးမှဖြစ်မည် ။
အသင်သတ်လို့
ရင်ဘတ်မှာသွေး ၊ နီစွေးပွက်ထ
လဲကျနေသူ ၊ သင့်ရန်သူ လို့
အသင်မှတ်ယူပါသလား ။
သွားကြည့်စမ်းပါ ...
အဲဒါသင့်ညီ ၊ ဒီပြည်ထောင်ဖွား
ညီနောင်သားလေ ။

မသိလေလား
အနားကပ်ကြည့် ၊ ရဲသည့်မာန်သွေး
အနီစွေးမှ ၊ အရေးပြောင်ဝင်း
အရောင်လင်းတယ် ..
အဲဒါ .. အမှောင်ခွင်းမယ့် မြန်မာ့သွေး ..။
စဉ်းစားပါလေ
မြန်မာတွေချင်း ၊ အလျဉ်းမသင့်
ငြင်းခွင့်ခါကြုံ ၊ တို့ငြင်းရုံပေါ့
သွေးတော့မစွန်းကြစေနဲ့ ။
စဉ်းစားစမ်းပါ
ကိုယ့်မြန်မာချင်း ၊ ရှင်းခွင့်ကြုံခိုက်
ဦးတိုက်ဆွေးနွေး ၊ ကူညီဖေးပေါ့
တစ်ကျော့မရ ၊ တစ်ကျော့ကြကျေ
ဆင်မပြေလား
ခုများ ရင်စို့ နာရသည် ။

အဖြစ်အပျက်
စစ်ဖက်သမျှ ၊ ဒေါသမာန်ထွေး
ထန်တဲ့သွေးကို ၊ ဖြေးဖြေးပြန်ချ
ဒေါသပြန်ဖြေ ၊ တို့တတွေက
ခွဲခြားမဖြစ်
ခေတ်တခေတ်ရဲ့
သစ်သစ်သမိုင်း ပြယုဂ်တွေ ။

ဒီတော့ ..........
တို့ညီကိုများ
တစ်ယောက်မှားရင်
ထောက်ထားပြင်စို့
တစ်ယောက်လွန်တော့
ဝန်ကိုမျှထမ်း ၊ အတူလှမ်းစို့
ငြိမ်းချမ်းဖို့သာ ၊ ကိုယ့်ပြည်ရွာကို
ညီညာရှေးရှူ ၊ ယခုကစ
လက်နက်ချ၍ ၊ ကျရာတာဝန်
ကျေပွန်စွာထမ်း ၊ တို့ပြည်လမ်းကြောင်း
ကောင်းထက်ကောင်းအောင်
ကြံဆောင်တွေးဆ
တည်ထောင်ကြမယ်
ပြည်ထောင်လှလို့ စိမ်းလန်းစေ .....
ဒီမောင်နှမတို့ ငြိမ်းချမ်းစေ ...........။


ငြိမ်းချမ်းပါစေ မြန်မာပြည် (၁၈)
အမေ..
တစ်ချိန်တုံးဆီက အတိတ်ဖြစ်ရပ်
မှတ်တမ်းတစ်ခုအဖြစ်ရင်ထဲမှာစွဲလို့
ဒီကဗျာပွဲတော်လေးထဲ
သမီးလည်း ၀င်နွဲပါရစေ။

အမေ့ရင်ခွင် မီးဟုန်းဟုန်းတောက်စဉ်ကာလ
ပရဟိတစိတ်နဲ့ လူတွေကိုကယ်ရင်း
သ္မီးယိုးဒယားနယ်စပ်ကိုဖြတ်
ခွေးကတုတ်ကိုကျော်
လှေငယ်ကိုအဖော်ပြုလို့..၀မ်ခခရှီးသို့ 
ရောက်ခဲ့ တယ်။

ခရီးစဉ်အစ
ယောရူဝပုံနှယ်
သခွါး ဖရုံ ဗူး ငြုပ်
ကိုင်းပင်ချုံပုပ် တွေရဲ့အလယ်
၁၉နှစ်ရွယ်အကြီး ၁၃နှစ်လောက်အငယ်
အမေ့ရင်ခွင်ခိုမှီနေတဲ့ 
ခလေးအရွယ်လူမမယ်တွေလဲ
တွေ့ ခဲ့ တယ်။


ကိုးကွယ်အားထားရာ ဘုန်းကြီးကျောင်းကိုရောက်
ဓနိမိုးထရံကာ ကျည်ပေါက်ဘလပွနဲ့
အမိုးထုတ်ခြင်းပေါက်ကိုလဲ
တွေ့ ခဲ့ တယ်။

အလယ်ကြောမှာတော့ စိတ်ဖြေသာခဲ့
အေးမြဖွယ်ရာ စေတနာမျိုးနဲ့
အမိုးလက်ရာ လက်ဖက်ရည်ကိုလဲ
သောက်ခဲ့ တယ်။

ဆက်ကာ သွားပြန်တော့
တဲပုတ် တဲစုတ်သစ်ရွက်အကာ
အပေါ်ဗလာ ရေလဲသာသာအ၀တ်ပုဆိုးနဲ့
စနစ်ဆိုးရဲ့သားကောင်
ဦးလေ မောင် အကို အရွယ် အထပ်ထပ်
ခြေပြတ် လက်ပြတ်တွေလည်း
တွေ့ ခဲ့ တယ်။

ကျောင်းသူဘ၀နဲ့ တောထဲရောက်
သောကတွေဝေမှောင်
ရှေ့ခရီး ယောင်တောင်တောင်နဲ့
အိမ်ထောင်သည်ဘ၀ရောက်
သူ့လက်အောက်က
ပုခက်တွင်းကခလေးငယ်
သနားစဖွယ်ကိုလည်း
တွေ့ ခဲ့ တယ်။

မြစ်ကမ်းနား ရောက်ပြန်ပြီ
နှစ်ဘက်ကျည်သင့်ကာခံရလို့
မြစ်ချောင်းမှာမျောသွား
ပိုင်ရှင်မဲ့ အလောင်းများကြောင့်
လောက်တဖွားဖွားနဲ့ အပုတ်နံ့ တွေလည်း
ရေထဲမှာ အနံ့မပျောက်သေးတာ
တွေ့ခဲ့ရတယ်။

ရုံးချုပ်ကို အပြန်
ငါးပိရည်ပန်းကန် ချဉ်ပေါင်ရွက်ဟင်း
ဆီအလျင်းမပါ သခွါးတို့ နဲ့ 
နီစို့စို့ ပြောင်းဆန်ထမင်းလဲ
စားခဲ့ တယ်။

အဲဒီလိုများ ခုပြန်မြင်ရင်
စိတ်အစဉ်မှာ မသက်သာလှ
သမီးရင်တွင်းက မျှော်လင့်ချက်အပြည့်နဲ့ 
မြန်မာပြည်ကြီးကို ငြိမ်းချမ်းစေချင်
ကောင်းမွန်တဲ့စိတ်အစဉ် ရင်ထဲရည်စူးလို့
ဒေါင်းတွန်ကျူးသံလွှတ်လိုက်ပြီ….
ငြိမ်းချမ်းပါစေမြန်မာပြည်
ငြိမ်းချမ်းပါစေမြန်မာပြည်
ငြိမ်းချမ်းပါစေမြန်မာပြည်။


ငြိမ်းချမ်းပါစေ မြန်မာပြည် (၁၉)

စွမ်းအင်ရဖို့အတွက် အကြောင်းပြလို့
မြစ်ဆုံဝ မှ အစတည် ဧရာဝတီကိုပိတ်
လက်သိပ်ထိုးသဘောတူညီမှု့နဲ့ နီကယ်တောင်ကိုဖြိုခွင်း
ချင်းတွင်းဘေးက လက်ပံတောင်း ကိုလည်းဖောက်
အမိမြန်ပြည် ကျောက်ကပ်ကနေ ကြေးနီရဖို့
ရဟန်းရှင်လူ ပြည်သူရဲ့ သွေးနီကိုခင်း
အမယ်မင်း….. အမေ့သားငယ်တွေ စားဖို့ ဘာကျန်သေးလည်းအမေ။

သူတို့လည်းအမေ့သား ၊ သားတို့ကလည်း အမေ့သား
ပြန်လမ်းဆီမျှော်ရည်ငေးမောလို့ ဆန်ကြမ်းနီချဉ်ပေါင်ရေဟင်းတစ်ခွက်နဲ့
နတ်သမီးအိမ်မက်ကို မက်လုံးခင်း
တစ်သက်လုံးဒီထမင်းဟင်းကို အတင်းမျိုနေရတဲ့သားငယ်တို့ဘဝ
ဆားနယ်ခံရတဲ့ ငါးငယ်ပမာ ၊ ရှင်လည်းမရှင် ပုပ်လည်း မပုပ်
ငုတ်တုတ်မေ့နေရတာ ကြာပါပြီ။

ရွှေတိဂုံအလှူခံပုံးကို လေလံတင် ၊ မဟာမုနိရွှေရင်ကိုဖောက်
အမျိုးပျောက်မှာလည်းအမှု့မထား ၊ သူတို့ကောင်းစားဖို့အတွက်ပဲမို့
ငရဲကိုလည်းမကြောက်….. ၊ ကောက်ချက်ချကြည့်ပါဦးအမေ။

စိမ်းလမ်းစိုပြေနေတဲ့ သဘာဝသစ်တောဘေး
ပုဒ်မ တစ်လေးလေး ထုတ်လို့ သူတို့ဘာလုပ်ကြပြန်ပြီလည်း
သကြားစက်ရုံလောင်စာရဖို့အရေး ၊ ထင်းမီးသွေးကို ခိုးထုတ်
အမေ့အပေါ် ဂုတ်သွေးစုတ်လို့ လောဘဖက်
ဟင်းရွက်လက်တစ်ဆုပ် ရဖို့တောင် မလွယ်တော့တဲ့
တောထဲနေ သားငယ်တို့ဘ၀ ပြန်ကြည့်ပါ့အမေရယ်
စက်ရုံကအလျှံပယ်ပစ်ချလိုက်တဲ့ အညစ်အကြေး တသီကြီးက
ဧရာဝတီ ခမျာ ညစ်ပတ်ခံရပြန်သေး
အမေ့ကိုယ်စား ရင်လေးရပြန်ပါတယ်အမေ။

ယဉ်ကျေးမှု့အမွေအနှစ်ကို မထိန်းသိမ်းတဲ့ အပြင်
သဘာဝပတ်ဝန်းကျင်ကိုလည်း မစောင့်ရှောက်တော့
သစ်တောပျောက်လို့ ကုန်းပြောင်ပြောင်
မိုးခေါင်လို့ ရေမကျန်တဲ့ နေရာ မျိုးနဲ့
ပျိုးထောင်လို့ မရအောင် ရေလျှံတဲ့နေရာဆိုးတွေ ကြည့်လို့
ကံတရားကိုပဲ ယိုးမယ်ဖွဲ့ရတော့မလိုဖြစ်နေပြီအမေ။

လူနေမှု့အဆင့် ပီပြင်ဖို့အတွက် တီထွင်ကြမယ်ဆို
တို့ဘိုးဘေးတွေ အမြဲသုံးနှုံးနေကျ ၊ တုံးလုံးစာဆိုတာ အတွက် မခက်ခဲဘူး
ယူရေနီယံ လက်တစ်ဆစ်စာနဲ့ မြို့ပြကြီးတစ်ခုလုံးမီးလင်းစေတဲ့ခေတ်မှာ
တို့ရွာမှာတော့ မိုးရွာရင်မီးပျက်မယ်ဟေ့ ဆိုတဲ့စကားက
အဖေအမေ လက်ထက်ကတည်းက ကျန်ခဲ့တဲ့စကား။

ပူတဲ့သူတွေက ပူ ၊ အူတဲ့ သူတွေက အူ လို့ သားတို့က လိုက်ဆူပြန်ရင်လည်း
အမေ့ခမျာ လိမ်ဖယ်လိမ်ဖယ် သွားနေရတဲ့ အချိန်
အိမ်နှစ်ဆယ်ခေါင်းသူကြီးက မနေသာလို့ အရေးယူပြန်ရင်
ဗုံးတန်ချိန် မြောက်မြားစွာနဲ့ အမေ့ကို ချောက်ချားစေဦးမှာလေ။

သားတို့အဖြစ်က
ကိုးဆယ့်ခြောက်ပါးသော ရောဂါတွေကို
မျိုးဆက်ပျောက်သွားမတတ် ခံစားနေရစဉ်
ရှင်ချင်လျှက်နဲ့ အသက်ပါသွားမှာစိုးလို့
ပါးဟက်များတောင် ပွင့်ပွင့် မဟရဲတော့တဲ့
ရေနည်းငါးကလေး လိုပါပဲ အမေ။

နောက်ခေတ် တက်လူတွေရယ် …
ဆက်ကုပေးပါ ဆိုပြန်တော့လည်း
မနက်ဖြန်ဆိုတာ မြင်ချင်သေးရင် အရင်ဆေးပဲ ဆက်စား …. တဲ့။
ကဲ… ဘယ်လိုလုပ်ရမလည်း။

ငြိမ်းချမ်းချင်တယ်အမေရယ်
ကမ္ဘာမီးလောင်ရင် မြီးတံတိုကြောင်ကြီးတွေက
အဆီကိုစားလို့ အသားကိုမြိုကြဦးမှာ
သားတို့ရဲ့ မိုးကောင်းကင်အိမ်မက်တွေ တကျော့ပြန်ပြီး
ပိုးထိုးလို့ လောက်ကိုက်ကုန်မှာ စိုးတယ် အမေ။

ခေတ်အဆက်ဆက်မော်ကြွားခဲ့တဲ့အမေ့ရင်ခွင်ဟာ
တူယှဉ်ကာ ကောက်ကျစ်တဲ့လူတွေကြောင့် ယူချင်စရာမရှိတော့လောက်အောင်
အချဉ်ပေါက်လို့ ညစ်ပတ်ကုန်ကြပြီအမေ။

