Pages

Saturday, August 31, 2013

စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး

စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး
------------------------------------------------
စုဖုရားလတ်ခြေရာကို တသွေမတိမ်းနင်းနိုင်သော ထက်ထက်မြတ်မြတ် ရှားရှားပါးပါးသမီးတော်ပင်။
၁၈၈၇ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ရတနာဂီရိ သီပေါစံအိမ်တော်၌ မွေးဖွားခဲ့သော ရတနာဂီရိသူ စစ်စစ် ဖြစ်သည်။

ရတနာဂီရိမှ မပြန်ခင် အင်္ဂလိပ်တို့ထံ ရနိုင်သောအခွင့်အရေးမှန်သမျှကို မိခင်ကြီးနှင့် တိုင်ပင်ကာ တက်တက်ကြွကြွ နှင့် တိုက်ယူလို့ ရတာ တိုက်ယူရင်း ရသလောက်တောင်းဆိုနိုင်သော သမီးပင်၊ အင်္ဂလိပ်စာတတ်မြောက်သောကြောင့် လည်း မိခင်ရော ဖခင်ဘုရင် ကြီး ကပါ အရာရာကို အားကိုးယုံကြည်နေရသည်။

၁၉၂၁ ခုနှစ်တွင် ရန်ကုန်သို့ပြန်ရောက်သောအခါ မိခင်ကြီး စုဖုရားလတ်၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုကိုနိုင် ဆိုသူနှင့် လက်ထပ်ခဲ့သည်။
သား( ၄ )ယောက်၊ သမီး ( ၂ ) ယောက်ထွန်းကားခဲ့သည်။

၁။ တော်ဘုရားကြီးက ၁၉၄၈ ခုနှစ်တွင် ရောင်စုံသောင်းကျန်းသူတို့၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့ သည်။
၂။ တော်ဘုရားက မောင်နှမ၀မ်းကွဲ ထိပ်စုကြီးနှင့် လက်ထပ်ခဲ့သည်။
၃။ တော်ဘုရားငယ်မှာ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပညာတတ် ဟုသိရ၏။
၎။ တော်ဘုရားကလေးမှာ အများပြည်သူများ သိကြပြီးသော ဦးအောင်ဇေ ဖြစ်သည်။

၁။ ထိပ်စုဖုရားကြီး မှာ အနုပညာကို ၀ါသနာပါသောကြောင့် ပန်းချီ အနုပညာရှင်အဖြစ် လူသိများခဲ့သည်။
၂။ ထိပ်စုဖုရားထွေးမှာ ရေကူးချန်ပီယံ၊ မယ်ဗမာ ချန်ယီယံဖြစ်ပြီး ကိုယ်လက်ကြံ့ခိုင်ရေးအသင်းမှာ စည်းရုံးရေးမှုးပင် ဖြစ်ခဲ့သည် ဟု သိရသည်။

သီပေါမင်းနှင့် စုဖုရားလတ်တို့၏ သွေးအပြည့်ပါသော စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး သည် အမိမြန် မာပြည် ပြန်ရောက်သော်လည်း သူ့ကျွန်ဘ၀ကို ရောက်ခဲ့ရသော နာကျည်းချက်၊ ရတနာဂီရိဟူသော ဘာသာမတူ ၊ လူမျိုးမတူ၊ ကိုးကွယ်ရာမတူသော တနယ်တကျေး ရပ်ဝေးတွင် မျက်နှာငယ်စွာ နေခဲ့ရသော ခံပြင်းစိတ်၊ နာကျည်းစိတ်တို့ဖြင့် “ စတုတ္ထ သမီးတော်၏ အရေးတော်ပုံစာတမ်း ” ဟူသောခေါင်းစဉ်ဖြင့် ထိုခေတ်အခါက United Nation ( ယခုအခေါ် ) ကုလ သမဂ္ဂ အဖွဲ့အစည်းအထိ တက်ရောက်ကာ စာတမ်းတင်သွင်းခဲ့သောကြောင့် ဗြိတိသျှ အစိုးရက မော်လမြိုင်သို့ အကျယ်ချုပ်ဖြင့် နယ်နှင်ဒဏ် ခတ်ခံခဲ့ရသည်။

*စတုတ္ထသမီးတော်၏ သမီးကြီး ထိပ်စုဖုရားကြီး ဖြစ်ပါတယ်။သက်တော်(၉၁)နှစ်ရှိပါပြီ။





 https://www.facebook.com/photo.php?fbid=603655262990857&set=a.350174428338943.78250.100000391658385&type=1&relevant_count=1

ဘလော့ဂါဒေး အမှတ်တရ 31.8.2013

 ဘလော့ဂါဒေး အမှတ်တရ  31.8.2013

ဘလော့ ဘလော့ဂါ သူငယ်ချင်းများအတွက်

ဘလော့ဂါ စာပေ မြို့တော်ဟာ အတ္တကင်းမဲ့ဇုန်
 မေတ္တာရိပ်မြုံ ပေါ့ အလည်လာပါ သူငယ်ချင်း
ဘလော့ဂါတွေရဲ့ စာပေ.မြို.တော်ကို ဖိတ်ခေါ်ပါတယ် သူငယ်ချင်း

ငါတို.ဘလော့မြို.တော် လေးကို မင်းအိမ်လို သဘောထား
စိတ်ရင်းဖြူစင်စွာဖြင့် သန်.ရှင်း သပ်ရပ်အောင် စောင့်ရှောက်ပေးပါ သူငယ်ချင်း

သူငယ်ချင်းးးးး
သူငယ်ချင်း ဆိုတာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် မင်းပျော်ရင် ငါ ရယ်
မင်းပြုံးရင် ငါမြူး အားငယ်ချိန်အားပေး
 ၁ ယောက်ရင် ထဲရှိတာ ကို ၁ ယောက် မကွယ် မ၀ှက်
ဆိုးတိုင်ပင် ကောင်းတိုင်ပင် လက်တွဲဖော်ပေါ့ သူငယ်ချင်း

မင်းမှာ ရှိတဲ့ ဗဟုသုတ  အသိပညာ ၊ အတွေးအခေါ် ၊
ခံစားမျှဝေတဲ့ စာပေ ရပ်ဝန်းလေးပေါ့  သူငယ်ချင်း

စိတ်ပျော်ရွှင်စရာ ။ခဏအမောအပန်း ဖြေ သိပ်စရာ၊စာပေရပ်ဝန်းမှာ
မင်းလာချိန်မှာ ငါမရှိလဲ ငါလာချိန်မှာ ၊မင်းကိုမတွေ.လဲစာပေတွေကို
ဖတ်ရှုကြည့်ပြီး စိတ်ချမ်းသာမှု့ ဧည့်ဝတ်ကျေတယ် သူငယ်ချင်း

သူငယ်ချင်းး
အဖြူသက်သက်  လွတ်လပ်မှုထဲမှ သူငယ်ချင်းးးးးး

တကယ်ဆို
ငါတို့တွေဟာ  ညီအစ်ကို အရင်းမဟုတ်
 ဆွေမျိုးမတော် ငါတို့တွေဟာ  ဆရာတပည့်မဟုတ်
ငါတို့တွေဟာ မောင်နှမအရင်းမမည်  ငါ့လက်အောက်မှာ မင်းမရှိသလို
မင်းအပေါ်လည်း ငါမမှီခိုလေတော့ မင်းရဲ့တလွဲမာနတွေ ယူမလာနဲ့သူငယ်ချင်း

မင်းရဲ့သူငယ်ချင်း  ငါကလည်း  မင်း အလုပ်သမားမဟုတ်သလို
မင်းကလည်း ငါ့လုပ်ငန်းရှင်မဟုတ်ဘူး
မင်းကငါ့ရဲ့  အထက်လူကြီးမဟုတ်သလို
ငါကလည်း မင်းလခစားမဟုတ်ဘူး   သူငယ်ချင်း

ငါတို့တွေဟာ အာဏာရှင်နဲ့ ကျွန်တွေမဟုတ်
မင်းယုံကြည်ချက်နဲ့လမ်းကို မင်းသွားနေသလို 
ငါယုံကြည်ချက်နဲ့လမ်း  ငါသွားနေတာ  သူငယ်ချင်း

မင်းရဲ့အတ္တ မင်းရဲ့မာန ဘလော့ဂါဆိုတဲ့ ဒီမြို့တော်မှာ  ယူမလာနဲ့   သူငယ်ချင်း
ကိုယ့်နေရာ ကိုယ်နေထိုင်ကြတာ  သူငယ်ချင်း
ပျော်ရွှင်စရာ ဒီမြို.တော်မှာ ရာထူးဂုဏ်ထူး ဘေးဖယ်ထားလိုက်   သူငယ်ချင်း

ဘလော့ဆိုတဲ့ စာပေမြိုံ့တော်ဟာ
ဆင်းရဲ  ချမ်းသာ ဘေးဖယ်ထားလိုက်   သူငယ်ချင်း
အသက်အရွယ်   ဘေးဖယ်ထားလိုက်   သူငယ်ချင်း
ကျား မ  မဟူ လိင်တူ လိင်ကွဲ မခွဲခြားဘူး သူငယ်ချင်း

