Pages

Tuesday, April 13, 2010

အမေ့အိမ်

အမေ့အိမ်
....................

ကားပေါ်ကဆင်းခဲ့တယ်
ပြန်မရောက်တာကြာတဲ့ရွာ
ကျုပ်ရဲ့မွေးဖွားရာဇာတိ
တစ်ခါပြန်လို့ ခြေချမိခဲ့ပေါ့.........

သစ်လွင်တဲ့အိမ်ကြီးအိမ်ကောင်းတွေနဲ့
စည်ကားနေတဲ့ ရွာလယ်လမ်းမ
အတော်ကိုနေသားကျနေပြီပဲ
ငေးမောရင်းလျှောက်လာ
ဘယ်ညာမှာ အသစ်အဆန်ချည်း
အချည်းနှီးကုန်လွန်ခဲ့တဲ့နှစ်တွေ
တွက်ရေလို့မနေတော့ဘူး
ဟိုရှေ့ကလမ်းကွေ့ဆို
ကျုပ် အိမ်ကိုရောက်ပြီလေ.........

ဒီနေရာလေးစိမ်းသလား
အမေနဲ့ညီမတွေနားခိုရာသိုက်မြုံ
တစ်ခါပြန်လည်ခိုလှုံဖို့ရောက်ခဲ့တဲ့ကျုပ်
ရင်ဆို့ဖွယ်ရာ မြင်ကွင်း
အိမ်ဝန်း ဟင်းလင်းပြင်နေရာ
ခြံအကာ စည်းရိုးပြိုပျက်
ယိုင်နဲ့နဲ့ ဝါးအိမ်လေး
စုတ်ချာသေးကွေးလှတယ်
မြက်ရိုင်းပင်တွေက ရှည်ရှည်
အိမ်ရှေ့ကွက်ပျစ်က ဟောင်းလောင်း
ခြထောင်သောင်း တောင်ပို့
အိမ်အမိုးက မလုံ့တလုံ
ညညဆို ကြယ်တွေစုံပေါ့
အိမ်အခင်း ကြမ်းပြင်
ခြေနင်းရင် ကျွံဝင်သွားမလား
အိမ်အကာ ထရံပေါက်နဲ့
သရဲကြောက်တဲ့ ညီမလေး
အိပ်ဆေးတွေ သောက်ခဲ့ရမယ်
ချောက်ချားဖွယ်ညတွေဆို
အမေ ဘယ်လိုများကြိတ်ငိုခဲ့
မိုးစက်တွေနဲ့ အိမ်ခန်းမှာ
တစ်ညလုံးငုတ်တုတ် အိပ်ခဲ့ကြလား
မနက်ဖန်တွေအတွက် အားနည်းနေပြီထင်ရဲ့.........

အမေရေးခဲ့တဲ့ စာတစ်စောင်
သားမောင် စိတ်ချမ်းသာပါစေ
အိမ်အတွက်မပူလေနှင့်
အမေနဲ့ ညီမတွေကိုချစ်ရင်
သားမောင်လျှောက်တဲ့လမ်းကိုသာ
ဖြောင့်တန်းအောင် သွားပါလေ
တစ်ကယ်လေ အမေဆိုခဲ့
ကျုပ်နားမှာ ကြားလျှက်ရှိသေးတယ်
အံကြိတ်ရယ်ရင်း ငိုရှိုက်
သောကတစ်ချို့ကို သိုဝှက်လို့ထား
အမေ့ရဲ့ ရင်ခွဲထွက်စကားနဲ့
ညီမငယ် အမှာပါးခဲ့တာက
ကိုကိုရယ်....
သူငယ်ချင်းတွေ အိမ်လာလည်တယ်
အိမ်လေးတစ်လုံးလောက် လိုချင်တယ်...တဲ့
ဘယ်အရာကိုမှ မပူဆာဖူးလေတဲ့ညီမ
ဒီတစ်ခါတစ်ကယ် မျက်နှာငယ်ခဲ့ရမယ်
ရှက်ဖွယ်ရာ မှားခဲ့တဲ့ ကျုပ်
လျစ်လျူရှုလို့များ ထားခဲ့တာလား
နားလည္မႈလြဲတဲ့ သီအိုရီၤ
သားမိုက်ကို လိမ္မာပြီထင်တဲ့အမေ
ညီမတွေရဲ့ အားကိုးရာ
ကျုပ်လေ.........
ဘာတစ်ခုများအသုံးကျခဲ့လဲ
မျက်နှာမပြရဲတော့ဘူး အမေ.........

အမေ့ရဲ့ အေးမြတဲ့ရင်ခွင်
အပြေးလာ ခိုဝင်ချင်ခဲ့တာ
အခုတော့လေ
အိမ်အပြင်မှာရပ်ရင်း မျက်ရည်စို့ခဲ့ပေါ့
လက်အုပ်ချီမိုး ကန်တော့ရင်း
အမေ့အိမ် အမေ့ရင်ခွင်မှ
နောင်တ တစ်ချို့တစ်ဝက်နဲ့ကျုပ်
တပ်ဆုတ်လို့ လှည့်ပြန်ခဲ့ရပြီ
အမေနဲ့ ညီမတွေအတွက်
နောက်တစ်ကြိမ် စီးပွားရှာထွက်လိုက်ဦးမယ်
ကျုပ်ကို ခွင့်ပြုပါအမေ.........

အမေရယ် ညီမရယ်
နှုတ်ဆက်မယ်လေ ကျုပ်မရဲလို့
ခြေလှမ်းကို သုတ်သုတ်နှင်
သူတို့တွေ မမြင်ကွယ်ရာရောက်မှ
မာန်တင်းပြီး ထိန်းထားရတဲ့
မျက်လုံးအိမ်က ချော်ရည်ပူတွေကို
အားပါးတရ သွန်ချလိုက်တယ်...

(ကျုပ်ရဲ့မျက်ရည်တွေက်ုမြင်ရင်လေ
အမေရယ်မှာ ကြောက်လို့ပါ...)


သူငယ်ချင်းတရောက်ရေးတင်ထားတဲ့ ကဗျာလေးပါ။
ကြိုက်လို့ တင်ထားတာ



8 comments:

  1. ကောင်းတယ်ဗျာ..ရင်ဘတ်နှင့်ခံစားပီးဖတ်သွားပါသည်....

    ReplyDelete
  2. အင်း....လာဖတ်သွားတယ်ဗျာ..
    အိမ်ကိုလွမ်းတယ်

    ReplyDelete
  3. အိမ်ကို မေ့နေမှာ ဆိုးလိုကို တင်ထားတာလေနော်

    ReplyDelete
  4. ရင်ဘတ်နဲ့  ခံစားရမယ်လေ

    သိတ်ကောင်းတယ် ထင်လို့တင်ထားတာ

    ReplyDelete
  5. တကယ်ကိုကောင်းပါတယ် ....

    ReplyDelete
  6. ကောင်းလို့ ကို ဖတ်စေ့ ချင်တာလေနော်

    ReplyDelete
  7. ဟုတ်ပါပြီ ....
    တကယ်ကိုကောင်းတာပါ ...
    နောက်လည်းဆက်လက်ပြီးတော့
    ရေးသားပေးပါအုံး ...

    ReplyDelete
  8. သူများရေးတာလေ ကြိုက်လို့  တင်ထားတာပါဆိုနေမှနော်

    ReplyDelete