အသံကြောင် ဟစ်ကြွေးလို့ ငါတို့ပြုပြင်မယ်ဆိုတဲ့သူတွေလည်း
အဆံချောင် ညစ်ထေးလို့ တစ်ချို့ဆို ပစ်ပြေးကုန်ကြပြီ။

လက်ရှိအချိန် ပဒေသာသီးပွင့် ချီးမြှင့်လစာတွေနဲ့ ယစ်မူး
အပြစ်ကျူးလို့ ကျူးမှန်းမသိတဲ့ အမေ့သားကြီးတွေ….
သူတို့လုပ်ရပ်တွေကလည်း အရင်လိုပြန်ခင်း
အသိချင်းမို့ လို့ အကြည့်ချင်းညှိ
သိတတ်မှု့ဆိုတဲ့ အပြုအမူကိုတွယ်မက်
မြှူဆွယ် မြှောက်ပင့် စကားလုံးတွေနဲ့မိန်းမောခိုက်
မကြိုက်စကားကြားယုံနဲ့ အပြစ်တွေငြိ
ညှိလေရာနေရာတိုင်း မိလေရာဝိုင်းဖဲ့
နှုတ်ခမ်းပဲ့ချင်းမီးမှုတ်လို့ ကလိန်ငြမ်းဆင်
အောင်မြင်မှု့နဲ့ ငွေကြေးကို တလွဲအခြေပြုလို့
ဒုစရိုက်လုပ်ဖို့ စွပ်ပေးတဲ့ မျက်နှာဖုံးအဖြစ်သုံး
ဒီငတုံးတွေကိုလည်း ရှင်းထုတ်ဖို့လိုပြီအမေ။

ဂလိုဘယ်လိုက်ဇေးရှင်း အင်တာနက်ခေတ်မှာ
လူကောင်းဖြစ်သူတွေက ဆင်းရဲမွဲတေလို့ နောက်တန်းရောက်
ဗွေဖောက်တဲ့ ကလိန်ကကျစ်လူယုတ်မာတွေက ရှေ့တန်းမှာ
ကံဆိုတာကြီးက ဖေးမနေတော့လည်း အဟုတ်ထင်
ဘုရားသခင် သက်တော်ထင်ရှားရှိသေးရင်
လျှောက်တင်လိုက်ချင်ပါရဲ့အမေ။

အခုဆိုရင်တော့ အပြန်အလှန်တူယှဉ်လို့
မှန်ကန်ဖြူစင်တဲ့ အရည်အချင်းရှိသူတွေဟာ
အောက်ခြေကပိုးထိုး ခေါက်ရိုးကျိုးနေတဲ့ ဘက်လိုက်မှုများနဲ့
ထောက်ထားမှု့နိယာမတရားတွေကို
ခေါင်ဖျားကနေအရင်းထိတိုင် ဆွဲကိုင်လှုပ်ရမ်းခါချဖို့ရာအတွက်
ဦးခေါင်းခွံအောက်က အခဲအစိုင် အဖြူအဆုပ်အဆုပ် တွေကို
ငါးဆယ်/ ငါးဆယ် လုပ်လို့ အားထုတ် ကြိုးစား နေကြပါတယ်အမေ။

မျိုးဆက်သစ် ညီငယ် ညီမငယ် တွေလည်း ကြိုးစားနေကြဆဲပါ
လဲသွားရင်ကျုံးထ ကျိုးတဲ့သူချီပိုး ကျိုးကျိုးကန်းကန်း ပြန်ဆက်လို့
အမှန်ဘက်ကို ခရီးဆက်နေကြပါပြီအမေ။

ငြိမ်းချမ်းပါစေအမေ ငြိမ်းချမ်းပါစေ….
လောလောဆယ်ဒုက္ခတွေကိုတော့
ပစ်တိုင်းထောင်တစ်ရုပ်လိုသာ အမေပမာပြုလို့
ဘယ်နေရာ ဘယ်သောင်စပ်မှာဖြစ်ဖြစ် ထောင်မတ်လျှက်ပဲ ရှိနေပေးပါအမေ
သားတို့တတွေ လက်ချင်းတူယှက်ကြိုးစားလို့ ပန်းတိုင်ရောက်လာတဲ့ တစ်နေ့
ပုဂံ ၊ အင်းဝ ခေတ်က အစ်ကိုကြီးတွေလက်ထက်မှာလို
ရန် တွင်း/ ပ အဆက်ဆက် အောင်နိုင် ၊ အခက်အလက်တွေ ခေါင်တိုင်ဝေဖြာလို့
သားတို့ရဲ့အမေ ပြန်မာပြည်ကြီး စိန်ရွှေငွေ အလွယ်သီး
တစ်ကယ်ထီး တကယ်နန်းနဲ့
ကမ္ဘာ့အလယ်မှာ အလှမပြယ်ပဲ တင့်တယ်နိုင်စေမှာပါ
အမေဆိုတဲ့ အမိမြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ သာယာပါစေ
ငြိမ်းချမ်းပါစေ မြန်မာပြည်။




ငြိမ်းချမ်းပါစေ မြန်မာပြည်(၂၀)

အတ္တနဲ့ အမှန်တရား အားပြိုင်မှုကြားမှာ
ဆီးရီးယားဟာ လကမ္ဘာပြင်တစ်ခုလို
သွေးတွေနဲ့ ပျော်မွေ့နေတဲ့ ကမ္ဘာမြေပြင်က
ခုဆို အနီမလွှမ်းရင် မနေတတ်တော့သလို

အာဏာနဲ့ အမှန်တရား ယှဉ်ပြိုင်ရင်း
အာဖဂန်ရော အီရတ်ရော အတိတ်မှာ သမိုင်းဆိုးခဲ့ပြီ
အမှန်တရား တစ်ခုရဖို့
အမှားတစ်ရာမက ပေးပြီးသွားပြီ

ကိုယ့်မြေကို ကျော်ကြည့်ရင်း သံဝေဂက
လေထီးခုန်သမား မြေပြင်အကျလို သိမ်သိမ်မွေ့မွေ့မရှိဘူး

ရလာတဲ့သံဝေဂကို ပလိုင်းမှာထည့်ပြီး
တောင်းတန်းဘက် ဖက်ခုတ်ထွက်မိတာ
ကချင်ရော၊ ရှမ်းရော နာစရာတွေနာစရာတွေ
လွမ်းစရာတွေရှိနေပေမယ့် နာစရာနဲ့ဖြေမရတဲ့
သယံဇာတတွေ တောတွေ တောင်တွေ မြစ်တွေ ချောင်းတွေ
ခုဆို စာရင်းထဲမှာ တိုင်းရင်းသားမျိုးနွယ်စုတွေပါ ပါဝင်လာကြ

ပေးထားတဲ့လက်နက်က
ငွေတာရီကဗျာစာသားထဲကလို တစ်ဖျာတစ်ကွက်တစ်လက်မကို ကာကွယ်ဖို့
ဘက်ပြန်လှည့်ပြီး ဆွေမျိုးအချင်းချင်း ခြိမ်းခြောက်ဖို့မဟုတ်ဘူး

ခုဆို မေတ္တာတရားတွေပျော်ဝင်နေတဲ့
ရေမရှိတော့တဲ့အိုးကို
တဂျစ်ဂျစ်မြည်အောင် ခြစ်ခပ်ပြီး လုသောက်နေရ

ဘီယာနဲ့ ကုလားထိုင်ကြားက အမိန့်သံတစ်ချက်လေးက
ရုပ်ရှင်ထဲက Beat သံကောင်းကောင်းနဲ့ ထွက်လာသလို
အပြင်မှာ တဘုန်းဘုန်းကြ
ဖထီးနဲ့ အမိုးတို့အိမ်လည်းပါသွားပြီ
ဆလိုင်းတို့အိမ်လည်းပါသွားပြီ
ကချင်တို့အိမ်လည်းပါသွားပြီ
ရှမ်းတို့အိမ်လည်းပါသွားပြီ
ရခိုင်တို့အိမ်လည်းပါသွားပြီ
အမှန်တရားတွေလွယ်ထားတဲ့ လက်နက်ကြီးတွေက
ကောင်းကင်ကနေ မြေပြင်ကို ဘီလူးဆိုင်းတီးလို့

သူတို့သူတို့တွေရဲ့ လွန်ဆွဲပွဲမှာ
မြေဇာပင်ဟာ ငါတို့ပြည်သူတွေ
ကြည်ဆံတွေမိုးထားပြီးဝေတဲ့ ထမင်းထုပ်ဝေပွဲမှာ
မဆုတ်သာမတက်သာ ခေါင်းကလေးငုံလို့ တန်းစီနေရတာ ငါတို့ပြည်သူတွေ

ငြိမ်းချမ်းရေးလို့တံဆိပ်ခေါင်းကပ်ပြီး
မျက်ရည်တွေပါဆယ်ထုပ်ပြီး ပို့ပေးလိုက်တာ
နိုင်ငံအနှံ့ကပြည်သူတွေ မတောင်းပဲရရှိလာရ

ကျီးလန့်စာစား မနက်ဖန်တွေကို
လက်ထဲရှိတဲ့ ပုတီးကုံးလေး ကတုန်ကယင်ကိုင်လို့
ရောက်တက်ရာရာ ဘုရားစာရွတ်လိုက်
အလည်ရောက်ရင် ပြန်စရွတ်လိုက်နဲ့
ဒီလိုနဲ့ အဖွားအိုဟာ
ဖက်ခုတ်သွားတဲ့ သားကိုမျှော်ရှာတယ်

ငြိမ်းချမ်းပါစေ
ငြိမ်းချမ်းပါစေ
ငြိမ်းချမ်းပါစေ
ဖွဖွလေးရွတ်ပြီး ဆုတောင်းနေတဲ့
ကျွန်တော့်ခေါင်းပေါ်
ငြိမ်းချမ်းရေးတံဆိပ်ကပ်
ဗုန်းဆံမဲကြီးတစ်လုံးက ဝဲကျလာတယ်


ငြိမ်းချမ်းပါစေ မြန်မာပြည်(၂၁)

တိမ်းစမ်းပါလေ ရန်တစ္ဆေ
စိမ်းလန်းမှာပေ မှန်မသွေ
ငြိမ်းချမ်းပါစေ မြန်မာပြေ ( ပြည် ) ။

ပြောကြစမ်းလေ ၊
မိုးပဇ္ဇုန် တစ်ခေတ်တိမ်းပေမယ့်
ထစ်ချိမ်းလို့နေ ၊
တဒိန်းဒိန်း ပစ်ချွေ
အိုးအိမ်တွေ ပျက်ပြား
မိုးတိမ်တွေ နက်သွား ၊
မပစ်မှားရပါဘူး
ဖဘုရား အလိုကျ
ဒါ လောကလား ။

ဘိုးဘွားတွေ သွေးအသားနဲ့
တို့ဖွားတဲ့ တို့မြေ ၊
ဘိုးဘွားပိုင် အမွေစစ်မို့
ချစ်မြတ်နိုးသတဲ့လေ ၊
ပြည်ထောင်ဘွား ညီနောင်တွေ
အမွေကို သောက်စား
အပွေပို ဖောက်ပြား ၊
သူသေ ကိုယ်သေပါပဲ
အလိုလေ ရန်တွေဖြစ်
ဒါ ချစ်တာလား ။

ကျွဲနှစ်ကောင် ခတ်တဲ့ကြား
ညှပ်သွားတဲ့ ပြည်သူ ၊
ဘဝတွေ ပျက်သုဉ်းလို့
နှလုံးပွက်ဆူ ၊
ဟုန်းဟုန်းတက် မျက်ရည်ပူ
မပျက်ကူ ဝင့်ကြွှား
အသက်အူ လွင့်ပါး ၊
ရှေးဘဝ ပြဿနာရဲ့
ဇာတ်ဆရာ အလိုကျ
ဒါက ကံလား ။

ပြည်သူတွေ မြောက်စားလို့
ထိပ်ဖျားသို့ ရောက်သူ ၊
ပြည်သူ့ အာဏာနှင့်
ပြည်သူ့ယာ လယ်မြေချောင်း
ခေါင်းခေါက်လို့ယူ ၊
အနိုင်ထက် ပြုမူ
အခွင့်တူ မထား
ဘုရင့်လူ ဘုရား ၊
ဒါ ……………………..
ပြည်သူ့ကို အကျိုးပြုမယ့်
ပြည်သူ့တပ်လား ။

မြို့ရွာစုံ အနှံ့အပြားမှာတော့
ဒုတ်ဓားတို့ တချွင်ချွင် ၊
လူချင်းလူ အကြမ်းဖက်လို့
သွေးပွက်ပွက်စင် ၊
ဘာသာရေး တံခွန်တင်
အမုန်းပင် စိုက်ထား
နှလုံးတွင် မိုက်မှား ၊
ဒါ …………………....
ဘာသာဝင် သခင်လေးတို့ရဲ့
ယဉ်ကျေးမှုလား ။

မဖောက်ပြားကြပါနဲ့တော့
ထောက်ထားမှ တော်မလေ ၊
တို့တိုင်းပြည် မှောက်မှားလို့
နောက်ဖျားရောက်နေ ၊
ခွင့်အတူ ညီအမျှ
ဝါဒတို့ ဖြူစင်စေ
ဒါတို့ပြေ မဟုတ်လား ၊
ဆည်းလည်းသံ သာသာနဲ့
ပြည်မြန်မာ ဂေဟာနန်းရယ်
ငြိမ်းချမ်းစေသား ……………။