ဗဟုသုတရှာမှီးစရာ ရသ၊ သုတ ၊ ကဗျာ ၊လင်္ကာ၊ တရားတော်နဲ.
တိုင်းပြည်ရေးရာ သိမှတ်စရာ
နိုင်ငံရေးအကြောင်း ၁စေ.၁စောင်း
မှတ်သားနာယူ အဖြာဖြာပေါ့ ယူတတ်သူက ရနိုင်ပါတယ် သူငယ်ချင်း

၁ ယောက် ၁ကမ္ဘာ ဖော်ဝေးသူတွေ မေတ္တာ မျှရာ ခိုလှုံရာပေါ့
အေးချမ်းပါတယ်     သူငယ်ချင်း
မသိလဲခင် သိလည်းမင်ပေါ့   နွေးထွေးလှတယ် သူငယ်ချင်း
မမြင်လဲခင် မြင်လဲခင် ၊ မသိလဲလွမ်း သိလဲလွမ်း ။
စာဖတ်သူတွေ စာရေးသူတွေ သွားလာလည်ပတ် နားခိုရာပေါ့ သူငယ်ချင်း။

ကမ္ဘာအရပ်အရပ်ရပ်နေထိုင်သူတွေ ကျန်းမာပါစေ
နေကောင်းရဲ.လား ။ လက်ဆောင်ပေးရင်း လှည့်လည်
လည်ပတ် နားခိုရာပါ  သူငယ်ချင်း

ဘလော့ဂါဆိုတဲ့ စာပေမြိုံ့တော်ဟာ
 တန်ဖိုးရှိတဲ့အချိန်လေးတွေ ဖဲ့ပေးရင်းနဲ့
ပရဟိတတွေ လက်ချင်းချိတ်ဆက် အများအကျိုးသယ်ပိုးပျော်ရာ
အတ္တကင်းမဲ့ဇုံ   စိတ်အပန်းဖြေစရာ   မေတ္တာရိပ်မြုံပေါ့   သူငယ်ချင်း

မင်းအားလပ်ချိန် စိတ်ညစ်ညူးချိန်
 မောပန်းလာချိန်မှာ  အနားယူပါ သူငယ်ချင်းးးးးးး

သူငယ်ချင်းဆိုသော  သူငယ်ချင်း 
မေတ္တာရိပ်မြုံ ဘလော့ဟုဆိုသော စာပေ မြို့တော်ကို
လာလည်ဖို့ ဖိတ်ခေါ်ပါတယ်  သူငယ်ချင်း




ကမ္ဘာမြေရဲ့ အဝေးတစ်နေရာမှ
မေတ္တာပေးဝေနေတဲ့
သူငယ်ချင်း ရဲ့ သူငယ်ချင်းးးး

အားလုံးဘေးရန်ကင်းဝေး :emoticons:ကျန်းမာပျှော်ရွှင်ကြပါစေ..

စာဖတ်သူ၏ အားပေးမှုသည် စာရေးသူ၏ အင်အားတစ်ရပ်ဖြစ်ပေါ်စေပါသည်..
အကြောင်းအမျိုးမျိုးကြောင့်
လိုင်းမကောင်းလို့ အိမ်လေးတွေမလည်နိုင် စာမတင်နိုင် မမန့်နိုင်ခဲ့ရင်လည်း

စာပေလောကထဲမှ မန်ဘာများနဲ့ စာရေးသားသူများမှ သည်းခံပြီး နားလည်ပေးပါနော်..





Friday, August 23, 2013

စာပေလောကအမှတ်တရ

စာပေလောကအမှတ်တရ
သူငယ်ချင်းကောင်းပေါ့သူငယ်ချင်းရယ်

တစ်ယောက်တစ်ယောက်
မသိမမြင် စာပေချစ်ခင်
မငြိုငြင်ဖူး တူတူတွဲလို့ပျော်ဖူးတယ်။

သူငို ငါချော့ ဖေးဖေးမမ
ဝေးနေသော်ငြား ရင်မှစေတနာ
မေတ္တာဝေဖြာ စာပေချစ်သူ
နှီးနှောကျွမ်းဝင် အားပေးဖော်ပေါ့ သူငယ်ချင်းရယ်။

တနေ့တရက် ပျက်ကွက်ခဲ့ချိန်
စာကဗျာမတင် နေမှကောင်းလား
စိတ်ဝယ်ပူပင် စိုးရိမ်တတ်သူ
သူငယ်ချင်းရယ်။

မင်းမတွေ့ငါမျှော် ငါ့မတွေ့မင်းမျှော်
ဖြူဖြူစင်စင် ခင်ခင်မင်မင် ရင်းနှီးနောက်ပြောင်
ဟာသတွေနှော အားပေးဖော်လေး သူငယ်ချင်းရယ်။

တစ်ယောက်တစ်လက်
နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်။

သိပ်ခင်မင်တဲ့ ဒီလိုသူငယ်ချင်း ဘယ်လိုပုံဟန်
မသိမမြင်မတွေ့သော်ငြား ခင်မင်မှုမပျက်
သူငယ်ချင်းကောင်းပေါ့ သူငယ်ချင်းရယ်........။

သူငယ်ချင်းချစ်သူ
ချစ်သူငယ်ချင်းလေး ဘယ်လိုဝေးဝေး
မကွဲစိတ်ထား စာပေနယ်မှာရှိပါတယ်။

စာတွေသီကုံး ကဗျာဆိုအချစ်ဆုံး
ရေးသမျှစာ ကွန်မန့်တွေပေး
အတွေးခက်လို့ အရေးပျက်ချိန်
စာကဗျာရေး ဂျစ်တိုက်တတ်တဲ့
သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်။

ပြောဆိုသမျှ ပြန်မပြောငြား
စိတ်ရှည်သည်းခံ စောင့်ဆိုင်းဟန်နဲ့
တိတ်တိတ်လေးပဲ နေတော့မယ်နော်
ထမင်းစား ဆေးသောက်
နေမှကောင်းလားစိတ်ဝယ်ပူပင်
စိုးရိမ်တတ်သူ ဒီလိုသူငယ်ချင်း
ဒီအွန်လိုင်းပေါ်ရှိပါတယ်။

ပညာ ရာထူး ဂုဏ်တုဂုဏ်ပြိုင် မာနမရှိ
အသက် မကြည့် ကြီးသည် ငယ်သည် အမှုမထား
ဝေးဝေးနီးနီး တွယ်ငြိ ရင်မှာ ဖြူစင်မှုထား
ခင်မင်မှုနဲ့ ချစ်သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းတွေ မမြင်မသိ
ဖေးမစောင့်ရှောက် ချစ်ခင်တွယ်တာ
မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းလေးချစ်သူရယ်
မင်းတို့အတွက် အမှတ်တရ
စာတွေသီကုံး ကဗျာတွေသီကုံး
ချစ်ခင်လွန်းလို့ အမှတ်တရရေးလိုက်တယ်

သူငယ်ချင်းကောင်းအတွက်

မွေးသည့်အမေ ကျွေးသည့်အဖေ
ဦးထိပ်ထားလို့  တာဝန်ကျေခဲ့ ပြီးပြီလော

ဆွေမျိုးမိတ်သဟာ ညာတကာနဲ့ 
ပျော်ရွှင်လို့ ရော ၀ပြီလော

ချီးနှီးချိန်ကုန်. ဘ၀ပေါင်းစုံ
လူဖြစ်လို့ ရော မြတ်ပြီလော

ဘုရားသွား ကျောင်းတက် ချစ်ခင်သူနဲ့ 
ပေါင်းဖက်လို့ ရော ၀ပြီလော

မချစ်မနှစ်သက်သူ ဆူပူသူနှင့်
မုန်းတီးလို့ ရော ၀ပြီလော

သင့်တွက် ချိန်တာ တိုလွန်းတာမို့ 
ရယူလို့ ရော ၀ပြီလော

အသိထလော သတိနိုးလော
ပညာနှင့် ယှဉ် ဥာဏ်နှင့် ယှဉ်လော

သာသနာ့  အကျိုး
ပြည်ရွာ အကျိုး...သင်သယ်ပိုး သည်

ဘ၀များစွာ သံသရာက
တော်စပ်ဖူးသည့်
မိ ကို လက်ယာ ဖ ကိုလက်ဝဲ
ပေးဆပ်ရင်းနဲ့  .... အသက်ရာကျော် မြဲပါစေ။။
ပျော်ရွှင်ပါစေ..
.ကြည်နူး စိတ်ဝမ်း ချမ်းမြေ့ပါစေ

သူငယ်ချင်းကောင်းပေါ့
ဝမ်းနည်းအားငယ်ချိန်
တိုင်ပင်ဖော်လိုအပ်တဲ့ အချိန်
နာကျည်းကြေကွဲချိန်
ဒုက္ခပင်လယ်ဝေတဲ့အချိန်
ပျော်စရာရှိလည်းမျှဝေ
ငိုစရာရှိလည်းပုခုံးလေးငှား
မျှဝေခံစားပေးနိုင်တာ
ကျေးဇူးတင်ပါတယ်သူငယ်ချင်းရယ်။



Wednesday, August 21, 2013

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မေတ္တာပွါးများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း.