ငြိမ်းချမ်းပါစေ မြန်မာပြည်(၂၂)
နွေကိုချစ်တဲ့စိတ် တစ်ခုနဲ့
အပူဒဏ်ကို အံတု ပေးထားပါတယ်။
အံတုတာ ယှဉ်ပြိုင်တာမဟုတ်ကြောင်း
ယှဉ်ပြိုင်လိုခြင်း အလျင်းကင်းတဲ့ စိတ်က ညွန်းရဲ့။
ကင်းကင်း ရှင်းရှင်း မှာ
အကြောက်တရားတစ်ခု မကင်းရှင်းတယ်။
အကြောက်တရားမှာ နေသားတကျ ရှိနေကြပုံ
ပြက္ခဒိန်အဟောင်းထဲက အနှစ်ခြောက်ဆယ်ကျော်က ညွန်းရဲ့။
ကျော်ကြားလာတဲ့ သတင်းစာမျက်နှာတွေ...
ကမ္ဘာကြီးရဲ့ ဟိုတစ်နေရာမှာ နေရာလုစစ်ပွဲများ...
ကမ္ဘာကြီးရဲ့ ဟောဒီနေရာမှာ အာဏာလုစစ်ပွဲများ...
ပေါပါပြီး များများလာတဲ့ စစ်စာမျက်နှာကို
တဆစ်ဆစ်နာကျင်နေရင်းက ဖွင့်ဖတ်နေကြရ။
အနိဋ္ဌာရုံသတင်းအဆိုးတွေ မသိုးမပုတ်နဲ့
အကြားအာရုံကို ခလုတ်လာလာတိုက်ရဲ့။
သေနတ်ပြောင်းက ပန်းပွင့်အလာကို
ချောင်းကြည့်နေရှာရ စစ်တလင်းနွံထဲက
အိုးမဲ့၊အိမ်မဲ့၊မိမဲ့၊ဖမဲ့၊စာသင်ကျောင်းမဲ့နေကြ
ကချင်သွေးချင်းတွေ........
လူမျိုးရေးပဋိပက္ခမှာဘာသာသွေးတို့စွန်းပေရင်း
သွေးချောင်းစီးနေကြရ ရခိုင်သွေးချင်းတွေ....
အကြောက်တရားရဲ့ဖိနှိပ်မှုအောက်က
ငတ်မွတ် ဆာလောင်နေကြရ ငါ့လူမျိုးအတွက်
ချိုးဖြူငှက်လေးသံလွင်ခက်ကို
ကိုက်ချီထားလေဟန် ပန်းချီကားတစ်ချပ်
နှလုံးသွေးနဲ့ ခြယ်မှုန်းပေးရဲ့။
ခါကာဘိုရာဇီမှသည် ကော့သောင်းဆီသို့
ကော့သောင်းမှသည် စင်္ကြာဝဠာအနှံ့
ပြန့်နှံ့ တည်ပါစေ သတည်း။ ။


ငြိမ်းချမ်းပါစေ မြန်မာပြည် (၂၃)
ခက်ဆစ်ဖွင့်ပြစရာမလိုတဲ့ ၀ါကျတွေအတွက်
ဒီကဗျာမှာ ဝေါဟာရဖက်ရှင်ရှိုးတွေ တက်လျှောက်စရာမလိုဘူး
အရှိဟာအရှိအတိုင်း၊ အသိဟာအသိအတိုင်း
အချစ်ဟာအချစ်အတိုင်း၊ စစ်ဟာစစ်အတိုင်း
ရှိလို့သိလာရတဲ့နောက် သိဖို့ရှိလာရတဲ့ဖြစ်ရပ်များကို
သတိသံဝေဂရပေးကြပါ ။
အချစ်ကြောင့် စစ်တွေဖြစ်ကောင်းဖြစ်လိမ့်မပေါ့
စစ်ကြောင့်တော့ အချစ်တွေဖြစ်မလာနိုင်တာ ခင်ဗျားသဘောညီရင်
ဒီအချိန်မှာ ကျုပ်တို့အတူတူသံပြိုင်အော်ရမှာက
ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး
လွတ်လပ်ဖို့အရေး ... လွတ်လပ်ရေးမဟုတ်ဘူး
ငြိမ်းချမ်းဖို့အရေး ... ငြိမ်းချမ်းရေး ။

နယ်ချဲ့ရန်ကြောင့် သံဖနောင့်အောက်မှာ အော်ခဲ့ရတုန်းက လွတ်လပ်ရေး ...
ပြည်တွင်းစစ်မီးအလျှံညီးတော့ အော်ရမှာက ငြိမ်းချမ်းရေး ...
မျောက်က ကြိုးခွေ ... ကြိုးခွေ
ဒေါင်းက အိုးဝေ ... အိုးဝေ
လူက ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး
လက်ဆွဲနှုတ်ဆက်ရင် အပြုံးမှာ အမုန်းတွေမပါကြေးပေါ့
မျက်နှာလွှဲခဲပစ်ရင် အဆုံးမှာ အပြုံးတွေနာရေးပေါ့
စားပွဲမှာထိုင် ကလောင်ကိုင်ပြီး ငြိမ်းချမ်းရေးအတွက် နှလုံးသွေးနဲ့ အကူငွေထည့်တဲ့
ဖက်ခွက်စား အနုပညာသည်တွေကို ချစ်တယ်
ထိပ်ဆုံးမှာထိုင် သေနတ်ကိုင်ပြီး ညီအကိုချင်း လည်ပင်းညှစ်တဲ့
အာဏာပါးကွက်သား ရွဲကုန်သည်တွေကို မုန်းတယ် ။

အဖြစ်က ဖောင်စီးရင်းရေငတ်သလိုပ
ရေရှား၊ မီးရှား ၊ ချိုးကူသံရှားလှပါတဲ့ အမိမြေ
တလွဲဆံပင်ကောင်းနေတာက
ခြေပြတ်၊ လက်ပြတ်၊ တစ်ဘက်လပ်နဲ့ သေကွဲ၊ ရှင်ကွဲ၊ ရင်ကွဲတွေ ...
လင်ပျောက်၊ သားပျောက်၊ အိုးအိမ်မှောက်နဲ့
ဥမမယ်စာမမြောက် အလောင်း ထွက်ကောက်နေရတဲ့ မြေစာပင်တွေ ...
မမြည်ဘဲ တီးနေရတဲ့ မောင်းတွေဟာ တံခါးပိတ်ပြာကျ ဇာတိမြေမှာ
မတီးဘဲ မြည်နေရတဲ့ မောင်းတွေသာ လူလုံးမလှ၊ ၀မ်းမ၀ ဒုက္ခသည်စခန်းမှာ ။

ဘယ်သူသိမလဲ ...
ကဗျာဆရာဟာ ပန်းပဲဖိုမှာထိုင်ပြီး ရင်တွင်းဖြစ်တွေကို မီးမဆေးချင်ဘူးဆိုတာ
ဘယ်သူသိမလဲ ...
ခုတ်ချခံလိုက်ရတဲ့ ကိုင်းငယ်နောက် လွင့်ပါသွားရတဲ့ဘ၀တွေ ဘယ်လောက်များသလဲဆိုတာ
ဘယ်သူသိမလဲ ...
ဒီကာလတွေမှာ အဖတွေက သားတွေကိုမြေပြန်မြှုပ်နေရတယ်ဆိုတာ
မီးဆေးအားကောင်းတဲ့ ဓါးတွေကတော့ မာလှပေါ့
ကဗျာဆရာကတော့ အသည်းခြောက်ခဲ့ရပြီ
လက်လွတ်စပယ်ပြုဝံ့သူတွေလည်း ပြုကြပေါ့
ပျားကောင်ကလေးတွေခမျာတော့ အသိုက်အမြုံပျောက်ခဲ့ရပြီ
မှတ်တိုင်ထင်ရင်လည်း စိုက်ကြပေါ့
သမိုင်းကတော့ အခမ်းနားဆုံးသောကတွေ ရင်မှာပိုက်ခဲ့ရပြီ ။

နံနက်လင်းလို့ အရုဏ်ကျင်းပါပြီဆိုကတည်းက
တရားဓမ္မနဲ့နိုးထကြတဲ့ တိုင်းပြည်ပါ
ကိုယ်ချင်းစာတရားနဲ့ဖေးမကြတဲ့ တိုင်းပြည်ပါ
မေတ္တာတရားနဲ့နွေးထွေးလှတဲ့ တိုင်းပြည်ပါ
အရေးကြီးရင် သွေးနီး၊ ထွေးစည်းကြတဲ့ တိုင်းပြည်ပါ
ကိုယ်စားဖို့ဆန်မရှိရင်နေ လှူတန်းဖို့အကြံရှိကြတယ်
" ရဟန်းစားသောဆွမ်းတစ်နပ်က " သက်သေလေ
အိမ်တိုင်တွေယိုင်ပေမယ့် ကိုယ်ချင်းစာတရားတွေခိုင်မာတယ်
လောကဓံမှာ ကိုယ်နဲ့အတူဖက်ရုန်းတဲ့နွားကိုတောင်
သားသ္မီးလိုသဘောထားကြတာ မျက်မြင်လေ
မေတ္တာသုတ်ရှိတယ်၊ ဗိုလ်ချုပ်ရှိတယ်
ဦးသန့်ရှိတယ်၊ အမေစုရှိတယ်
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း
မြစ်ခွဲပေါင်းများစွာ စီးဝင်ပေါင်းစုံခဲ့ကြတဲ့ ငါတို့ရဲ့အပြာရောင်ပင်လယ်ကြီးရှိတယ်
ဒို့ ... ဒို့ ... ဒို့တတွေ အမြဲသတိရှိကြမယ်ဆို
ဒို့ ... ဒို့ ... ဒို့တတွေ သွေးရင်းညီအစ်ကိုများဆို
မေတ္တာတရားရဲ့အရိပ်မှာ သစ္စာတရားရဲ့အဓိပ္ပါယ်
ပြည်တွင်းစစ်မီးက အဖြေလားဗျာ ။

ငိုတစ်လှည့် ရီတစ်လှည့် မိုးတွေမစဲသေးဘူး
နွေအဖီဆွဲထားတဲ့ကဲလားကအလွမ်းတွေ
နှင်းခါးရိုက်ဝင်လာပါတော့မယ်ခင်ဗျား ၀င်လာပါတော့မယ်
အိမ်လွမ်းသူငိုချင်းမှာ မျက်ဝန်းအိမ်နှင်းခဲမယ့်ရာသီ
ရောက်ပါတော့မယ်ခင်ဗျား ရောက်ပါတော့မယ်
လိပ်ပြာမလုံစွာ စောင်ခြုံကွေးပြီး တိတ်တိတ်လေး မျက်ရည်မကျပါရစေနဲ့
လွတ်ရာချောင်မှာ အမှောင်ခိုလွေးရင်း တိတ်တိတ်လေး အစာမ၀ပါရစေနဲ့
ဒီအချိန်မှာ သစ်တစ်ပင်စိုက်ပါရစေ (ငြိမ်းချမ်းရေးအတွက်)
ဒီအချိန်မှာ အမိုက်မှောင်တွေဖြတ်ပါရစေ (ငြိမ်းချမ်းရေးအတွက်)
ဒီအချိန်မှာ သီချင်းသံတွေပိတ်လိုက်ပါရစေ (ငြိမ်းချမ်းရေးအတွက်)
ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး စစ်တွေထပ်မတိုက်ကြပါနဲ့တော့
ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး ဒုက္ခသည်စခန်းတွေထပ်မဖွင့်ကြပါနဲ့တော့
ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး မငြိမ်းမချမ်းမယ့်အရေးတွေထပ်မလုပ်ကြပါနဲ့တော့
လုံလောက်ပါပြီ ... လုံလောက်ပါပြီ
လုံလောက်ရုံမက ပိုလျှံလို့ကို လုံလောက်နေပါပြီ
အမိမြေဟာ သူ့ရင်သွေးငယ်တွေကို ပွေ့ပွေ့ပြီးငိုရလွန်းလို့
ရှိုက်သံတောင်မပီနိုင်တော့တာမို့ ။

" ငြိမ်းချမ်းပါစေ မြန်မာပြည် " တဲ့ (အိပ်မက်ကလေး)
ငါတို့အားလုံး ချင်ခြင်းတပ်ရတဲ့ အိပ်မက်ကလေး
လိုက်တိုင်းအမြဲ ဝေးဝေးပြေးတဲ့ အိပ်မက်ကလေး
နိုးထမှုတိုင်းမှာ ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းမကျ
ဝမ်းနည်းစရာဆုံးရှုံးမှုတွေနဲ့ လက်ပြတတ်တဲ့ အိပ်မက်ကလေး
အိပ်မက်ကလေးထဲမှာ ငါတို့ဟာ ...
အင်္ကျီသေးသေး၊ ဖိနပ်သေးသေးနဲ့ အတ္တသေးသေး ကလေးလေးတွေ
အိပ်မက်ကလေးထဲမှာ ငါတို့ဟာ ...
ဖိုးလမင်းကြီးဆီက ထ္မင်းဆီဆမ်းကို ဒေါင်းလန်းကြီးမှာ အတူတကွ ၀ိုင်းဖွဲ့လို့
အိပ်မက်ကလေးဟာ သူ့ရဲ့လက်တစ်ဖက်နဲ့ ငါတို့ကို ယုယုယယထွေးပွေ့ပြီး
ကျန်လက်တစ်ဖက်နဲ့ ငါတို့ရဲ့မျက်ရည်စတွေကို
ကြင်ကြင်နာနာ သုတ်ပေးလိုက်ချိန်မှာတော့
နံနက်ခင်းဟာ သေနတ်ဖောက်
အိပ်မက်ကလေးကို ပြည်တွင်းစစ်မီးတောက်တွေအောက် မောင်းထုတ်လိုက်တယ်
ခုထိတော့ တိုက်ပိတ်အကျဉ်းသား လွတ်ရက်မျှော်ရသလိုပ
အိမ်အပြန်လမ်းကို မျှော်၊ မေတ္တာတရားကို မျှော်
ကိုယ်ချင်းစာတရားကို မျှော်၊ ငြိမ်းချမ်းရေးကို မျှော်
မျှော် ... မျှော် ... မျှော် မျှော်တော်ယောင်ပတ်ပျိုးနဲ့
မိုးသောလက်တွေဖြန့်ထားရတဲ့ ငါတို့ဟာ ဒုက္ခသည်စခန်းက ကုလားအုတ်တွေ
ရွာထိပ်မှာ စစ်မီးတွေ တိတ်ပြီလားလို့
ခဏခဏခေါင်းထောင်ကြည့်ရတာလည်း အမောပါပဲလေ ။ ။


ငြိမ်းချမ်းပါစေ မြန်မာပြည်(၂၄)
အနော်ရထာ ဘုရင့်နောင် အလောင်းဘုရား
သမိုင်းကြောင်းများစဉ်ဆက်
လင်းလက်ခဲ့ပေ မြန်မာပြည် . . . . . . ။
ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့
ရာဇ၀င်မှာအထင်ရှား
ဝံ့ကြွားခဲ့ပေ မြန်မာပြည် . . . . . . ။
မြန်မာတွေစည်းကမ်းဖောက် ထီးနန်းပျောက်လို့
ကိုလိုနီအောက်ကျ ကျွန်ဘဝ
ရောက်ခဲ့ရပေ မြန်မာပြည် . . . . . . ။
ရာစုနီးနီး ကျွန်ဖြစ်ပြီးနောက်
တိုင်းကျိုးပြည်တွက် သက်ကိုမငဲ့ကွက်
ဗိုလ်အောင်ဆန်းတို့လက်ထက်
ကျွန်အဖြစ်မှ တစ်ခန်းရပ်
ဆက်ခဲ့ကြပေ မြန်မာပြည် . . . . . . ။
ကျွန်အဖြစ်မှ တစ်ခန်းရပ်လို့
ကမ္ဘာ့အလယ် ဂုဏ်တက်မယ်မှ မကြံသေး
ပြည်တွင်းစစ်မီး ထိန်ထိန်ငြီး
လောင်တောက်ခဲ့ပေ မြန်မာပြည် . . . . . . ။
တပ်ကအုပ်ချုပ် စိုးရလုပ်စဉ်
တောင်သူလယ်သမား ငနင်းပြားများ
လူတန်းစားအောက်ခြေ အလုပ်သမားတွေနဲ့
တစ်ရက်စုတ်တဲ့ တရုတ်စက်တွေ
ကြီးစိုးခဲ့ပေ မြန်မာပြည် . . . . . . ။
တို့မြေကို အပေါက်ဖောက်
လက်ပန်းတောင်းကို အပျောက်ကြံ
ရှိသမျှကို ဖော်ယူမဲ့ဟန်
ပေါက်ဖော်တို့ဥာဏ်ကိုလည်း မြင်ရ
စိတ်မောရပေ မြန်မာပြည် . . . . . ။
`ဘ´တို့လမ်းဖောက် `ဘ´တို့လျှောက်သည်
ရုတ်ချည်းမှင်တက် အံ့သြလျှက်က
ဒီမို, ရေစီး ပြောင်းလဲပြီး
ဆက်လျှောက်ခဲ့ပေ မြန်မာပြည် . . . . . . ။
ကံကောင်းထောက်မ ဤကာလက
ဆွေမျိုးပေါက်ဖော် ဟိုကိုယ်တော်ကြောင့်
ရာဇ၀င်ထဲက သတိုးသမီး
သားကြောပြတ်ကာနီး သီသီလေးလွဲခဲ့ရ
ဝမ်းသာကြပေ မြန်မာပြည် . . . . . . ။
ကျောက်နီမော်ဂယက် အတော်ပင်တက်ခဲ့သည်
သူ့လူကိုယ်သတ် ကိုယ့်သူသတ်ဖြင့်
သတ်ကြ, ဖျက်ကြ မီးရှို့ကြလို့
ဒုက္ခပင်လယ် အပြောကျယ်
ဝေခဲ့ရပေ မြန်မာပြည် . . . . . . ။
ငြိမ်းချမ်းရေး ချိုးဖြူ
တိုးတက်ကာ ကူသံသာဖို့
ဆိုင်ရာကကြိုးစား
ပြည်သူများလည်းပါဝင်
အရာထင်ပါစေ မြန်မာပြည် . . . . . . ။
ငြိမ်းချမ်းရေးခရီး မဝေးမနီးမှာ
ဝိုးတဝါးအရိပ်ထင် ပီပီပြင်
ပီပြင်လာသမျှ ပုံဖော်ကြသည့်
ပုဂ္ဂိုလ်အပေါင်း မာစေကြောင်းလို့
ဆုတောင်းကာချွေ မြန်မာပြည် . . . . . . ။
ကိုယ်ကျိုးမဖက် မငဲ့ကွက်ဘဲ
တိုင်းကျိုးပြည်တွက် စွမ်းစွမ်းရွက်မည့်
လူထုခေါင်းဆောင် ပြည့်ခေါင်းဆောင်များ
ပေါများခိုင်ခိုင် မရေတွက်နိုင်အောင်
ပေါ်ထွက်ပါစေ မြန်မာပြည် . . . . . . ။
သူတို့ချည်းလား တို့သမီးသားလည်း
တိုင်းကျိုးပြည်ပြု ကိုယ်ကျိုးမရှုတဲ့
လူငယ့်ခေါင်းဆောင် ပြည့်ခေါင်းဆောင်များ
ပေါများခိုင်ခိုင် မရေတွက်နိုင်အောင်
ပေါ်ထွက်ပါစေ မြန်မာပြည် . . . . . . ။
စည်းကမ်းပြည့်ဝ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော
ဒီမိုကရေစီနိုင်ငံတော်သစ် . . . . . .
မကြာကာလ မြင်ကြရမည်
ယုံကြည်ကာမျှော်လင့်
ပျော်ခွင့်တော့ ကြုံပါရစေ
ငြိမ်းချမ်းပါစေ မြန်မာပြည် . . . . . . ။


ငြိမ်းချမ်းပါစေ မြန်မာပြည်(၂၅)
ဘိန်းအစားထိုးသီးနှံတွေပေးသလို
သေနတ်အစားထိုးကွန်ပျူတာတွေပေးရင်
ဘယ်လောက်ကောင်းလိုက်မလဲ။
စာသင်ခန်းလေးနဲ့ကလေးငယ်တွေရှင်ကွဲ ကွဲရသလို
အနိဋ္ဌာရုံနဲ့ကမ္ဘာမြေ
ထာဝရလက်တွဲဖြုတ်လိုက်ရင်
ဘယ်လောက်ကောင်းလိုက်မလဲ။
တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ညီနောင်ချင်း
သံသယတွေနဲ့
တစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်မယ့်အစား
တစ်ဦးရင်ဘတ်ပေါ်တစ်ဦး
ယုံကြည်မှုနဲ့ပန္နက်ရိုက်
မိသားစုအိမ်ကလေးတည်ဆောက်ရင်
ဘယ်လောက်ကောင်းလိုက်မလဲ။
တစ်ယောက်ခြံစည်းရိုးတစ်ယောက်ထင်းခွေနေမယ့်အစား
တစ်ယောက်ညတွေကို တစ်ယောက်က
အိပ်မက်လှလှမက်စေဖို့
ဆုတောင်းပေးနိုင်ရင်ဘယ်လောက်ကောင်းလိုက်မလဲ။
အခု၊
ငါတို့တွေဟာငြိမ်းချမ်းခြင်းကို
လေလို၊
အာဟာရလို
လိုအပ်နေပါတယ်။
စစ်မီးပြင်းပြင်းမတိုက်လိုက်ပါနဲ့
ပဋိပက္ခဘီးလူးတွေမမွေးပါနဲ့
ငါတို့မြန်မာပြည်ရဲ့
ရောင်နီဦးမွေးဖွားပြီးစနံနက်ခင်းလေးဟာ
သွေးနု သားနု နဲ့ဖြစ်သမို့
ရင်ကျိုးရမှာ
ငါတို့ကိုယ်တိုင်ကလွဲပြီး
ဘယ်နတ်ဘုရားမှ ကိုယ်စားဝင်ပေးမှာမဟုတ်ဘူးဆိုတာ…။ ။


ငြိမ်းချမ်းပါစေ မြန်မာပြည်(၂၆)
မြန်မာပြည်ကြီးငြိမ်းချမ်းဖို့အတွက်
ငါ့ကဗျာတွေလပ်ဆပ်နေရ
ခဲထိခဲ့ဖူးတဲ့ စာသူငယ်လို
ကဗျာတွေထထအော်နေတာ
ငါ့တို့ဧရာဝတီမြစ်ကြီးတောင်မှ
ကြီးလန့်စာချဖြစ်ခဲ့ရသေး ..........
မုဆိုးတွေပျော်တဲ့တောမှာ
စတေးခံရ ဘဝတွေက
ရေလိုက်ငါးလိုက်အဖြစ်နဲ့
ဇာတ်ဆရာရဲ့ သရုပ်ဆောင်.........
နွံ့အိုင်အလယ်ကသားကောင်
နစ်မြုပ်မှာကိုလည်းစိုးထိတ်
ထွက်ပေါက်မဲ့တဲ့ ထောက်ချောက်ဗုံးထဲ
လျှောက်သာလျှောက်တယ်
ခြေထောက်တွေက ကြောက်နေခဲ့ရ
သားကောင်မပျော်တဲ့ ကျော့ကွင်းလေးထဲ
မာယာတွေအထပ်ထပ်နဲ့ဆေးခြယ်
ရောင်စုံဘဝ အလွန်က မုသားလေးနဲ့
ငါ့တို့တောင်တွေကိုကိုက်စားခံရ
( -------- )ကုန်သွားတော့မှ
အင်း ယုံလွယ်သူက မှားတာကိုး ။
အသက်မပြည့်သေးတဲ့ ငါကဗျာ
မြေဆီလွှာကုန်မှာကိုလည်း ကြောက်ရ
အခါလွန်ဆောင်းညက အေးစက်နေခဲ့
လုံးချာရိုက်နေတဲ့ ကမ္ဘာကြီးထဲ
ရေကြည်ရာမြက်နုရာပေါ့....။
ယုံကြည်ရာကိုလည်း ကိုးကွယ်ရပြန်
တစ်ကျော့ပြန်အိမ်မက်ဆိုးနဲ့
မုဆိုးတွေထောင်တဲ့ ထောက်ချောက်တွေကြား
ငြိမ်းချမ်းပါစေ မြန်မာပြည်...။


ငြိမ်းချမ်းပါစေ မြန်မာပြည်(၂၇)

မြန်ပြည်တစ်လွှား၊ဝင့်ကာကြွားကာ
တွားသွားလိပ်လို၊ဖြည်းဖြည်းကိုယ်မင်း
ကိုယ်ချင်းဖြစ်ဖို့၊ကြိုးစားတို့ဗိုလ်
လက်တို့မှာစကား ငြိမ်းချမ်းစေသား။ ။

ရည်ရွယ်ချက်ဟာ၊တို့တကာမို့
အမှာတော်ပါး၊ပြောကာကြားရင်
ရည်ထားမှန်းသော၊ဖြူမနောကို
သဘောတူက၊ငြိမ်းချမ်းစေဖို့ စည်းလုံးကြစို့။ ။

ကျည်ဆံသံဟိန်း၊မြူမှုန်လိမ်းလျှက်
တဒိန်းဒိန်းသံ၊သောသောညံလျှက်
ဆူညံမှု့များ၊ပပျောက်သားစေ
သိကြားလေပြေ၊တောင်းဆုခြွေ
ငြိမ်းချမ်းပါစေ မြန်မာပြည်။ ။

ယုံကြည်ချက်ကို၊ရည်ရွယ်လိုတဲ့
မြန်ဗိုလ်ချုပ်ရဲ့၊ညာငဲ့သမီး
တွေးနဲ့ပြေးတဲ့၊မဟာမယ့်လမ်း
ဘူကဲ့ရဲ့လည်း၊ငြိမ်းချမ်းရေးဆောင် မီးရှူးတန်ဆောင်။ ။

အနာဂါတ်မှ၊ကြယ်လမ်းပြလည်း
အပတစ်ခြား၊မရှိသားပါ
ငြိမ်းချမ်းသာစေ၊မြန်မာပြည်လို့
" မေ " တို့ကြွေးကြော် ငြိမ်းချမ်းအဖေါ်။ ။

မြစ်တို့နဒီ၊ဧရာဝတီ
မြစ်စီကမ်းလျှောက်၊သွေးချောင်းပေါက်လို့
ချင်း၊ ချောက်ချလို့၊နယ်မြေတို့လု
ရင်စို့စရာ၊ငြိမ်းချမ်းရာလည်း
ဘယ်မှာရောက်လဲ၊မသိဘဲမှား
လမ်းဘဲမှားလည်း၊ရှေ့နွားမဖြောင့်
နောက်ကနွားလည်း ၊လမ်းမှားရောက်မှန်၊မလွဲဧကန်
တောင်းဆုပြုပေ ငြိမ်းချမ်းပါစေ မြန်မာပြည်။ ။

အထိကရုန်း၊ဘာသာမုန်းတို့
အုံးအုံးဖျက်စီး၊ဘာသာကြီးကို
ယူသီးမိစ္ဆာ၊ယူဝါဒမှား
ကုလားတို့ကြောင့်၊ဆူညံပူပေ
မြန်မာပြည်လည်း၊ငြိမ်းချမ်းပေစေ
ဆုခြွေတောင်းဆု၊ဆန္ဒပြုလို့
"အမေ" နဲ့တူ၊တစ်ဖွဲ့တည်းပါ
ညီညာသံပြိုင်၊အော်ကာလှိုင်ဝယ်
ငြိမ်းချမ်းရေးကို၊ဦးတည်ပြုလို့
"အမေ"နဲ့အတူ တို့တိုင်းရင်းသား
ဖြူစင် ညီအကိုမောင်နှမများ
ပေါင်းကာတောင်းဆု
ပြုလိုက်ကြစို့.....