သာသနာတော်နှစ် ၂၅၅၆ ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု ၀ါခေါင်လဆန်း (၁၅)ရက် စနေနေ့ ၁.၉.၂၀၁၂ မေတ္တာအခါတော်နေ့ မေတ္တာသုတ် ပါဠိ

ယဿာ နုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိစေ၀ါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ ' မ တန္ဒိတော။

သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

ကရဏီယ မတ္ထ ကုသလေန၊ ယန္တ သန္တံ ပဒံ အဘိ သမေစ္စ။
သက္ကော ဥဇူ စ သုဟု ဇူ စ၊ သုဝစော စဿ မုဒု အနတိမာနိ။

သန္တုဿကော စ သုဘရော စ၊ အပ္ပ ကိစ္စော စ သလ' ဟုက ၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပ ဂဗ္ဘော ကုလေသွ ' န နုဂိဒ္ဓေါ။

န စ ခုဒ္ဒ ' မာစရေ ကိဉ္စိ၊ ယေန ၀ိညူပရေ ဥပ၀ဒေယျုံ။
သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ န၀ သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုက ထူလာ။

ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ၀၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည ၊ နာညမညဿ ဒုက္ခ ' မိစ္ဆေယျ ။

မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ ' မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ'မသပတ္တံ။

တိဋ္ဌံစရံ နိသိန္နောဝ၊ သယာနော ယာဝတာ'ဿ ၀ိတမိဒ္ဓေါ။
ဧတံသတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ'မေတံ ၀ိဟာရ မိဓ'မာဟု။

ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊
န-ဟိ ဇာတုဂ္ဂဗ္ဘ သေယျ ပုန ရေတိ။

မေတ္တ သုတ္တံ နိဋ္ဌိတံ။

မေတ္တာသုတ် မြန်မာပြန်

မေတ္တာ သုတ်တော် သည် ခုဒ္ဒက နိကာယ်၊ ခုဒ္ဒကပါဌ ပါဠိတော် နှင့် သုတ္တ နိပါတ်ပါဠိတော် မှ ဖြစ်ပါသည်။ မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်းရှိလေသည်။

မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြ၀ံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဥ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။

ချမ်းသာစွာအိပ်ရ၏၊ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိ မျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာ သုတ် ပရိတ်တော်ကို အို- သူတော်ကောင်းတို့ ငါတို့ရွတ်ဖတ်ကြပါကုန်စို့။

လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေးချမ်း သော နိဗ္ဗာန်ကိုအာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ် ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏၊ စိတ်သဘော ထား ကောင်းစွာ ဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏၊ နူးညံ့သိမ်မွေ့ရာ၏၊ သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။

ရောင့်ရဲလွယ်ရာ၏၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသော အမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သော ဣနြေ္ဒရှိရာ၏၊ အရာရာ ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော Óဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရာ။

ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစ်စုံတစ်ခုသော မကောင်းမှုကို အနည်း ငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တ၀ါတို့သည် ကိုယ်၏ချမ်း သာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ကုန်သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။

အကြွင်းမရှိ အလုံးစုံ ထွက်သက် ၀င်သက်ရှိသော သတ္တ၀ါ၊ ထင်ရှားရှိသော သတ္တ၀ါ၊ ထိတ်လန့်တတ်သော သတ္တ၀ါ၊ တည်ကြည်ငြိမ်သက်သော သတ္တ၀ါ၊ရှည်သော သတ္တ၀ါ၊ တိုသော သတ္တ၀ါ၊ ပုကွသော သတ္တ၀ါ၊ မတိုမရှည်သော သတ္တ၀ါ၊ ကြီးသော သတ္တ၀ါ၊ ငယ်သော သတ္တ၀ါ၊ မကြီးမငယ်သော သတ္တ၀ါ၊ ဆူသော သတ္တ၀ါ၊ ကြုံ့သော သတ္တ၀ါ၊ မဆူမကြုံ့သော သတ္တ၀ါ။

မျက်စိဖြင့် မြင်ကောင်းသော သတ္တ၀ါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တ၀ါ၊ အဝေး၌နေသော သတ္တ၀ါ၊ အနီး၌နေသော သတ္တ၀ါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တ၀ါ၊ ဖြစ်ဆဲတည်နေသော သတ္တ၀ါ၊ ဤအလုံးစုံသော သတ္တ၀ါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။

တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ၀စီကံဖြင့်လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုး ထားသော စိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။

အမိသည် မိမိရင်သွေးဖြစ်သော တစ်ဦးတည်းသောသားငယ်ကို အသက် အတွက်ကြောင့် အဖန်တလဲလဲစောင့်ရှောက်သကဲ့သို့ ဤနည်းအတူသာလျှင် ခပ်သိမ်း သောသတ္တ၀ါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။

ကာမဘ၀တည်းဟူသော အောက်လောက၌ လည်းကောင်း၊ ရူပဘ၀တည်း ဟူသော အလယ်လောက၌ လည်းကောင်း၊ အရူပဘ၀တည်းဟူသော အထက် လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်း ခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန်လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။

ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော်လည်းကောင်း၊ ထိုင်နေစဉ် သော်လည်းကောင်း၊ လဲလျောင်းနေစဉ်သော်လည်းကောင်း၊ မအိပ်မငိုက်သမျှ ကာလ ပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့်ယှဉ်၍ နေထိုင်ခြင်းကို ]]မြတ်သော နေထိုင်ခြင်း}} ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။

မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက် ပြန် မိစ္ဆာ ဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ၀တ္ထုကာမ ကိလေသာကာမတို့၌ တပ်မက် မောခြင်းကင်းသောကြောင့် နောက်တဖန် အမိဝမ်းတွင်း ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်တော့ပြီ။

http://www.mettashinfoundation.com/

မေတ္တာပို့သမှု အကျိုး (၁၁) ပါး

(၁) ချမ်းသာစွာ အိပ်ရခြင်း၊

(၂) ချမ်းသာစွာ နိုးရခြင်း၊

(၃) မကောင်းအိပ်မက် မမြင်မက်ရခြင်း၊

(၄) လူတို့ ချစ်ခင်နှစ်သက်ခြင်း၊

(၅) နတ်တို့ ချစ်ခင်မြတ်နိုးခြင်း၊

(၆) နတ်တို့ စောင့်ရှောက်ခြင်း၊

(၇) မီး, အဆိပ်, လက်နက် မသင့်နိုင်ခြင်း၊

(၈) စိတ်လျင်မြန်စွာ တည်ကြည်ခြင်း၊

(၉) မျက်နှာရုပ်အဆင်း ကြည်လင်ရွှင်ပြခြင်း၊

( ၁၀) မတွေဝေဘဲ သေရခြင်း၊

(၁၁) သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း

အိပ်, နိုး, ချမ်းသာ၊ ကောင်းစွာအိပ်မက်၊

ချစ်လျက် လူနတ်၊ စောင့်လက်နက်များ၊

မီး, ဆိပ်, ဓါးတို့၊ ရှောင်ရှားကိုယ်မှာ၊

လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊

သေခါမတွေ၊ လားလေဗြဟ္မာ၊

ဆယ့်တစ်ဖြာသည်၊ မေတ္တာပွါးမှု အကျိုးတည်း။

တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်၊

မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊
မေတ္တာပွါးများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။


မြတ်စွာဘုရား ကောသလတိုင်း သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်းစံပျော် နေတော်မူသောကာလ၊ တစ်ခုသော ၀ါဆိုဦးမှာ သံဃာတော်အပါး (၅၀၀) တို့ ဘုရားထံမှာ တောင်းခံပြီး တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေကြပါတယ်။

ထိုတောတွင် ရှိနေကြသော နတ်များက သံဃာတော်တို့၏ သီလအရှိန်ကို ရိုသေကြသောကြောင့် မိမိတို့ နေရာများမှာ ဖယ်ရှားပေးကြ၊ ရှောင်နေကြပါတယ်။ လေးစားအပ်သော ဧည့်သည်များမိမိတို့နေရာသို့ ကြာကြာကြီး လာရောက်လျှင် အိပ်ရှင် အနေကြပ်သလိုပါပဲ၊ သံဃာကို ရိုသေတဲ့ နတ်များ ရုက္ခစိုး ဘုမ္မစိုးများပေါ့၊ အနေကြပ်ကြတဲ့အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြတဲ့ သံဃာတော်များကို ခြိမ်းခြောက်ကြ၊ ခြောက်လှန့်ကြပါတယ်။