ငြိမ်းချမ်းပါစေ မြန်မာပြည်
ငြိမ်းချမ်းပါစေ မြန်မာပြည်
ငြိမ်းချမ်းပါစေ မြန်မာပြည်



ငြိမ်းချမ်းပါစေ မြန်မာပြည်(၂၈)
မဖြေသာ ရင်မှာ နွမ်း
လွမ်းမိပါ၏ အမိပြည်

အသိဆီ ဟိုတစ်ခေတ်က
အမိပြည်ဝယ် စစ်တွေဖြစ်လို့
မငြိမ်းချမ်း စိမ်းလန်းတောတွေ
ယမ်းနံ့ဝေ...။

ပန်းရနံ့တွေ ဘယ်မှာမွှေးပါလိမ့်
တွေးစရာ အတိတ်က မထိတ်သာ

အိပ်ရာဝင် အချိန်ရောက်ရင်
မှိတ်ကာပင် အမှောင်သွင်း
ဆောင်အလင်းလည်း တိတ်ရပေ ။

ခေတ်ဟောင်းကုန်လို့
ခေတ်သစ်ဆုံ

အသစ်အသစ်ကြုံ ဒီမိုကရေစီရေးမှာ
အဖြစ် အပျက်ဆုံ ကိုယ်စီတွေးလို့
အပြစ်တွေ ဖြေကာငြိမ်း
စစ်မြေမှ သွေခွါတိမ်း
ထိန်းကြပါလေ ငြိမ်းချမ်းစေ ။

ရင်ဝကဆူး နုတ်မရတယ်
ဒုက္ခသည်တွေ များလှပေ
ထိုအမွေဘယ်သူပေး
ဘယ်သူရေးလို့ ဘယ်သူပျော်
ဘယ်လိုပင် ရှိစေဦးတော့
စစ်ဖြစ်ရင် တစ်သက်လုံး
နှစ်ဘက်လုံး ဆုံးရှုံးကြမှာမသွေ .....။



ငြိမ်းချမ်းပါစေ မြန်မာပြည်(၂၉)
ကရင် ကယား
မွန် ဗမာ ရခိုင် ရှမ်း
ချင်း ကချင် ' ၀ ' နှင့်
ပအို့ဝ် ပလောင်
တောင်ပေါ် မြေပြန့်
စည်းလုံးခဲ့ပေ ဗိုလ်ချုပ်အမွေသည်
စနစ်အကူးနဲ့ စစ်ဘီလူးလက်ထက်မှာ
သူတစ်လူ ငါတစ်မင်း
ထင်ရာတွေစိုင်းခဲ့ကြလို့
ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပါပြီ။
ညှိနှိုင်းဖို့မစဉ်းစားပဲ
ထိတိုင်းရှတဲ့ဓါးသွားလို
အသိထိုင်းတဲ့လူတွေကြောင့်
အပြစ်ကင်းတဲ့ပြည်သူတွေလည်း
အဖြေရှာမရဘဲ
မြေဇာဘ၀လည်း ဖြစ်ခဲ့ရပြန်ပေါ့။
သွေးချင်းတွေစစ်ဖြစ်နေတာ
တွေးရင်းနဲ့ရင်နာမိပါတယ်
မင်းလည်းမြန်မာ ငါမြန်မာဘဲ
မြေဇာဘ၀နဲ့ အနေကြာခဲ့တဲ့ပြည်သူတွေကို
စာနာသနားသင့်ပြီလေ
ဒါ့ကြောင့်.............
ကိန်းဂဏန်းအသင်္ချေနဲ့ ဆုတောင်းလိုက်ကြရအောင်
ငြိမ်းချမ်းပါစေ မြန်မာပြည်
ငြိမ်းချမ်းပါစေ မြန်မာပြည်
ငြိမ်းချမ်းပါစေ မြန်မာပြည်....။



ငြိမ်းချမ်းပါစေ မြန်မာပြည်(၃၀)
* ရှေးရာဇ၀င် ၊ သမိုင်းတွင်ကား
ပေါ်လွင်ထင်ရှား ၊ ညီနောင်ဖွားတို့
သွေးသားရင်းနှယ် ၊ စိတ်ချင်းသွယ်လျှက်
မျိုးနွယ်စုတွေ ၊ ပေါင်းစည်းလေကာ
တို့ပြည်မြန်မာ ငြိမ်းချမ်းစွာ။

* သီပေါမင်းတရား ၊ နန်းကျသွားသော်
ခွဲခြားခံရ ၊ ဗြိတိသျှ၏
ဝါဒဖြန့်ကာ ၊ အုပ်ချုပ်တာကြောင့်
မြန်မာပြည်တွင်း ၊ ညီနောင်ချင်းတို့
စိတ်ရင်းကွဲကာ သွေးပျက်လာ။

* ဗိုလ်ချုပ်အောင်ဆန်း ၊ ဂုဏ်ရောင်သန်းချိန်
တောင်တန်းပြည်မ ၊ သွေးစည်းရဖို့
ပြည့်ဝစိတ်ထား ၊ မေတ္တာအားနှင့်
လေးစားဖွယ်ရာ ၊ ပြုလုပ်တာကြောင့်
မြန်မာပြည်ဟာ သွေးစည်းလာ။

* ယခုချိန်ခါ ၊ အမုန်းသာပွား
မေတ္တာရှားပါး ၊ အတ္တများဖြင့်
ခွဲခြားဘာသာ ၊ ပြဿနာကို
ဖွေရှာပြစ်တင် ၊ မာနယှဉ်ကာ
စစ်ဆင်လျှက်သာ သွေးကွဲလာ။

* စစ်ဘေးမီးလျှံ ၊ စစ်မက်ဒဏ်နှင့်
ကျည်ဆံကြားမှာ ၊ လူမျိုးပါကွဲ
စားရာလည်းမဲ့ ၊ နေရာပျက်၍
သေခဲ့ပြည်သူ ၊ ရာထောင်မူလည်း
သွေးဆူသူကြား သက်ပေးသွား။

* စစ်မီးမွှေနှောက် ၊ ဒုက္ခကြောင့်လေ
ထွန်းတောက်ပညာ ၊ ပျောက်လေရှာ၍
တွေ့ရာကိုဖက် ၊ ကယ်သူမဲ့သို့
သွေးပျက်ချောက်ချား ၊ ကလေးများလည်း
ထွေပြားဒုက္ခ ကြုံနေရ။

* သွေးစက်မြေခ ၊ ငတ်မွတ်ကြ၍
ဘ၀မလှ ၊ ၀ဋ်ဒုက္ခကို
ဖေးမမကူ ၊ ရန်သာမူလျှင်
ဇာတ်တူသားစား ၊ ဟင်္သာများသို့
မျိုးများပျက်သုဉ်း ရှုံးနိဂုံး။

* ရန်ကိုရန်နှင့် ၊ ထပ်၍ဆင့်ပြီး
မသင့်မြတ်ပဲ ၊ မာန်စောင်ကဲလျှင်
သွေးကွဲပျက်စီး ၊ အငြိုးမီးသာ
ဖိစီးလောင်ကျွမ်း ၊ ပြည်ရွာလွှမ်းကာ
ငြိမ်းချမ်းမေတ္တာ ဆိတ်သုဉ်းမှာ။

* အသက်ဇီဝိန် ၊ မကြွေလေသို့
မာန်မာနပျိုး ၊ အတ္တငြိုးဖွဲ့
မိုးကြိုးပမာ ၊ ထစ်ချုန်းကာဖြင့်
ထင်ရာစိုင်းပြင်း ၊ စစ်ဖြစ်ခြင်းကို
ချက်ချင်းပြင်ကာ ရပ်ကြပါ။

* လူရယ်ဖြစ်လာ ၊ ဒီကမ္ဘာမှာ
မေတ္တာရောင်ပြန် ၊ ရှိမြဲမှန်မို့
နည်းဟန်မူရာ ၊ တည့်မတ်စွာဖြင့်
ညီညာဖြဖြ ၊ ပြုလုပ်မှသာ
လှပပြည်ရွာ စိုပြည်မှာ။

* စစ်မက်ပြေကာ ၊ ငြိမ်းချမ်းစွာဖြင့်
မကွာအိုးအိမ် ၊ တို့ရွာမြေတွက်
စိတ်နေမြင့်မား ၊ သွေးစည်းအားဖြင့်
ကြိုးစားလို့သာ ၊ တို့မြန်မာများ
မြန်စွာလေးထား စည်းလုံးသွား။

* တို့ပြည်မြန်မာ ၊ ငြိမ်းချမ်းပါ၍
သာယာမှုပေါင်း ၊ ဝေစည်လောင်းကာ
ခညောင်းမေတ္တာ ၊ ကြင်နာစွာဖြင့်
သွယ်ကာအေးမြ ၊ စီးဆင်းရသည့်
စမ်းကျရေလား ငြိမ်းစေသား။

* သယံဇာတ ၊ ပေါကြွယ်ဝကာ
များလှစပါး ၊ သီးနှံထွား၍
ရေများပြည့်ဝ ၊ တောတောင်လှနှင့်
မျှတရာသီ ၊ မြန်မာပြည်ကြီး
မဟီတိုင်အောင် လှစေသား။

* လူသားချင်းသာ ၊ ကိုယ်ချင်းစာ၍
စာနာထောက်ထား ၊ ခေါင်းဆောင်များနှင့်
ဘုရားသံဃာ ၊ သာသနာတွေ
ရောင်ဝါယှက်သန်း ၊ ဂုဏ်ရောင်လွှမ်း၍
ငြိမ်းချမ်းပါစေ မြန်မာပြည်။



ငြိမ်းချမ်းပါစေ မြန်မာပြည်(၃၁)
မြန်မာ့မြေသွေးအိုင်ထ

စစ်သလင်းမှာ အာဏာပြ

တမူကျော်အောင် ကြားစေတော့

ကမ္ဘာမူးအောင် ယမ်းဆံလှော်

အရပ်လည်းချဉ် ပြည်လည်းမုန်း

အိမ်တွင်းကဆို နှလုံးနာ

စစ်ဦးဆောင် ကိုယောင်ချာ

သူငယ်တို့ကို နှပ်စားပါလို့

ဉာဏ်ကြီးပုံ စာဖွဲ့ခဲ့ပုံများ

ကောသလ တပေါင် "ဖျား"

တွေးခက်ပေသား။


ကြက်ဥပမာ တိမ်တောင်လွှာ

ဒင်းအရေးက ပလီပလာ

ညီညာညာ ငြိမ်းချမ်းရေးကိုပြ

ပြည်တကာ လေးစားမှုကိုဆွ

သေခြာတာ အေးချမ်းမှုတွေ မရ

လောကပါလ မြတ်တရားကို ပ

ပြောရလျှင် တောကျလေဗျ

အဂတိတွေ ဆေးစွဲလေသမျှ

ပြည်သာယာ စစ်သလင်းက

သောကတွေ ထ။


မနောဖြူ အားမာန်လူတို့

လေထဲမှာ တဲအိမ်ထူနိုင်ဖို့

ဆုခြွေရုံ တာဝန်မကင်းသမို့

စစ်ရူးကို လက်ပံတစ်ပွင့်ကျွေးပါဗျ

သွေးအေးလျှင် ပြည့်အရေးမှာလှ

ဂန္ဓီကို ခဏထား

စု(ကြယ်)ကို မလိုလား

လူပြည်မှာ အနေတတ်လျှင်ဖြင့်

ငြိမ်းချမ်းလေအား။ ။


ငြိမ်းချမ်းပါစေ မြန်မာပြည်(၃၂)
စစ်ပွဲများ မှိုလိုပေါက်
ယမ်းငွေ့ဖွာလန်ကြဲ
ဇာတ်တူသားစားပြီး မျိုးဖျက်မုဆိုးများတဲ့ ခေတ်
ငြိမ်းချမ်းရေးပန်းပွင့်တွေ ငိုကြွေးမြေခကြပြီ။

ရာဇ၀င်များထဲ ၀င်းပခဲ့တဲ့
သမိုင်းလှဖန်တီးရှင်တွေ
တမလွန်က မျက်ရည်ကျနေပြီ။
ထားရစ်တဲ့ မှတ်တိုင်များ
မြေမျိုခံနေရလို့….. တဲ့။

သက်တမ်းမပြည့်ခင် ပွင့်ဖတ်တွေညှိုး
စစ်ဘေးဒဏ်အောက် ကူသူမဲ့ကလေးများ
ကျောင်းစာကိုငတ်မွတ်
ဝမ်းစာချိနဲ့ လေတိုက်သံမကြားဝံ့
ချောက်ချားမှုတွေစိုးမိုး
ဘ၀ဆိုတာ မီးတောင်လား ထင်နေကြပြီ။


တမာဆိုတာ အခါး
မျက်နှာဖုံးစွပ်ပြီး အချိုလို့ ဇွတ်ငြင်းနေရင်
သဘာဝစံအိမ်များ ကန္တာရဖြစ်ပြီး
ဠင်းတတွေ နန်းတက်ဘိသိတ်ခံကြလိမ့်မယ်။

ကျီးလန့်စာစား ဘ၀များဖက်တွယ်လို့
သွေးချောင်းကိုရေထင်
အရောင်မဲ့ မျက်နှာများ
အားကိုးရာ ပျောက်နေပြီ။

အတ္တများ လွှတ်ချ အငြိုးများ မျှောလိုက်ပါ။
လောဘများ မျိုချ မောဟများ ပေးချေလိုက်ပါ။
မျက်နှာဖုံးများချွတ် စစ်မီးများ ငြိမ်းစေရင်း
အမိမြေကို ပြန်ငဲ့လိုက်စမ်းပါ။

ခေါက်ရိုးကျိုးခြင်းကို ဖြန့်ချရင်း
ငြိမ်းချမ်းခြင်းကို လက်ကမ်းကြစို့။
သဲတစ်ပွင့်ရဲ့ ဒဏ္ဍာရီကို မှတ်ကျောက်မတင်နိုင်လည်း
စည်လုံးခြင်းနဲ့ သွေးဆက်ကြရင်
ငါတို့… မြန်မာ့ငြိမ်းချမ်းရေးမှတ်တိုင် စိုက်ထူနိုင်မယ်။

စစ်ဘေးများသေဆုံး ငြိမ်းချမ်းရေးရနံ့မွှေးပျံ့
မြန်မာပြည်ကြီး အနာဂတ်လှဖို့၊
ပြည်သူတို့ အားကိုးရာ မဏ္ဍိုင်ကြီး
တည်တံ့ဖို့ ငါတို့တွေဆန္ဒပြုပြီး
သွေးသစ္စာချပျိုးရင်း ဆုတောင်းကြစို့။
ငြိမ်းချမ်းပါစေ မြန်မာပြည်။
ငြိမ်းချမ်းပါစေ မြန်မာပြည်။
ငြိမ်းချမ်းပါစေ မြန်မာပြည်။