အဲ့ဒါကြောင့် သံဃာတော်များ သမာဓိပျက်ပြီး ၀ါဆိုပြီးစ ၀ါတွင်းကာလမှာပဲ ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ရပါတယ်၊ မြတ်စွာဘုရားက မေးစစ်တော့
တောချောက်လို့ ပြန်လာခဲ့ရတဲ့အကြောင်း လျှောက်ထားကြပါတယ်။

အဲ့ဒီအခါ မြတ်ဘုရားက သင်တို့ အဲ့ဒီတောက နတ်တွေကို မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့်တာပဲ။ သူတို့နေရာမှာ သူတို့ကို ကောင်းစွာမိတ်ဖွဲ့ပြီးမှ နေကြမယ်ဆိုလျှင် ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။

ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို သင်ယူသွားကြ၊ ဒီနေရာ ဒီတောကိုပဲ ပြန်သွားကြ၊ တောသို့မ၀င်ခင် အဲဒီနတ်တွေကို မိတ်ဖွဲ့ကြ မိတ်ဆွေဖွဲ့ကြောင်း အကျင့်ကောင်းကတော့ မေတ္တာတရားပဲဟု မိန့်တော်မူကာ မေတ္တသုတ်ကို ဟောတော်မူပါတယ်။

မေတ္တာသုတ်ကို နာကြားသင်ယူပြီ ထိုရဟန်း (၅၀၀) တို့ ထိုတောထဲကို ပြန်သွားကြရပါတယ်။ တောမ၀င်ခင် မေတ္တာပွားကြတဲ့အတွက် ယခင်ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ ယခုတော့ ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ ခရီးဦးကြိုဆို၍ နေရာပေးကြ ပြုစုလုပ်ကျွေးကြပါတယ်။

မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး နတ်များအစောင့်အရှောက်ဖြင့် အထက်ပါ ရဟန်း (၅၀၀) တို့ ထိုတောထဲမှာပဲ ၀ါဆို ၀ါကပ်ပြု၍ တရားအားထုတ်ကြရာ အားလုံး ၀ါတွင်းမှာပဲ ရဟန္တာဖြစ်ကြပါတယ်၊ ဒုတိယ ပ၀ါရဏာပြု အပြီးမှာ ဘုရားဖူးဖို့ ပြန်လည်အစီရင်ခံဖို့ ဇေတ၀န်သို့ ပြန်ခဲ့ကြပါတယ်။

အထက်ပါ အတ္ထုပ္ပတ္တိအသွားအလာကို ကြည့်လျှင် နတ်များချောက်သဖြင့် ဇေတ၀န်ပြန်ရောက်တာ ၀ါခေါင်လပြည့် ဒုတိယ ၀ါဆိုနေ့ပါပဲ။ မေတ္တာသုတ်ကို ထိုနေ့မှာ နာကြားပြီး တိုတောသို့ပဲပြန်၍ ၀ါကပ်ခဲ့ရတာဖြစ်ပါတယ်၊ ထို့ကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာသုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့ ခေါ်ဆိုနိုင်ခြင်း ဖြစ်ပါတယ်။

မေတ္တာဆိုတာကို အဘိဓမ္မာမှာ တရားကိုယ်အားဖြင့် အဒေါသ စေတသိက်လို့ ဆိုပါတယ်၊ အမျက်မထွက်ခြင်း၊ စိတ်မဆိုးခြင်း၊ မဖျက်ဆီးခြင်း၊ မနှောက်ယှက်ခြင်း၊ ရန်မပြုခြင်းစသည် အဓိပ္ပါယ်များရပါတယ်။ ဒေါသက ရန်ညှိုးရန်သူဖွဲ့တဲ့ မကောင်းတဲ့တရားဖြစ်လို့၊ အဒေါသက မိတ်ဆွေဖွဲ့တဲ့တရား ချစ်ခင်သူများပြားအောင် စည်းရုံးတဲ့ အကောင်းတရားပါပဲ။

ဒေါသသည် အပူဓာတ်ဖြစ်လို့ အဖွဲ့အစည်းကို ပျက်ပြယ်စေတတ်ပါတယ်၊ အဒေါသကတော့ အအေးဓာတ်ဖြစ်တဲ့အတွက် အဖွဲ့အစည်းကို အားပေးခိုင်မြဲစေပါတယ်။ မှန်ပါတယ်၊ ဒေါသအားကြီးတဲ့ သတ္တ၀ါများမှာ ကြမ်းထမ်းတဲ့ သဘောတွေ လွှမ်းနေတာကြောင့် ချဉ်းကပ်ပေါင်းသင်းဖို့ အလွန်ခက်နေပါတယ်။ သူတို့မှာ ချစ်ခင်သူမိတ်ဆွေ ရှားပါးနေတတ်ပါတယ်၊ ကျားတွေ ခြင်္သေ့တွေ မြွေပွေး မြွေဟောက်တွေ အနီးအနားသို့ လူတွေ တရိစ္ဆာန်တွေဟာ ချဉ်းကပ်ဖို့ရန် မ၀ံ့မရဲ ခက်ခဲနေသလိုပါပဲ။

ဒါကြောင့် မေတ္တာဘာဝနာဆိုတာဟာ ကျား ခြင်္သေ့ မြွေပွေး မြွေဟောက်နဲ့တူတဲ့ ဒေသစိတ်ကို ခေါင်းပါးအောင် ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့ ကျင့်စဉ်ပဲဖြစ်ပါတယ်။

မေတ္တာသုတ်မှာ တောရပ်မှီရဟန်း (၅၀၀) တို့အား မြတ်စွာဘုရားက မေတ္တာဘာဝနာ ကျင့်မည့်ပုဂ္ဂိုလ်သည် ရှေ့ပြေးအကျင့် (၁၄) ပါးကိုကျင့်ရမယ်လို့ ဟောပါတယ်။ တကယ်တော့ မေတ္တာဘာဝနာဖြင့် ဒေါသကို လျော့၍ လျော့၍၊ နှိမ်၍ နှိမ်၍၊ ပယ်၍ ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း ဒေါသခေါင်းပါးလာသောအခါ အတ္ထကုသလ၊ သက္က၊ ဥဇုစသော ကောင်းမြတ်သည့် ဂုဏ်အရည်အချင်းများ တိုးတက်လာမည်ဖြစ်ပါသည်။

အတ္ထကုသလဆိုတာ အကျိုးစီးပွားရှိသည့် အလုပ်၌ ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။ ဒေါသော အတ္ထံ န ဇာနာတိ စသည်ဖြင့် ဟောသော ဒေသနာများမှာ ဒေါသသည် ကောင်းကျိုး ဆိုးကျိုးကိုမသိ မမြင်ဟု ဟောတော်မူပါသည်။

အဲ့ဒါကြောင့် ဒေါသကင်းသောစိတ်၊ အဒေါသစိတ်ကို ပိုင်ဆိုင်သူသည်သာလျှင် အတ္ထကုသလ-အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊ သက္ကော-မိမိသူတစ်ပါး အကျိုးများသည့် လုပ်ငန်း၌ စွမ်းနိုင်သူစသည် ဖြစ်လာပါလိမ့်မည်။ ဒေါသအမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့် လူအများ အကျိုးဖြစ်မည့်လုပ်ငန်းမျိုး၌ ကျွမ်းကျင်မှုနှင့်စွမ်းရည်များ မရှိတော့သည့်အပြင် ပျက်စီးခြင်းသို့ပင် ကျရောက်သွားနိုင်ပါသည်။

သို့ဖြစ်၍ ဒေါသစိတ်ကို မေတ္တာဖြင့်ပယ်ရှား နိုင်သူသည်-
၁။ မိမိသူတစ်ပါး ကောင်းကျိုးများမည့် လုပ်ငန်းများ၌ ကျွမ်းကျင်နိုင်နင်းလာမည်။
၂။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများရှိလာမည်။
၃။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်သုံးပါး အလွန်ဖြောင့်မတ်လာမည်။
၎။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆိုဆက်ဆံရာမှာ အလွန်လွယ်ကူလာမည်။
၅။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင် နေတတ်သူဖြစ်လာမည်။
၆။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့ လွယ်ကူချောမွေ့နေမည်။
၇။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်သည့်အတွက် အမှုကိစ္စမများတော့ပေ။
၈။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး ကိုယ်နှုတ်စိတ်များ ပေါ့ပါးသွက်လက်လာမည်။
၉။ တည်ငြိမ်သောစိတ်ထား၊ ရင်ကျက်သော အသိဉာဏ်၊ ယဉ်ကျေးသိမ့်မွေ့ချိုသာသော စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း (Gentle-man) တစ်ယောက်ဖြစ်လာလိမ့်မည်။
၁၀။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိပတ်ဝန်းကျင် လောကနှင့် လူသားတို့ အပေါ်မှာ ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ညိကပ်၍ မနေဘဲ ထိုဒေါသဖြင့်ပင် အမျက်ထွက်၍ မောင်နှင်မထုတ်ဘဲ တွယ်တာခြင်း (Attachment) နှင့် တွန်းထုတ်ခြင်း (Detachment) တို့မှ လွတ်မြောက်၍ တနည်းအားဖြင့် စက်ဆုတ်ခြင်းတို့မှ လွတ်မြောက်၍ ပတ်ဝန်းကျင်နှင့်လူသားတို့အပေါ်မှာ ချစ်သူ, မုန်းသူ၊ ဝေးသူ, နီးသူ၊ ယုတ်သူ, မြတ်သူ စသည် မခွဲခြား တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊ ခွဲခြားမှုမရှိ အစွန်းနှစ်ဘက်မှ လွတ်မြောက်လာမည်ဖြစ်သည်။
ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍လည်းကောင်း၊ အပရိမာဏဟူ၍လည်းကောင်း ဟောတော်မူပါသည်။