ငြိမ်းချမ်းပါစေ မြန်မာပြည်(၃၃)

ရှေးယခင် ဘုရင်များရဲ့
ရှိထားခဲ့ သမိုင်းတွေ
သည်မြေမှာ သည်ရေသောက်
စောင့်ရှောက်ခဲ့ပေ။
လွတ်လပ်ခွင့်ရစေ
အာဏာတွေတည်မြဲ။
တိုင်းပြည်ရွာ အစဉ်လန်း
အေးချမ်းစေမြဲ။

ရှမ်း ကချင် မွန် ကယား နဲ့
လူမျိုးများ စုံရှစ်ထွေ
စည်းလုံးခဲ့ပေ။
မြန်ပြည်သားတို့တတွေ
ဖော်ရွေကာ စုဝေး။
ကမ္ဘာပင် စာတင်မှတ်
မြတ်လှယဉ်ကျေး။

ပြန်တွေးရင် စစ်သမိုင်းလည်း
ရိုင်းပါဘူးလေ။
ကျူးကျော်ခဲ့ ထိုထိုမြေ
စေတနာရှေ့ထား။
သုံ့ပန်းသား လောင်းလျာကိုဖြင့်
သားပမာ ပွဲထုတ်လို့
အုပ်ချုပ်စေ သူတို့သွေးနဲ့
လွှဲပေးကာ မူမပြောင်း
ကောင်းဘိစိတ်ထား။

သာကီဝင် မင်းမျိုးတို့
ကြီးစိုးဖို့ သည်အာဏာ
လုကြပြန်ရာ။
တစ်ရှစ်ရှစ်ငါးခုမှာ
များသူတကာ ကျွန်ဖြစ်။
ထိုခေတ် ထိုချိန်ခါက
ကမ္ဘာမှာ နေမ၀င် ဟု
မည်တွင်ဗိုလ်လုပ်သူက
နင်းအုပ်လို့ ပြား။

စည်းလုံးမှု့ပျက်ပြားလို့
မှတ်သားပြီး ပြုပြင်ရာ
နှစ်လ ရှည်ကြာ။
ကိုယ်ကျိုးစွန့် ညီညီညာ
ပြည်ရွာသာစေကြောင်း။
တို့ခေါင်းဆောင် ဗိုလ်အောင်ဆန်းနဲ့
အောင်ပန်းဝင် ရဲဘော်ပေါင်းကို
လွမ်းမိပါကြောင်း။

ထောင့်ကိုးရာလေးဆယ့်ရှစ်
ကျွန်ဖြစ်ရ လွတ်ပြီ။
မကြာမီ
လာပြီကွဲ့မုန်တိုင်း။
ပြည်ကြီးဆူညံလို့
နီဝါပြာသူပုန်လွှမ်း
ခန်းခြောက်ပျက်နွမ်း။

ဆိုရှယ်လစ် ခေတ်ပြောင်းလာ
နှစ်ပေါင်းကြာ စိုးအုပ်တော့
ဆိုးယုတ်ပြန်ရာ။
ဆင်းရဲတွင်း နက်စေကာ
ခက်လေကြာ ၀တ်စား။
ဆူးကြား…. ဗူး ပမာ သို့
မလူး မလွန့်သာပြန်တော့
တစ်ခါပြန် ဆင်းရဲဖက်
မွဲချက်ကယ်များ။

အားလုံးညီ စုကာပေါင်းလို့
တောင်းခဲ့ပေါ့ ဒီမိုကရေစီ
ဇာနည်ဝင် သူရဲကောင်းတို့
သွေးချောင်းနီနီ။
ရွှေကျောင်းပစ်ပြေးကြပြီ
မိပြီဆို ထောင်နန်း။
ရောင်ရမ်းကာဝေဖန်လို့
သတ်ပြန်ပြီ ဆွေစဉ်ဆက်
ဝက်ဝက်ကိုကွဲ။

စစ်ပွဲတွေလွန်ကဲတော့
ဒွန်တွဲပေါ့ အငြိုးတွေ
ဆိုးလှပေါ့လေ။
ပြည်သူတွေ
လူတွေရယ် မှတ်ဦး။
လဟာပြင် သောင်တင်လို့
သက်ရှင်စရာ သူတို့တွက်
ငဲ့ကွက်ပါဦး။

ပြန်တွက်ကာ သမိုင်းလှစ်တော့
နှစ်ပေါင်းက ရာ ထောင်ချီ
ကောင်းခဲ့လေသည်။
တိုင်းရင်းသားစုံပေသည်
လက်တွဲညီ စည်းလုံး။
ပြီးဆုံးစေ ဘေးရန်တိုင်း
ဝိုင်းလို့ချေမှုန်း။

အမုန်းတွေ ဖယ်ကာရှားလို့
လျှော့ထားကွဲ့ မာနတွေ
အေးမြပါစေ။
လူချင်းပ တူတူပေ
ရန်သူလေ မထင်နဲ့။
အကြင်နာ ဆင်ကာမြန်း
အေးချမ်းစေဦး။

မိုင်းဗုံးထောင် ကျည်ဝေဖြာလို့
မြင်လေရာ အသေပစ်ခဲ့
စစ်ပွဲတဲ့လေ။
ရပ်စဲတော့ အငြှိုးတွေ
မြန်မာပြည်တလွား။
ပြည်ချစ်သူ လူငယ်တိုင်းက
ညှိနှိုင်းကွယ် ဒီစစ်ရိုင်းကို
ရပ်ဆိုင်းကာ အပြီးသတ်လို့
ပတ်စာခွာ ဖျာကိုသိမ်းမယ်
မီးငြှိမ်းစို့လေး။ ။



ငြိမ်းချမ်းပါစေ မြန်မာပြည်(၃၄)

ငြိမ်းချမ်းရေးအလံလွှင့်ထားတဲ့ ငါရဲ့ ကဗျာစီးချင်း နဲ့
ပြိုင်ပွဲအတွင်း ဖြတ်သန်းလို့ မှတ်တမ်းတစ်ခု ရေးခဲ့ပြီ
စိမ်းလန်းဖြာဝေ ကံကြမ္မာတွေ နဲ့ ငြိမ်းချမ်းပါစေ မြန်မာပြည်။

အပြုသဘောနဲ့ တစ်ခုပြောရရင်
ခေတ်အဆက်ဆက် ဖိနှိပ်ခံ လူတန်းစားပိုင်
ပစ္စည်းမဲ့ဒေါသ ကိန်းဂဏန်းသေးသေးလေးနဲ့
ငြိမ်းချမ်းရေး ….. ငြိမ်းချမ်းရေး ….. လို့ အော်နေရုံနဲ့တော့ဖြင့်
ရွှေပြည်တော် မျှော်တိုင်းဝေးရလိမ့်။

လက်ရှိပြည်သူများရဲ့ဆန္ဒနဲ့ ဒီမိုကရေစီ လိုက်လျောညီထွေရှိမဲ့ ကီး ကို ညှိ
တစ်ပြည်လုံး စည်းလုံးပြီဆိုမှ အညီဆုံးတီးလုံး နဲ့ ခရီးဆက်
“ မင်း ’’ ချည်းလည်းမပြီး … “ သူ ’’ ချည်းလည်းမပြီး …. “ ငါ ’’ ချည်းလည်းမပြီး
ငြိမ်းချမ်းရေးရဲ့ ဆင်းရူပကာ လှစေဖို့
“ မင်း ’’ “ သူ ’’ “ ငါ ’’ အားလုံး ကြိုးစားဖို့ လိုတယ်။

“ တို့အရေး ’’ .. “ တို့အရေး ’’ ဆိုတဲ့အသံက
အမှန်တကယ်ဒီမိုကရေစီမရသေးသမျှတော့ စစ်ခေါ်တေးတစ်ပုဒ် ဖြစ်နေဆဲပဲ။

မကျေနပ်မှု့တွေ ၊ ဒေါသတွေ ၊ လောဘ တွေ ရှိနေသမျှ
ငတ်နေသမျှ ၊ ဆင်းရဲ နေသမျှ ၊ မွဲနေသမျှ ကာလပတ်လုံး
ခဲလေသမျှ သဲရေကျ ပေါ့။

သစ်တောတွေကိုအပြောင်လှီး တောင်ကြီးတွေကိုဖြို
ကိုယ်ကောင်းစားဖို့ ဆိုတဲ့ အတ္တဆိုးကို လာဘ်ထိုးယူလို့ရနေသေးရင်တော့
ဝေဿာလီပြည် ဘီလူးကျတာထက် ဆိုးလိမ့်မယ်။

ဒီမိုကရေစီကမ္ဘာသို့ လို့ အော်ပြီးချီတက်ရာလမ်းကြောင်းတစ်လျှောက်
အောက်ခြေလူတန်းစားတွေက ဒုက္ခပေါင်းစုံနဲ့ နပန်းလုံး
အိုးအိမ် ၊ မြေ ၊ ယာ ၊ လက်မဲ့တွေ ဘ၀ကလည်း သေမင်းခေါ်သံတွေကြားထဲမှာ
လိပ်ကို ပက်လက်လှန်ထားသလို ယက်ကန် ယက်ကန်နဲ့။

ခေတ်မှီ နိုင်ငံကြီးသွန်းထုနေတာ ခုဆိုငွေရတုတိုင်ခဲ့ပြီ။
လက်ရှိအချိန်ထိတော့ ဒုက္ခတွေက ပုပ်ပွနေဆဲ။

ရဟန်းတွေ ၊ လူတွေ ၊ ကျောင်းတွေ ၊ ဘုရားတွေ ၊ မြေတွေ ပျောက်ဆုံးဆဲ
ခုလို ကိုယ့်နှလုံးသားကို ကိုယ်ပြန်ပြီး ဆက်လက်စားသုံးနေရင်
ဟင်္သာတွေလည်း မျိုးတုံးတော့မယ်။

လူမျိုးနွယ် စစ်ပွဲတွေ ကလည်း
၁၉၄၈ လွတ်လပ်ရေးနေ့ရဲ့ မနက်ဖြန်ကနေ ခုထိရှိဆဲ။

အာဏာထိပါးခံရမယ်ဆိုရင်လည်း ဘယ်သူသေသေ ပေါ့
ထစ်ကနဲရှိ ပစ်မယ် ခတ်မယ်နဲ့ ငတေ မာဖို့ ကြိုးစားနေကြဆဲ။

အဲဖရက်နိုဘယ်ကို အားနာလိုက်တာ
ငါတို့ဆီမှာ ပြသနာကို သေနတ်ပါမှ ရှင်းလို့ ရတယ်လို့ ထင်နေကြဆဲ။

တစ်ဖက်ကမီးစ တစ်ဖက်က ရေမှုတ်နဲ့
ဂုတ်သွေးစုပ်နေကြတဲ့ ခေတ်သစ်ဘူဇွာတွေရဲ့ ညှို့ချက်အောက်မှာ
အမျိုးပျောက်ချင်တဲ့ သူတွေကတော့
နိုင်ငံရေးလိုလို ၊ လူမျိုးရေးလိုလို ၊ ဘာသာရေးလိုလို နဲ့
ရောထွေးခံ ၊ အမွှေခံလို့ ကောင်းနေကြဆဲ။

အများကောင်းစားရေး လိုလို နဲ့ သားကျောင်းထားရေးအတွက်လုပ်ကြ
တရားမျှတရေး လိုလိုနဲ့ မယားလှပရေး အတွက် လုပ်ကြ
ကိုယ်ကျိုးစွန့်အနစ်နာခံမှု လိုလိုနဲ့ သူတို့အမျိုးအဓွန့်ရှည်ကြာစံ ဖို့ရာအတွက်
ဖန်လာသမျှ အကျိုးစီးပွားအရပ်ရပ်ကို အိတ်ကပ်ထဲ ထည့်နေကြဆဲ။

ခန်းခြောက်နေတဲ့အိုးတွေပစ်ထားပြီး
လျှံနေတဲ့အိုးတွေကို ရေထပ်ဖြည့်လို့ ကောင်းနေကြဆဲ။

အတတ်ပညာရှာဖို့ ဝေးစွ
မငတ်ပညာ တစ်ခုအဖြစ်(ဘ၀တူ)အများက ညွှန်လို့
ဘုရားကျွန် ဆိုပြီး ဘန်းပြ
လမ်းမ ထွက်ကာ တောင်းစားနေသူတွေ များနေဆဲ။

ညီမျှလား မညီမျှလားကြည့်
ကမ္ဘာသိအောင် ကြွေးတင်နေတာက ဆယ့်တစ် ဘီလီယံ
ပြည်ပဘဏ်တွေမှာ တို့မြန်မာတစ်ဦးတည်းကလည်း
အဲသည်လောက်တောင် အပ်ထားနိုင်သေးတယ်ဆိုပဲ။

ချမ်းသာတာ အမှတ်ကုန် နေတဲ့ လူတွေ ရှိသလို
ဝမ်းစာသာ မငတ်ရုံ ဖြစ်နေတဲ့ လူတွေလည်း ဒုနဲ့ဒေး။

တောင် တွေ့ရင်ဖြို မြစ် တွေ့ရင် ဖို့ ၊ သယံဇာတရစေဖို့ အလို့ငှာ မြင်ရာကိုသိမ်း
ဒိန်းကနဲ တစ်ချက်မြည်လိုက်ရုံနဲ့ ခုပဲ ရတနာပုံ ဆိုက်တော့မယ့်ကိန်း
သူတို့သိမ်းသွားတာကတော့
လူဆင်းရဲ ငမွဲတွေရဲ့ မျက်ရည်နဲ့ ဆေးထားရတဲ့ ဘိုးဘွားပိုင် ရတနာတွေ။