ဤမေတ္တာသုတ်တော်၌ အကောင်းတွေချည်း ဖြစ်ပါစေဟူ၍ ပို့သောနည်း၊ မကောင်းတာတွေ မဖြစ်ပါစေနှင့်ဟူ၍ ပို့သောနည်းအားဖြင့် (၂) နည်း ကျင့်သုံးနိုင်ပါသည်။ ပထမနည်း၌ မြင်ဘူးသော သတ္ဌ၀ါ၊ မမြင်ဘူးသော သတ္တ၀ါ၊ မြင်နိုင်သောသတ္တ၀ါ၊ မမြင်နိုင်သောသတ္တ၀ါ၊ ကိလေသာရှိသော သတ္တ၀ါ၊ ကိလေသာကင်းသော သတ္တ၀ါ၊ ပဋိသန္ဓေနေဆဲ သတ္တ၀ါ၊ ဖွားမြင်ပေါက်မြောက်ပြီးသော သတ္တ၀ါ၊ ဘ၀သံသရာ ကျင်လည်နေဆဲ သတ္တ၀ါ၊ ဘ၀သံသရာခရီး ပြီးဆုံးပြီးသော သတ္တ၀ါ၊ ထိုဆိုခဲ့သော သတ္တ၀ါအားလုံးတို့သည်

၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲ့ဒီလို ပို့နိုင်ပါတယ်။
ထို့ပြင် ကိုယ်ခန္ဓာ ရှည်သောသတ္တ၀ါ၊ တိုသောသတ္တ၀ါ၊ မတိုမရှည် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာကြီးသော သတ္တ၀ါ၊ ငယ်သောသတ္တ၀ါ၊ မကြီးမငယ် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာ ၀သော, ပိန်သော, မပိန်မ၀ အလတ်စားသတ္တ၀ါ အားလုံးတို့သည်။
၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲ့ဒီလိုလည်း ပွားများနိုင်ပါတယ်။
မကောင်းတာတွေ မဖြစ်စေဖို့ဆိုတဲ့ ဒုတိယနည်းမှာ= ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ သတ္တ၀ါအားလုံးတို့သည်=
၁။ အမျက်ထွက်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၂။ လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၎။ နှောက်ယှက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၅။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၆။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၇။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။ ဟု နည်းနှစ်ပါးစုံကို ခြုံငုံ၍ ပွားများလေ့ကျင့်နိုင်ပါသည်။

မေတ္တာ၏ အဒေါသလက္ခဏာ ပိုမို၍ ထင်ရှားပေါ်လွင်စေရန် ဤသို့လည်း ဆင်ခြင်အပ်ပါသည်။ ‘‘ကိုယ်တိုင် ရင်၌လွယ်၍ မွေးဖွားလာခဲ့ရသော တစ်ဦးတည်းသော သားရှိသည့် မိခင်သည် ထိုသားငယ် ရင်ခွင်၌ နေစဉ် ကျင်ကြီးကျင်ငယ်ကို စွန့်၍ ခြေလက်တို့ဖြင့် တွန်းထိုး ကန်ကျောက်စေကာမူ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ အလျဉ်းမရှိဘဲ ထိုတစ်ယောက်တည်းသော သားရင်းကို မိမိ၏အသက်ကိုပင်စွန့်လွှတ်၍ ကာကွယ်စောင့်ရှောက်ပြုစုသလို’’ သတ္တ၀ါအားလုံးတို့၏ အပေါ်မှာ အမျက်ထွက်ခြင်း အလျဉ်းမရှိ၊ မကောင်းဖြစ်စေလိုခြင်း လုံးလုံးကင်း၍ ကောင်းကျိုးချမ်းသာချည်းသာ ဖြစ်စေချင်သော မိခင်စိတ်မျိုး ထားရမည်ဟု ဟောတော်မူပါသည်။

အနန္တ စကြာဝဠာ၊ အနန္တ သတ္တ၀ါတို့ အပေါ်မှာ ဒေါသဟူသည့် အတွင်းရန် ကင်းသဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ ကျယ်ပြန့်မွန်မြတ်သည့်စိတ်ကို တိုးပွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိဂုံးမှာ အပိုင်းအခြားမရှိသည့် သတ္တ၀ါအားလုံးတို့၏ ကောင်ကျိုးချမ်းသာ ဖြစ်စေချင်သောစိတ်၊ မကောင်းတာနှင့် ဆင်းရဲမှန်သမျှ မဖြစ်စေချင်သော, ကျယ်ပြန့်သော မွန်မြတ်သော ဟိတကာမစိတ်ကို နေ့နေ့ညည မရပ်မနား သွားသွား ရပ်ရပ် ထိုင်ထိုင် အိပ်အိပ် မတိတ်ဆိတ်ပဲ အဆက်မပြတ် ပွားများ၍သာ နေကြရာ၏။

ဤသို့လျှင် မေတ္တာအသိ အမြဲရှိသူတို့၏ နေခြင်းကို ဗြဟ္မ၀ိဟာရ (Noble Abiding) မြတ်သော နေခြင်းဟုခေါ်ပါသည်။

သူတော်စဉ်အပေါင်းတို့ ကိုယ့်ကျိုး သူ့ကျိုး ဤနှစ်မျိုးကို သည်ပိုးဆောင်ရွက်လိုသူတိုင်း ဤမေတ္တာဘာဝနာကို ပွားများကြရပါသည်။ မေတ္တာ ပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ပွားများ ကြရပါသည်။

မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ဤဘ၀မှာပင်ရရှိနိုင်ကြမည် ဖြစ်ပါသတည်း။

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
********

အရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊မဟာသဒ္ဓမ္မဇောတိကဓဇ
မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ
သီတဂူဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း

http://dhammasamye.blogspot.com/

Saturday, August 17, 2013

လူဗျ ! လူ

လူဗျ ! လူ
ငါစွဲလေးကို အရေကျိုသောက်ထားတာ
သောကနဲ့ လောဘကိုအမျိုးတော်ထားတယ်..
မာနနဲ့ဒေါသကို အဖော်ခေါ်ထားတယ်..

လူဗျ လူ .. ခင်ရာမင်ရာတွေကို သူတို့ကြိုက်တဲ့အရောင်လေးထည့်ပြ
ီးကျွေးမွေးလိုက်တယ်..

ဒေါသဖြစ်သမျှကို ကွမ်းယာလို ၀ါးစားပြီး ထွေးထုတ်ပြစ်ချင်တာဗျို့
သူ့ရဲ့ဆိုးကျိုးက နောက်ဆက်တွဲ ရောဂါရပြီးအသက်တိုစေပေမယ့်
လူဗျ ! လူ ...

ကျုပ်နှစ်သက်တာကျုပ်လုပ်တယ်..

လူဗျ လူ ..အတ္တနဲ့မိုးလင်းတာ
ကျုပ်မရှိလို့မဖြစ်ပါဘူး

စိတ်ဆိုတာ ခံစားတတ်တဲ့ သဘောတရားရှိသည်


သင်၏ စိတ်သည် လောက၏ အရောင်မျိုးစုံကိုကြည့်ပြီးလိုက်မခံစားမိပါစေနဲ့

လောကသဘာဝ ထုံးစံဟုသာ သတ်မှတ်၍ မည်သည့် အရောင်မြင်မြင်

သင်၏ စိတ် ခံစားမှု၏ရိုက်ချက်ကို တတ်နိုင်သမျှ ထိမ်းသိမ်းကာကွယ်နိုင်ပါစေ ..

မတည်မြဲသောလောကမှာ ကျန်းမာပျော်ရွှင်ပါစေ..


Tuesday, August 13, 2013

ရှစ်ပါးသီလ ဥပုသ်စောင့်တည်ဖို့အတွက်အင်တာနက်ပေါ်မှာ ကုသိုလ်ယူပါ

အင်တာနက်ပေါ်မှာ ရှစ်ပါးသီလ ဥပုသ်ဆောက်တည်ကြဖို့
အင်တာနက်ပေါ်မှာ ကုသိုလ်ယူကြမည်



“ဘုရားရှိခိုးရန်”
ဗုဒ္ဓံ ပူဇေမိ ။
ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ ပူဇေမိ-ရှိခိုးပူဇော်ကန်တော့်ပါ၏ အရှင်ဘုရား။

ဓမ္မံ ပူဇေမိ။
ဓမ္မံ-တရားတော်မြတ်ကို၊ ပူဇေမိ-ရှိခိုးပူဇော်ကန်တော့်ပါ၏အရှင်ဘုရား။

သံဃံ ပူဇေမိ။
သံဃံ-သံဃာတော်အရှင်သူမြတ်အပေါင်းကို၊ ပူဇေမိ-ရှိခိုးပူဇော်ကန်တော့်ပါ၏အရှင်ဘုရား။
--------------------------------------------------------------------------------------------------------------------------------------------------------
သြကာသ ကန်တော့ချိုး
သြကာသ သြကာသ သြကာသ ကာယကံ ၀စီက မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို
ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ်
သုံးကြိမ်မြောက်အောင် ဘုရား ရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊
ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို
ရပါလို၏ အရှင်ဘုရား။
-==========================================
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃)ခေါက်ရွတ်ဆိုရန်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဓမ္မံ သရဏံ ဂစ္ဆာမိ။
သံဃံ သရဏံ ဂစ္ဆာမိ။


ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။

အာမ ဘန္တေ-ပါအရှင်ဘုရား။
-------------------------------------------------------------------------------------------------
ရှစ်ပါးသီလ(ဒီရှစ်ပါးသီလက ဥပုသ်စောင့်တဲ့အခါဆောက်တည်ရတာ ဥပုသ်သီလပေါ့)

အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ
သီလံဒေထ မေ ဘန္တေ။

( ဒုတိယမ္ပိ ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ
အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။

(တတိယမ္ပိ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ
အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ။
(အာမဘန္တေပါ အရှင်ဘုရား။)
------------------------------------------------------------------------------

(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါမည်..။

(၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ပိုင်ရှင်မပေးသော သူတစ်ပါးပစ္စည်းကို ခိုးလိုသောစိတ်ဖြင့်ယူခြင်းမှ ရှောင်ကြဉ်ပါမည်။

(၃) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မမြတ်သော မေထုတ်အမှုကိုပြုခြင်းမှ ရှောင်ကြဉ်ပါမည်..။

(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
အလိမ်အညာမုသားစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါမည်။

(၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မူးယစ်စေတတ်သော သေရည်,သေရက်ကို သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါမည်။

(၆) ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မွန်းတည့်အခါ၌ နေ့လွဲ,ညစာ စားသောက်ခြင်းမှ ရှောင်ကြဉ်ပါမည်။

(၇) နစ္စ ဂီတ ၀ါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်းစသည်တို့ကို ပြုခြင်းမှရှောင်ကြဉ်ပါမည်။

(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ဂုဏ်ရည်မြင့်သူတို့အထက် မြင့်သောနေရာ,မြတ်သောနေရာတို့တွင်
 နေထိုင်ခြင်းမှရှောင်ကြဉ်ပါမည်။
(အာမဘန္တေ-ပါအရှင်ဘုရား)
---------------------------------------------------------------------------------------------------

 ပြီးရင်
မေတ္တာပို့ပေးရမယ်..။
ဘာဖြစ်လို့လဲဆိုတော့ သီလစင်ကြယ်မှုအကျိုးကြောင့် ပိုပြီးတော့ကုသိုလ်ရတယ်။)

“မေတ္တာပို့”
၁။ အရှေ့အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…..

၂။ အနောက်အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…..
၃။ မြောက်အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…..
၎။ တောင်အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…..

၅။ အရှေ့တောင်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…..

၆။ အနောက်မြောက်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…..
၇။ အရှေ့မြောက်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…..

၈။ အနောက်တောင်ထောင့် အရပ်၌ရှိသော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…..

၉။ အောက်အရပ်၌ရှိသော အပါယ်ဘုံသား အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…..

၁၀။ အထက်အရပ်၌ရှိသော အထက်ဝန်းကျင် အနန္တစကြ၀ဠာ အနန္တနတ်ဗြဟ္မာတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ….
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ..
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ.. နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…..

………………………………………………………………………………………………………
၁။ လုံးစုံများစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်,စိတ် မြဲပါစေ…
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်အေးကြပါစေ….။
၂။ ကြောက်တတ်,မကြောက်တတ် ၊ နှစ်ရပ်များစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်,စိတ် မြဲပါစေ…
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်အေးကြပါစေ….။
၃။ မြင်အပ်,မမြင်အပ် ၊ နှစ်ရပ်များစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်,စိတ် မြဲပါစေ…
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်အေးကြပါစေ….။
၎။ ဝေးနေ,နီးနေ ၊ နှစ်ထွေများစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်,စိတ် မြဲပါစေ…
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်အေးကြပါစေ….။
၅။ ဘ၀ဇာတ်ဆုံး ၊ မဆုံးများစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်,စိတ် မြဲပါစေ…
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်အေးကြပါစေ….။
၆။ ရှည်,တို,အလက် ၊ သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်,စိတ် မြဲပါစေ…
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်အေးကြပါစေ….။
၇။ ကြီး,ငယ်,အလတ် ၊ သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်,စိတ် မြဲပါစေ…
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်အေးကြပါစေ….။
၈။ စူ,ကြုံ,အလတ် ၊ သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်,စိတ် မြဲပါစေ…
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်အေးကြပါစေ….။
၉။ လူအချင်းချင်း ၊ လှည့်ပတ်ခြင်း ၊ ကင်းရှင်းကြပါစေ ။
၁၀။ အထင်သေးခြင်း ၊ အချင်းချင်း ၊ ကင်းရှင်းကြပါစေ..။
၁၁။ ဆင်းရဲလိုခြင်း ၊ အချင်းချင်း ၊ ကင်းရှင်းကြပါစေ…။
(မေတ္တာပို့ပြီးပြီဖြစ်တဲ့အတွက် စိတ်လည်းကြည်လင်နေပါလိမ့်မယ်..
အခုအချိန်မှာ တရားစထိုင်ပါ…..။)

တရားဖြုတ်ပြီဆိုရင်…. အမျှဝေမယ်….

“အမျှဝေ”
ယနေ့ယခု ပြလုပ်ရသော ဤကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို ရှေးရှေးဘ၀,ယခုဘဝ
တော်စပ်ကြသော အမိအဖ အဘိုးအဘွား ဆရာသမားတို့နှင့်တကွ  ငရဲသနင်း-ယမမင်း ၊
လူတို့သနင်း-ပြည့်ရှင်မင်း၊ နတ်တို့သနင်း-သကြားမင်းတို့အားလည်း
ပေးဝေငှပါ၏…။ ယနေ့ယခုပြုလုပ်ရသော ဤကုသိုလ်ကောင်းမှု၏အကျိုးကြောင့်
ဖြစ်လေရာဘ၀တိုင်း၌ သဒ္ဓါ..သီလ..သုတ..စာဂ..ပညာ..ဟိရီ..သြတ္တပ္ပ-တည်းဟူသော
သူတော်ကောင်းတရား (၇)ပါးတို့ကို ရရှိခံစား စံစားရ၍ အဆုံးစွန်သောဘ၀၌
နိဗ္ဗာန်ချမ်းသာရရပါလို၏အရှင်ဘုရား..။
ယနေ့ယခု ပြုလုပ်ရသော ဤကုသိုလ်ကောင်းမှုကို အားလုံးသော
မြင်အပ်,မမြင်အပ်သတ္တ၀ါအပေါင်းတို့နှင့်တကွ သုံးဆယ့်တစ်ဘုံ၌
ကျင်လည်ကုန်သော ဝေနေယျ..သုခိတ..ဒုက္ခိတ
သတ္တ၀ါအပေါင်းတို့အားအမျှပေးဝေပါ…။
အမျှ..အမျှ..အမျှယူတော်မူပါ..

သူတော်ကောင်းတို့ ပေးဝေသော ကုသိုလ်ကောင်းမှုကိုလည်း
ကျွန်ုပ်က ခံယူပါ၏….

(သာဓု…သာဓု.. သာဓု......

အားလုံး...စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံပြီး
ဒီဘ၀မှာပဲ တရားထူးတရားမြတ်ကိုရ၍ နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေ…
 
..

Wednesday, August 7, 2013

8888 မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်..၀ိညာဉ်တွေအသိပါကွယ်..


ရင်ထဲမှ ၈၈၈၈လုံး

ဝိညာဉ်တွေအသိပါကွယ်..