သဖန်းသီးမေတ္တာမျိုးနဲ့ ကျီးအာသီးတိုက်အိမ် ဆောက်နေသူတွေကို သိစေချင်တယ်။
မြို့ပြရဲ့ ကျက်သရေဆောင် ရောင်စုံရေပန်းတွေရဲ့တန်ဖိုးက
ဘ၀နွမ်းနေတဲ့ ကလေးပေါင်းများစွာကို ကျောင်းထားပေးလို့ ရတယ် ဆိုတာ …. ။

လမ်းဖွင့်ပွဲတွေ ၊ တံတားဖွင့်ပွဲတွေ ဖြစ်ထွန်းပြီးသား သီးနှံစိုက်ခင်းတွေ ကို
သတင်းတွေလုပ်လို့ ကြွားနေမဲ့အစား
တံတား အောက်က အိမ်ယာမဲ့ ကလေးတွေကို ထမင်းဟင်းတွေ ဝေပေးခဲ့ရင်
သူတို့တစ်တွေ တစ်ရက်လုံးပျော်ကြရမယ် ဆိုတာ …. ။

ဟော… ဟိုမှာ .. ဘရစ်တနီစပီးယား ၀ါးပြီးသားပီကေကို
ဒေါ်လာငွေ ထောင်ချီလို့ လေလံဆွဲနေကြတဲ့ခေတ်ထဲမှာ
တို့ဆီက ကလေးတစ်ယောက် ဒူးသောက်ခေါက် လိုက်အောင် လှည့်တောင်းလို့မှ
မုန့်ပေါင်းတစ်ခုဝယ်စားဖို့ငွေ မပြည့်ဘူးဆိုတာ…။

ကပ်သုံးပါး ၀ါးမြိုခံနေရတဲ့ ရင်သွေးငယ်တွေ အတွက်
ပရဟိတအဖွဲ့ ဆိုတဲ့ ကယ်တင်ရှင်ကို လည်တငင်ငင်နဲ့ မျှော်နေကြရတဲ့
မိဘတွေရှိနေကြတယ် ဆိုတာ ….။
. . . . . . .ဆိုတာ … . . . . . . .ဆိုတာ … တွေကိုပေါ့။
“ နာ’’ နေကြတဲ့ လူတွေဟာလည်း အခု တဖြည်းဖြည်းနဲု့ “ ဆာ’’ ကုန်ကြပြီ။

အတ္တတွေ … လောဘတွေ .. မတရားမှုတွေ …. ရန်ငြှိုးတွေနဲ့
စစ်မီးကို လောင်စာ မဖြည့်ကြပါနဲ့။

ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်ချက်ကို အဖြေရှာ
ဆင်းရဲမွဲတေမှု့ဟာ ငြိမ်းချမ်းရေးရဲ့ အတားအဆီး
လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ကြပါစို့။
စီးပွားရေးချိန်ခွင် မညီမျှမှု့ဟာ ငြိမ်းချမ်းရေးရဲ့ အဟန့်အတား
မှတ်သား ဖော်ထုတ်ပြကြပါစို့။
အဓမ္မ၀ါဒီ ဆိုတာ ငြိမ်းချမ်းရေးရဲ့ အနှောက်အယှက်
ဟန့်တားတိုက်ဖျက်ကြပါစို့။

စစ်နဲ့ ငြိမ်းချမ်းရေး ဘယ်ဟာအရေးကြီးလည်းဆိုတာသိရင်
ထိုင်ခုံ နဲ့ ဖင် မမြဲမှာ မပူရဘူး။

ခု တို့နိုင်ငံမှာ
ဗိုလ်ချုပ်အောင်ဆန်းက တစ်ယောက်တည်း…. အလိုတော်ရိ တွေက အများကြီး
ဦးသန့် ကတစ်ယောက်တည်း…. ဟစ်တလာလက်သစ် တွေက အများကြီး
အမေစုက တစ်ယောက်တည်း….. ဘင်လာဒင်လို လူတွေက အများကြီး။

ဘာသာမျိုးစုံက လူတွေတော့ ဆုတောင်းနေကြ ရှိခိုးနေကြပြီ
ငြိမ်းချမ်းပါစေ မြန်မာပြည်…. တဲ့..။
တောင့်တတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏
မတောင့်တတဲ့ စစ်မီး ငြိမ်းရပါလို၏။
စစ်မှာ.. မျက်စိမပါဘူး ၊ ဆင်းရဲချမ်းသာမရွေး သေမင်းနိုင်ငံပို့တယ်
နောက်ထပ် စစ်ကို မမျှော်နဲ့ ၊ စစ်ခေါ်တေး ကိုလည်း မဆိုနဲ့
ဒီတစ်ခါမိုးပြိုရင် ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး။



ငြိမ်းချမ်းပါစေ မြန်မာပြည်(၃၅)
နှလုံးသားလှပါတဲ့မြန်မာ
အလှုရေစက်လက်နဲ့မကွာတဲ့မြန်မာ
သဘောဖြူ မနောတူတဲ့ ဒို့မြန်မာ
ပေးသာပေးမယ် လိုချင်ရမ္မက်မရှိတဲ့ မြန်မာ
ငြိမ်းချမ်းလေသော ဒို့မြန်မာ......။
သံသာသာစာစီကုန်းလို
သဘာဝအလှနဲ့ ထုဆစ်ထားတဲ့မြေ
မြွေလိမ် မြွေကောက်မြစ်သွယ်တွေနဲ့ရေ
ရွှေဝါရောင်စိုက်ခင်းတွေနဲ့သဘာဝအလှ
ဒါဟာ ပန်းချီကားထဲက ပုံရိပ်မြင်ကွင်း
မှုံဝါးဝါးမျက်လုံးတစ်စုံနဲ့
မုသားတွေသွန်ချ
ရေထဲမှာကျောက်ဖျာပေါ်သလို
ယုန်ရုပ်ငုံ ယုန်ရုပ်ရေးလည်းမယုံ.........
ကြားတော့ကြားတယ်
ခံစားရတာခါးသလိုပဲ....
ဧရာဝတီကိုဖြတ် ဓါတ်အားထုပ်မယ်တဲ့
ပုံပြောကောင်းတဲ့ ငါဘကြီးတော့သေတာကြာပြီ ။
ကွက်ကျားမိုးတွေရွာနေသရွှေ့
ဒို့ပိုင်တဲ့မြေ ဒို့မြေမဟုတ်
ဒို့ပိုင်တဲ့ရေ ဒို့ရေမဟုတ်
အင်း.....ကြားတော့ကြားတယ် ခါးတယ်......။
ငါဟာ ငါးလား ဖားလား
မသဲကွဲတဲ့ အဖြေကိုထုတ်
ဒါပေမဲ့...ငါဟာ
ငါးနဲ့ဖားရဲ့ကြားက ငါးဖားလောင်းလေးပါပဲ...
သီတင်းကျွတ်လ မဟုတ်ပမဲ့
ယမ်းနံတွေရနေဆဲ
စစ်ဆိုတဲ့အသံကို
တုန်တုန်ယင်ယင်ပြောတဲ့သူ
အဲ့ဒီလူ စစ်ကိုဘယ်လောက်ကြောက်နေသလဲ......
ခိုဖြူလေးကလဲ ပျံလိုက်နားလိုက်နဲ့
သံပတ်ပေးထားသလို
စံပါးနှံကိုလည်းသူမကိုက်ဘူး
သြော်.....ဘယ်ကိုက်ပါမလဲ
စပါးပင်တွေမှ မရှိတာကိုး....။
သတင်းထဲကသတင်း
ယုံကြည့်ဖို့ခက်တဲ့ ပုဒ်စာ
မာယာတွေထပ်လောင်းထားတဲ့စကား
လွတ်မြောက်ရန်ခက်တဲ့ ဘဝတွေနဲ့
ညကြေးမရတဲ့ဇာတ်ကောင်တွေလို
ဒုက္ခတွေနဲ့အခွန်ကင်းလွတ်ဖို့အတွက်
ငြိမ်းချမ်းပါစေမြန်မာပြည် ။


ငြိမ်းချမ်းပါစေ မြန်မာပြည်(၃၆)
ဘယ်သူရှို့လိုက်တဲ့ မီးလဲ
အမှိုက်ကစ ပြဿဒ် တွေထိ..။

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် ဖန်တစ်ရာတေ ခဲ့ဖူးတယ်
ကြားရေသောက်မြစ်တွေ မြေလှန်ဖူးတယ်
ငါတို့….
သူတို့ရိုက်ချိုးခဲ့တဲ့ ခြေထောက်နဲ့ ခုနှစ်ထွေ က ကဖူးတယ်
အရေခွံစုတ်ထားတဲ့ လက်ဗလာနဲ့
အနာခံ လက်သီးလက်မောင်းတန်းခဲ့ဘူးတယ်
သူတို့ပြန်သုတ်ပေးတဲ့ အိုးမဲ နဲ့ကျမှ
မျက်နှာချင်းတွေဆိုင် မပြီးနိုင်မဆုံးနိုင် ခွပ်လိုက်ကြတာလေ…။

တစ်ပတ်ပြန်လည်လာတဲ့ မနုဿယန္တရားကြီးကို လောင်စာဖြတ်ဖို့ မေတ္တာတရားတွေ ထိုးကျွေးလိုက်ပါသေးတယ်
တဖျစ်ဖျစ်မြည်လာတဲ့ တစ်ဖက်ကမ်းနှစ်ခုကို သံယောဇဉ်နဲ့ထုံး ချည်ဆိုင်းနေတုန်းပဲ…
အို…..
ညာပေးသံတွေ ခရာတုပ်သံတွေ……
မယားတကွဲ သားတကွဲ အဖေတကွဲ အမေတကွဲ
ရင်ဘတ်ကိုမှန်တဲ့ သတ္ထုပူပူတွေကြောင့် ကွဲ……
လယ်ယာတွေခွာခွဲ အိုးအိမ်တွေခွာခွဲ
ဝုန်းခနဲမြည်ဟီးသံတွေကြောင့် ခွဲ…
သေကွဲ ရှင်ကွဲ တစ်ဘ၀စာအတ္တမှန်းချက်ကြောင့် ကွဲရတာပဲ…။

မယုံနဲ့…..
ရေစီးကမ်းပြိုလိုက်နေတဲ့ စေတနာက အခွံဖြစ်မယ့် ကျည်ဆံတွေ
ဗုံးဗောလအော ပေးနေတာက သားပျောက်အမေရဲ့ ငိုသံတွေ
ဖွင့်ပေးတဲ့ လမ်းတွေက သေမင်းခံတွင်းဝထိ ဖြောင့်ဖြူး တောက်လျောက်…….
ရန်သူ…………ရန်သူ………
အော်သံအောက်….
နောက်……
နောက်…….
နောက်…….
ယမ်းခိုးနဲ့ ရောသွားမယ့် ငါတို့တိုင်းရင်းသား ၀ိဥာဉ်တွေ…။

ဒီလိုနဲ့ မနက်ခင်းတွေလည်း
သွေးညှီနံ့တွေ စွန်းနေတဲ့ တောင်ခြေလေးမှာ
သွေးတစ်ပုလင်းချိတ်ဆွဲ လှဲလျောင်းငြိမ်သက်လို့…
ဖုတ်လှိုက်ဖုတ်လှိုက်လေထုထဲ အသက်လုနေတဲ့ အသက်ရှုမ၀မှုတွေ
မျက်ရည်နဲ့ ချွေးတွေထမ်း ခံတပ်ပေါ်ရုန်းကန်စီးနေတဲ့ ရေနည်းချောင်းလေးတွေ
ဖရိုဖရဲပြားပြားဝပ် ပြားပြားမှောက်နေဆဲ အရိုးပေါ်အရေတင် တဲစုလေးတွေ
ကမ္ဘာမီးမလောင်ပဲ ချနင်းထားတဲ့ မလှပတဲ့ စုတ်ချက်တွေပေါ့…
ထင်ကျန်ခဲ့….. ထင်ကျန်ဆဲ……။

ဘာဆိုဘာမှ မပြင်ဆင်နိုင်သေးခင်မှာ
အမှောင်ထုက အမှောင်ထုကို သွားရည်တမြားမြား လျှာတသိမ်းသိမ်း
အမှားက အမှားပေါ် မျက်နှာဖုံးစွပ်ပြီးရင်း စွပ်... စွပ်......
ဖြစ်နေခဲ့……..ဖြစ်နေဆဲ……။

မီးစတမှုတ် ရေတမှုတ်လက်တွေနဲ့ မကမ်းကြပါနဲ့
ဟိုလူလဲကျ ငါ့သား ဟိုလူလဲကျ ငါ့အဖေ
တဘုန်းဘုန်းကျ ဒီမြေပြင် ရင်ဘတ်နာလွန်းလှပေါ့
အပင်းဆို့သလို ထမင်းတစ်လုပ် ပြားပြားဝပ်မစားပါရစေနဲ့
ဘီလူးစီးသလို ကြက်အိပ်ကြက်နိုးညတွေထက်
မိသားစုစုံတဲ့ ခြုံစောင်နွေးနွေးလေးကို တရေးနိုးစာလောက်သာအလိုရှိပါတယ်
လိုနေခဲ့….လိုနေဆဲ….ပါလေ…။

ဘာဆိုဘာမှမမျှော်လင့်ပါဘူး
အပျက်ပျက်နဲ့ထွက်တဲ့ နှာခေါင်းသွေးလည်း ကျွန်တော်တို့ သွေး ပဲ
တစ်ရာနဲ့တစ်ကျပ် ထပ်ဖြဲခဲ့တဲ့ စုတ်ပြဲမှုလဲ ကျွန်တော်တို့ အသား ပါပဲ
လက်ဖ၀ါးနဲ့ လက်ဖမိုး ခွဲခြားနေမယ့်အစား ပူးကပ်လိုက်ရင်....
ကိုယ်ခေတ်ကို ကိုယ်ထမ်း အလင်းရောင်သန်းနေတဲ့
ဟောဒီမြန်မာပြည်ကြီးအတွက် ဟောဒီ လက်ရေး……
သံလွင်မီးတောက်အောက်က နေလောင်ချိုးငှက်အသက်ရှုသံဟာ ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး.......... ငြိမ်းချမ်းရေး………
ထိုကဗျာတစ်ပုဒ် အပြောင်မြောက်ဆုံး ပုံသွင်း
မျှော်တော်ရောင်ပတ်ပျိုးအောက် စစ်ချီသံ အာစေးမိပါစေ….ပဲ…..။ ။