၈၈၈၈လေးလုံး နာကျည်းသံ
အာဏာရူး ဘနဖူး သိုက်တူး
မိုက်ရူးရဲဟန် တစောက်ကမ်းနဲ့
ရဟန်းရှင်လူ ကျောင်းသားပြည်သူ
လက်ဗလာကို အသေသတ်
မသေမရှင်မြေမှာချလို့ ရေမှာချသမို့
ဝိညာဉ်တွေအသိပါကွယ်..
သွေးမြေတွေပေါ် ထုံးဖြူသုတ်
ကတ္တရာတွေ အထပ်ထပ်အုပ်လဲ
ဝိညာဉ်တို့ရဲ့ဟစ်ကျွေးသံ

မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်..
သမိုင်းဆိုတာရှိသမို့ တိုင်းပြည်အသိ
အရိုင်းခေတ်ဆီ တိုင်းသစ်တည်
တိုင်းပြည်အထိနာပါတယ်..
၈၈၈၈လေးလုံးရဲ့ နာကျည်းသံ
ဝိညာဉ်တွေအသိပါကွယ်..
သူခိုးသူဝှက် မိုက်ရူးရဲတို့
ခေါင်းဖြတ် လူသတ် လုယက် ယူငင်
တိုင်းပြည်အသက်
လက်မတင်လေးကယ်တင်ပြီမို့
၈၈၈၈လေးလုံးရဲ့ ရင်နင့်ဖွယ်ရာ
သားပျောက် လင်သေ
သမီးသေ အဖေပျောက်
သေကွဲ ရှင်ကွဲ ၀က်ဝက်ကွဲမို့
ခိုလှုံ့စရာ တပြည်ပြေးလို့
မိဝေးဖဝေး ကမ္ဘာအဝေးမှာ
နာကျည်းသံတွေ ငိုညည်းသံတွေ
ပေတရာဆီ လက်ညိုးညွန်လို့
ဒီမိုကရေစီ ချက်ချင်းပေးဖို့
ဝိညာဉ်တွေနိုးထ ရှင်သန်လာမှ
၈၈၈၈လေးလုံးနေ့ ကြိုဆိုမယ်..
မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်..
ဝိညာဉ်တွေအသိပါကွယ်..

Monday, August 5, 2013

အမြတ်နိုးရဆုံး ရတနာ

♥အမြတ်နိုးရဆုံး ရတနာ♥

သူကိုစတွေ့တော့အံသြမိတယ် ရင်တွေခုန်မိတယ်..
နောက်တော့ သူ့ရဲ့ဖြစ်တည်ပြောင်းလဲမှုတွေကို ကြည့်နေမိတယ်..

ထူးဆန်းလှပလွန်းတဲ့အရာဝတ္ထုလေးနဲ့လည်းတူတယ်.. 
ဘ၀ဆုံးတိုင်မေ့ဖို့ခက်ခဲတဲ့အထဲမှာသူပါနေတယ်..

ဘာနဲ့မှတန်ဖိုးဖြတ်လို့မရတဲ့ အမြတ်နိုးရဆုံးရတနာပါပဲ

အမှတ်မထင် သူကို ပိုင်ဆိုင်ခွင့်ရရှိခဲ့တာဟာ
ကံကောင်းခြင်းအားလုံးကို ရရှိလိုက်တာပါပဲ

သူမဟာ ကျွန်မရဲ့အချစ်တွေကို ရယူပိုင်ဆိုင်ထားတဲ့ မှော်ဝင်နတ်သမီးလေးပါပဲ..


  ၅.၈.၂၀၁၃မွေးနေ့ရှင်သမီးလေးအတွက် 
အမှတ်တရ မွေးနေ့လက်ဆောင်

Sunday, August 4, 2013

ညအော်သံ

ညအော်သံ


သူငယ်ချင်းရေ
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်နေတဲ့ ညရဲ့ အသံကို ကြားရလား ၊
လူသေအလောင်းကောင်လို အေးစက်လို့ တောင့်တင်းလို့ ပေါ့ ။

အခုလို ညဥ့်နက်နက်တွေမှာ
လေထုထဲ ပဲ့တင်ထပ်နေတဲ့ အသံတွေ
ကြားမိသူတိုင်း ကြက်သီးမွေးသီးထစေခဲ့တဲ့ အသံတွေ
ဘယ်လိုလုပ် မေ့လို့ ရနိုင်ပ ။

တခါတုံးက
အော်ဟစ်သံ ၊ ကြွေးကြော်သံ ၊ တောင်းဆိုသံ ၊ သီချင်းသံ ၊ ညီညွတ်တက်ကြွသံ
ငိုကျွေးသံ ၊ ပစ်ခတ်သံ ၊ ကျူံးဝါးသံ ၊ မှာကြားသံ ၊ တောက်ခေါက်သံ ၊ သစ္စာပြုသံ
သွေးတွေစီးဆင်းသံ ၊ မျက်ရည်တွေတလိမ့်လိမ့်ကျလာသံ ၊ ခရီးထွက်လက်ပြနုတ်
ဆက်သံ ၊ သက်ပြင်းမောရှည်ရှည်တွေချလိုက်သံ ၊ မျက်ဝန်းချင်း ဂတိပြုစကားပြော
သံ ၊ လွတ်လပ်မှအမျှဝေပါ ဆိုတဲ့အသံ -
ဒီမိုကရေစီရမှ အမျှဝေပါ မှာခဲ့တဲ့ အသံ -

အသံတွေ ၊ အသံတွေ ၊ အသံတွေ

အဲဒီအသံတွေဟာ
လမ်းမတွေပေါ်မှာ အသက်ဝင်ခဲ့တယ်
ဒီမိုကရေစီကို ကိုယ်စားပြုခဲ့တယ် ၊
ဖိနှိပ်သူကို တုန်လှုပ်စေခဲ့တယ် ၊
သမိုင်းတခေတ်ကို ဖွင့်လှစ်ခဲ့တယ် ။


ရာစုတခုရဲ့ လေးပုံတပုံအကြာမှာတော့
လေရိုင်းတွေရဲ့ အော်သံ ၊
မြစ်တစင်းရဲ့ ငိုရှိုက်သံ ၊
တောင်တလုံးရဲ့ နာနာကျည်းကျည်း တောက်ခေါက်သံ ၊
လှောင်ချိုင့်ထဲက လူတယောက်ရဲ့ ညီးငြူသံ ၊
မတရားမှုကြောင့် ပေါက်ကွဲသံ ၊
ကာရာအိုကေဆိုင်က ခေတ်လွန် သီချင်းသံ ၊
စားသောက်ဆိုင်ထဲက ရမက်ခိုးအပြည့်နဲ့ စကားသံ ၊
အရိုးအရင်းကိုက်ရလို့ ကျေနပ်မှုနဲ့ အူလိုက်တဲ့ ခွေးလေခွေးလွင့်ရဲ့ အသံ ၊
ဈေးမတူပေမဲ့ အပေးအယူလုပ်နေတဲ့အသံ ၊
ဘိန်းစားချင်းအတူတူ တမူးပိုရှုလိုက်ရလို့ ပလွားနေတဲ့ အစ်တစ်တစ်အသံ ၊
ပေးစရာအဖြေမရှိလို့  ခပ်ငေါက်ငေါက်နဲ့ တုံ့ ပြန်နေသံ ၊
ဤ ကိုကျွဲ ဖတ်နေသူချင်း တွေ့ ဆုံပွဲကထွက်လာတဲ့ လက်ခုပ်သံ ၊
လုပ်စားနေတာ မဟုတ်ရတဲ့အကြောင်း အာလုပ်သံကြီးနဲ့ ရှင်းပြနေတဲ့ အသံ ၊
အရက်မသောက်ပဲ ဘယ်သူ့ မှ ဂရုမစိုက်ဘူးကွလို့ 
ရပ်ကွက်ကို စိမ်ခေါ်နေတဲ့ အမူးသမားတယောက် အသံ ၊
ဓါတ်ရှင်ထဲက ဂုဏ်ကြီးရှင်ဟန်နဲ့ ဇာတ်တူသားစားဖို့ ကျိုးစားနေတဲ့ မျိုးမစစ်
ဒေါင်းတကောင်ရဲ့ မာန်ဖီနေတဲ့ အသံ ၊
ဗိုက်ဆာလွန်းလို့ ခွေခွေလေးလဲနေတဲ့ ခလေးတယောက်ရဲ့ ထမင်းတောင်းသံ ၊
ဒေးကလပ်ထဲက အနာဂါတ်တွေရဲ့ ပြိုကျနေသံ ၊
မသေချာဘ၀တွေမို့  နေစရာပြန်ပေးဖို့ တောင်းဆိုနေသံ ၊
စက်ရုံထဲက စက်ရုပ်ရဲ့ အူထဲကလာတဲ့ တကျုတ်ကျုတ်မည်သံ ၊
ဈေးပေါင်ကျိုးနေပြီလို့ မစားရ ၀ခမန်းဟစ်အော်နေသံ ၊
အရပ်တကာလယ်ပြီး မသာကို နံ့ သာလိမ်းပေးထားတာ လှပါတယ်လို့ကြော်ညာနေသံ ၊
သူတို့ အတွက် စိန်ရတုတို့  ပတ္တမြားရတုတို့  မလုပ်ပေးဖို့ တောင်းပန်နေတဲ့ အာဇာနည်
ကုန်းက သွားလေသူတွေရဲ့ အသံ ၊
ရေမသောက်ရတာ ကြာလို့ အာခေါင်ခြောက်နေတဲ့ လယ်ကန်သင်းရိုးတွေရဲ့ ပက်ကြား
အက်သံ ၊
လေအဝှေ့ မှာ တကျွိကျွိနဲ့ ပြိုကျလုလု အိမ်အိုအိမ်ဆွေးကြီးကထွက်လာတဲ့ အသံ ၊
ဆောင်ကြာမြိုင် အသာမြူးလို့  ဘနဖူးသိုက်တူးနေသူရဲ့ အသံ ၊
အချိန်ကကုစားလို့ သေသောသူကြာရင်မေ့တတ်သူရဲ့ တိုက်ပုံဝတ်သံ ၊
သူခိုးသေဖော်ညိရင်း ချစ်သူကိုမုန်းသူဖြစ်စေသူရဲ့ အသံ ၊

အသံတွေ ၊ အသံတွေ ၊ အသံတွေ

အဲဒီအသံတွေမှာ
ပြုပြင်ပြောင်းလဲရေးမပါဘူး ၊
ငတ်နေသူတွေအတွက် စားစရာမပါဘူး ၊
မတရားမှုတွေအတွက် ဥပဒေမပါဘူး ၊
ဒီမိုကရေစီမပါဘူး ၊
လူ့ အခွင့်အရေးမပါဘူး ၊
ဒီမိုကရေစီအခြေခံတဲ့ နိုင်ငံရေးဝန်းကျင် တည်ဆောက်ရေးမပါဘူး ၊
အနာဂါတ်အတွက် စကားမပါဘူး ၊
အဖိနှိပ်ခံတွေအတွက် လွတ်မြောက်ရေးမပါဘူး ၊
အသိအမှတ်ပြုမှု မပါဘူး ၊
စစ်ဘေးဒဏ်ခံနေရသူအတွက် မျော်လင့်ချက်မပါဘူး ၊
ပုံပျက်နေတဲ့ ကိုယ်ကျင့်တရားတွေအတွက် အကြောက်တရားမပါဘူး ၊
ပြိုလုဆဲဆဲ လူ့ အဖွဲ့ အစည်းအတွက် စိုးရိမ်ကြောင့်ကျမှု မပါဘူး ၊
ငရဲပြည်က ကျမ်းစာအုပ်ကို ဖျက်ဆီးမဲ့အကြောင်းမပါဘူး ၊
ခလေးငယ်တွေအတွက် စာသင်ခန်း မပါဘူး ၊

စာနာမှုတွေမပါဘူး ၊
အသိတရားတွေမပါဘူး ၊
အရှက်တရားတွေမပါဘူး ။



ဒါပေမဲ့
မရေရာတဲ့ ညီညွတ်ရေးပါတယ် ၊
ဟန်ဆောင်ဆွေးနွေးပွဲတွေပါတယ် ၊
ပွဲစားလုပ်ငန်းကြီးထွားစေတဲ့ ငြိမ်းချမ်းရေးဆိုတာပါတယ် ၊
ရေပေါ်ဆီဖြစ်စေတဲ့ ဖောက်ပြန်မှုတွေပါတယ် ၊
မယ်ဘော်ဖြစ်သွားတဲ့ ဟန်တွေပါတယ် ၊
၂၀၀၈ ကိုခြုံအိပ်နေသူတွေ အထင်မလွဲစေဖို့ လုပ်ကွက်တွေပါတယ် ၊
အချင်းချင်း သင်းသတ်မှုတွေပါတယ် ၊
နောက်ကျော ဖနောင့်နဲ့ ပေါက်တဲ့ အရွေ့ တွေပါတယ် ၊
ဥပဒေရေးစရာမလိုတဲ့ လွတ်တော်လုပ်တမ်း ကစားပွဲတွေပါတယ် ၊
ခိုးရာပါ ပစ္စည်းတွေ ဝေခွဲရေးပါတယ် ၊
လစ်တမတ်စက္ကူလို ယုံကြည်မှုတွေပါတယ် ၊
ခရိုနီမွေးမြူရေးပါတယ် ၊
အစွန်းအထင်းများစွာနဲ့  ယဉ်ကျေးမှုကို မေ့လျော့မှုတွေပါတယ် ၊
လက်ဝေခံဘ၀အတွက် ကျေနပ်မှုတွေပါတယ် ၊
သားသတ်သမားကို ဘုရားအလောင်းပမာပြောနေတဲ့ ဇာတ်လမ်းအတုတွေပါတယ် ၊
ဈေးကွက်တင်ထားနိုင်တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာပါတယ် ၊
တိုင်းရင်းသားများ တကယ်မညီညွတ်ရေးဆိုတာ ပါတယ် ၊
မင်းလည်းယူ ငါလည်းယူဆိုတဲ့ မူတွေပါတယ် ၊
သူ့ လူကိုယ်ဘက်သားတွေပါတယ် ၊
အခန်းအနား နိုင်ငံရေးတွေပါတယ် ၊ ခုတုံးလုပ်မှုတွေပါတယ် ၊
ဆန့် ကျင်သူတွေကို ထိုးဖို့ လက်ညိုးပါတယ် ၊
ပိုးလိုးပက်လက်လန်နေတဲ့ ရပ်တည်ချက်တွေပါတယ် ။

ဘ၀မေ့မှုတွေ ပါတယ် ၊
လိမ်ညာမှုတွေ ပါတယ် ၊
ရက်စက်မှုတွေ ပါတယ် ။

တကယ်ဆိုတော့ ခေတ်ကြီးကိုက မကောင်းတာပါ ၊
ကျောင်းလွယ်အိတ်ထဲက ကျပျောက်သွားတဲ့
ရိုးသားမှုဆိုတာကလည်း ၊ အခွင့်အရေးနဲ့ ဖလှယ်နိုင်သူတွေအတွက်တော့
ဘေးထွက်ပစ္စည်းတခုပဲပေါ့ ၊
စာသင်ခန်းကိုလွမ်းမိပြီး ၊ ကြေကွဲဝမ်းနည်းယုံကလွဲလို့ ၊
ဘာများတတ်နိုင်ဦးမှာလဲ ။

ဘာကြောင့်နာမည်ကြီးကြီး
တခု နာမည်ကြီးရင် တခြားကိစ္စ အကုန်လုပ်ခွင့်ရှိတဲ့ ခေတ်
အခု ဗမာပြည်မှာ နာမည်ကြီးရင် အကုန်လုပ်တတ်သွားတဲ့ ခေတ်
ဟိုအရင်က စစ်ဗိုလ်ဖြစ်ရင် အကုန်လုပ်တတ်သွားသလိုမျိုးပ

ရှေးသရောအခါက ဒီဿပါမောက္ခဆရာကြီးရဲ့ 
တက္ကသိုလ် ကျောင်းဆင်းတွေလိုပဲ
အနုရော အကြမ်းရော အစုံရတယ် ၊
ထူးခြားချက်က -
အဌာရသ ၁၈ ရပ် တောင်မကဘူးဆိုပဲ ။

ဘီလူးမဖြစ်သေးပေမဲ့ ၊ အတတ်ကြူးနေသူတွေကဆိုတယ်
ဒီမိုကရေစီရေး
နိုင်ငံရေး
ပညာရေး
ကျမ်းမာရေး
စီးပွားရေး
လူ့ အခွင့်အရေး
တိုင်းရင်းသားအရေး
အလုပ်သမားအရေး ၊ လယ်သမားအရေး
ပြည်သူတွေ ၀မ်းဝရေး
ဘာအရေး ညာအရေး ပါးပါးလေးပါတဲ့
ဒါတွေထက်
သူတို့ အရေးက ပို ကြီးဆိုပဲ ။

အားလုံးက အစီအစဉ်တကျမဟုတ်ပေမဲ့
သူတို့ က အစီအစဉ်ကျတယ် ။

သူငယ်ချင်းရေ
အပြောင်းအလဲအတွက်တော့
ခေါင်းဆောင်ကြီးများ ကိုယ့်လိပ်ပြာ ကိုယ်ရှက်တတ်တဲ့ စိတ်မျိး
ရှိလာတဲ့နေ့ အထိ စောင့်ကြပါစို့  ။

အော် ငွေရတု တဲ့လား ။

ငါကတော့
အခုလောလောဆယ်မှာ
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်နေတဲ့ ညနက်နက်ကြီးထဲက
ဟစ်အော်နေသံတွေကိုပဲ ကြားနေရလေရဲ့  ။ ။ ။




ဗကသ/လူ့ဘောင်သစ် ကျောင်းသားခေါင်းဆောင် ကိုသက်ထွန်း ရဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်ပြည့် ခံစားမှုကဗျာ 

သက်ထွန်း
( ၁ ၊ ၈ ၊ ၂၀၁၃ )




https://www.facebook.com/photo.php?fbid=10153086694505788&set=a.197492240787.257386.729135787&type=1