ငြိမ်းချမ်းပါစေ မြန်မာပြည်(၃၇)
ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
လက်နဲ့ရေးလည်း ခြေနှင့်ဖျက်မည့်သူတွေ အပုံကြီးပါ ။

ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
မတီးမမြည်ဆိုပေမယ့် မြည်အောင်တီးပြန်ရင်လည်း
ပတ်မကြီးထိုးဖောက်ခံရမှာ သေချာသိနေခဲ့တာ
ရှေ့မှာသာဓကတွေ ရှိနှင့်လို့ပါ ။

ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
ရေးသူလည်း အုအုအအ၊ ဖတ်သူလည်း အုအုအအ
ရွှေအမက်တဲ့ ဆောင်းအိပ်မက်တွေ အသံမထွက်နိုင်တာ
ငါးတန်းကျောင်းသား ကလေးတွေနဲ့ သူနိုင်ကိုယ်နိုင်
အပြိုင်ကြဲနေရတဲ့ ပညာရေးစနစ်ကြောင့်ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
ငြိမ်းချမ်းရေးအတွက် နှလုံးသွေးနဲ့ ကဗျာရေးလည်း
မသိစိတ်မှာ အတ္တရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကို ခံနေရတာ
စာရိတ္တမဏ္ဍိုင် ယိမ်းယိုင်နေတဲ့ ပြည်သားတစ်ယောက်ရဲ့
ငတ်ပြတ်မှု အသင်္ချေကြောင့်ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
သတင်းမှာဖတ် စုတ်သပ်၊ တစ်နေ့တစ်နပ်
ထ္မင်းကြမ်းခဲကြီးယပ်ခတ်စားပြီး
ညအမှောင်ထဲ ဖယောင်းတိုင်ထွန်းနေချင်တာ
ဥပဒေအထက်မှာ ဥပဒေပြုသူတွေ ရှိနေလို့ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်
အရေးမတော် အချုပ်
စင်ပေါ်ကဆင်းရင် ကားပြာကြီးမစီးချင်တာ
ဆုငွေလေး မသုံးလိုက်ရမှာ စိုးရိမ်လို့ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
ဘကုန်းအက္ခရာနေရာကနေ ကမ္ဘာကိုဝင်ထမ်းနေရတာ
ကျုပ်တို့ဆီက ကိုးတောင်ကျားတွေမြက်စားနေလို့ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
အိုးမဲပါးကွက်နဲ့ ပွဲထွက်နေရတဲ့ အိမ်ကြက်တို့ဘ၀မှာ
ဘယ်သူသေသေ ငတေမာဖို့ အရေးကြီးနေရတာ
ဒယ်အိုးထဲမရောက်ချင်လို့ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
ပဋိပက္ခမီးတွေ ခုထိ မငြိမ်းနိုင်တာ
သင်္ကြန်ကျမှ တာဝန်ရှိသူတွေ ရေကစားကြမှာမို့ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
ကိုယ့်လယ်ထဲ ကိုယ့်နွားကိုဆွဲ
ပျိုးကြဲမထွန်ယက်နိုင်တာ
ချစ်တီးအဘရဲ့ " စီမံသိမ်းမြေ " ဖြစ်နေလို့ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
ယောက်ျားတွေ စစ်တိုက်၊ မိန်းမတွေ ပန်းစိုက်နေရတာ
ကိုယ့်လင်ကိုယ့်သား သွေးမြေကျရင်
မိခင်မုဆိုးမများ ပန်းခွေချကြဖို့ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
လူသူတော်သျှောင်တစောင်းတို့ရဲ့
အရွဲ့ရွဲ့အစောင်းစောင်း ဟင်္သာကိုးသောင်းဇာတ်တော်ကြီးကို
လက်ညှိုးမထိုးဝံ့တာ
ကမ္ဘာကြီးကိုယ်၌က နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ စောင်းနေလို့ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
ပြည်သူပြည်သားတိုင်း တစ်နိုင်တစ်ပိုင်
ကိုယ်ပိုင် ဒုက္ခသည်စခန်းတွေ ထူထောင်ဖွင့်လှစ်နေရတာ
ဂင်းနစ်စံချိန်တင်မလို့ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
အမေအိုပြီ သိပေမယ့်လည်း
ဒီသားသ္မီးတွေ ရှေ့မတက်ရဲတာ
သေနတ်တွေက မိုးပေါ်ထောင်မဖောက်လို့ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
ငရဲကလူ ပြာပူမကြောက်ပေမယ့်
ရဟန်း သံဃာတော်တွေ မီးလောင်ဗုံးကိုကြောက်ခဲ့ရတာ
သောတာပန် တည်ပြီးလေတဲ့ ဒကာတော်ရေမြေ့ရှင်ကြီးများရဲ့
တစ်ဖန်တစ်ပြန်ဟောကြားတော်မူလိုက်တဲ့
နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကြောင့်ပါ ။


ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
ရဲရဲရင့်ရင့်နဲ့ အကျယ်လောင်ဆုံး ငိုကြွေးခွင့်ပြုလိုက်တဲ့
အဖြူရောင်အားမာန်ရဲ့ ချီးမြှင့်ဆုငွေတွေကိုလည်း
မက်မက်မောမော လိုချင်ပါတယ်
လူကြီးမင်းတို့ ဘဏ်အကောင့်အမျိုးမျိုးနဲ့
ကမ္ဘာအရပ်ရပ်က ဘဏ်တွေမှာ လျှို့ဝှက်အပ်နှံထားရှိတဲ့
ပြည်သူပိုင် သယံဇာတတွေရဲ့ အသွင်ပြောင်းကျောက်ကြီး တစ်ဖြစ်လဲ
မှိုတက်နေတဲ့ ကန်ဒေါ်လာ ဆယ့်တစ်ဘီလီယံကိုလည်း
ငတ်ကြီးတကျ လိုချင်ပါတယ် ။
သို့ပေမယ့်
ဘာမှမတတ်နိုင်ပါဘူးခင်ဗျား
ခင်ဗျားလည်း ခင်ဗျားအထွာနဲ့ ခင်ဗျား
ကျုပ်လည်း ကျုပ်အထွာနဲ့ ကျုပ်
လူတိုင်းကိုယ့်အထွာနဲ့ ကိုယ် ပြဲနေကြတာမို့
" ငြိမ်းချမ်းပါစေ မြန်မာပြည် " ဆိုပြီး
မလိုတဲ့ အပိုဆုတွေလည်း ပြဲမနေတော့ပါဘူး
ကျုပ်တို့တိုင်းပြည်ကြီးက ပြဲပြီးသား ( အဲ ... ) ငြိမ်းချမ်းပြီးသား
မကြောက်ပါနဲ့ မမြ၀င်းရဲ့
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဗိုလ်အောင်ဒင် ဗျောက်တွေဖောက်နေတာ
သီတင်းကျွတ်အခါမို့ပါ ။ ။


ငြိမ်းချမ်းပါစေ မြန်မာပြည်(၃၈)

အာဏာတစ်ဖက်………….ပြည်တစ်ဖက်ဖြင့်
သတ်ဖြတ်ချေမှုန်း………….အမျက်မုန်းကြောင့်
ကြွေပြုန်းခဲ့ရ………….ဘဝများစွာ
မြန်မာကိုချစ်………….စနစ်ကိုမုန်း
ဟိုး..၈၈ တုန်းက………….သင်ပုန်းဘယ်ချေ
ဘယ်မကျေနိုင်ခဲ့………….သွေးပေစွန်းထင်
ဝိညာဉ်များစွာ………….နာမ်များစွာနှင့်
အာဇာနည်ဇာတ်………….ဒေါင်းမျိုးဆက်တို့
တောင်းလျက်နေသည်ဆုတစ်ခု……

ပြည်သူ့အရေး………….ကျောင်းသားရေးပေါ့
အတွေးမြင်ကျယ်………….ကျောင်းသားငယ်တို့
လွယ်အိတ်လေးခွာ…………. ကျောင်းစာအရေး
မတွေးခဲ့နိုင်………….ဇူလိုင်ဆဲဗင်း
သွေးပွက်လွှမ်းခဲ့………….လမ်းအဓိပတိ
အမိအင်းလျား………….မျက်ရည်များနဲ့
သွားကြည့်စမ်းပါ………….သင်ကြားပါလိမ့်
တောင်းခါနေသည်ဆုတစ်ခု……

မုန်တိုင်းထဲမှာ………….ပန်းကဗျာပေါ့
တင်ခါသမိုင်း………….အလွန်ရိုင်းခဲ့
မုန်တိုင်းရက်စက်………….သူ့လက်နက်ဖြင့်
သတ်ဖြတ်ခြွေချ………….ကြွေကျသက်ဆင်း
ဒီပဲယင်းက………….သွေးချင်းချင်းနီ
မျက်ရည်ရွှဲစို………….ငိုနေသည်ထင်
ဝိညာဉ်ပင်များ………….တမာများက
မှာကြားနေရှာ………….သင်ကြားပါလိမ့်
တောင်းခါနေသည့်ဆုတစ်ခု…….

အာဏာစနက်………….ခေတ်လက်ချက်လား
ငတ်မွတ်မွဲတေ………….ပြည်သူတွေအား
သွေခွာလျစ်လျှူ………….မရှုနိုင်ပါ
မေတ္တာသွန်းစမ်း………….ရွှေရောင်လွှမ်း၍
အကြမ်းမဖက်………….လက်နက်မပါ
စက်တင်ဘာလ………….မိုးကာလထဲ
ကြွေကျသက်ပေါင်း………….အလောင်းများစွာ
သွေးများစွာတို့………….မိုးရွာထဲစီး
နင့်သီးဖွယ်ပင်………….သမိုင်းတွင်ခဲ့
ဝိညာဉ်အပေါင်း………….မိုးစက်လောင်း၍
တောင်းခဲ့လေသည်ဆုတစ်ခု……



ပြည်တွင်းတိုက်ပွဲ………….အပြိုင်နွဲ၍
ကျည်ထဲဗုံးထဲ………….မီးတောက်ထဲက
ကွဲကွာကွေကွင်း………….စစ်တလင်းဝယ်
စစ်ခင်းဖျက်ခြေ………….ဘဝတွေဖြင့်
သေကွဲရှင်ကွဲ………….မျက်ရည်ဝဲကြ
အသဲနာနာ………….စစ်ဆိုတာကို
ကြုံပါမလို………….ကျိန်စာဆိုရင်း
ငိုကြွေးမြည်တမ်း………….တောင်ပြာတန်းက
မှာတမ်းခြွေလို………….နှင်းတို့ငိုခဲ့
တောင်းလိုခဲ့သည့် ဆုတစ်ခု……

အမိမြန်မာ…………. ရင်မှာနွယ်ဖွား
မြန်ပြည်သားတို့…………. စီးပွားကျိုးဆောင်
အနေပြောင်ဖို့………….ရွှေမြောင်သွယ်စီး
မြစ်ကြီးဧရာ………….ရာဇ၀င်မြတ်နိုး
သတိုးသမီး………….စီးဆင်းပါလေ
စီးပါစေဟု………….ဆုခြွေတောင့်တ
ဘ၀များစွာ………….ဆန္ဒလွှာကို
ဧရာဝတီ………….ကြားမိသည်လား
မပီဝိုးတ၀ါး………….ငိုသံများနှင့်
မနားလျင်လျင်………….ရေသံထင်သည်
တောင်ချင်နေသည် ဆုတစ်ခု……

သည်လယ်ကိုမှီ………….မပီဘဝ
ပီပီသအောင်………….လုံ့လမချ
အားထုတ်ကြရင်း………….လယ်ကကျွေးမှ
ဝမ်းလေးက၀………….ခါးကလှပေါ့
သားလှသမီး…………. နောင်ရေးမီးကို
လယ်သီးနဲ့ထွန်း………….ရွှေပုံသွန်းမယ်
မယွန်းရွယ်ရည်…………. စိတ်ကူးသည်ပေါ့
မျက်ရည်ဝိုင်းစို့…………. မျက်ဝန်းတို.လည်း
တောင်းလို့နေသည် ဆုတစ်ခု….

သြော်….သူတို့မြန်မာ…………. တို့မြန်မာ
ငါ၏မြန်မာ…………. သင့်မြန်မာ
သာယာပါစေ…………. ငြိမ်းချမ်းစေတော့
တောင်းနေဆုသံ…………. မိုးထက်ညံခဲ့
ထိုသံများထဲ…………. သွေးတွေလည်းပါ
သက်လည်းပါသည်…………. မျက်ရည်တွေပါ
နာကျင်ရှိုက်ငို…………. လူထိုထိုတို့
လိုချင်အာသာ…………. ပြင်းထန်စွာဖြင့်
တောင်းခါနေသည် ကြာခဲ့ပြီပေါ့
ပြည်သူ့အလို…………. ဒီမိုကရေစီ
ရွှေပြည်အနှစ်…………. ပီပြင်သစ်၍
တို.ချစ်မြန်မာ…………. ငြိမ်းချမ်းစွာဖြင့်
သာယာလန်းလန်း………….ပွင့်ဖို့မှန်းရင်း
ငြိမ်းချမ်းပါစေ………….မြန်မာပြေ(ပြည်)ဟု
ငါလေဆုတောင်းမိတကား…..

  

အဖြူရောင်အားမာန်အွန်လိုင်းမိသားစု

ငြိမ်းချမ်းပါစေ မြန်မာပြည်  ပြိုင်ပွှဲဝင် ကဗျာ များ

ငြိမ်းချမ်းပါစေ မြန်မာပြည် ကဗျာ စာမျက်နှာများ

 http://www.apahuyaung.org/group/apahuyaung/page/sky