Pages
Wednesday, September 21, 2011
ဆုရ ကဗျာများ
ဆုရ ကဗျာများ
ကဗျာ ပထမဆု
မိုးမဲ့ပင်လယ်
* နှလုံးသွေးနဲ့ ရေးခဲ့သမျှ...
* နှလုံးသွေးနဲ့ စတေးခဲ့သမျှ...
* မုတ်သုံလေနှင် ၊ ပင်လယ်ပြင်မှိုင်း
   ရင်ခုန်လှိုင်းကြွ ၊ ဂယက်ထတာ
   မင်းကြောင့်ပါလို့
   ငါမပြောရက်ပါဘူး " မိုး " ။
           ( ၂ )
* ရင်ထဲရှိသမျှ...ထိရှအက်ကွဲ
   ရင်ထဲနင့်သမျှ...ဖွင့်ဟခက်ခဲ
   တိုးတိတ်ခံစား ၊ ဟန်ဆောင်ထားသမျှ
   နင်မှ.....
   နားမလည်ခဲ့ပဲ " မိုး " ။
* ခက်ခဲကြမ်းတမ်း ၊ ဘ၀လမ်းက
   လူတန်းစားတစ်ယောက် ၊ ရှေ့ဆက်လျှောက်ဖို့
   ကျောထောက်နောက်ခံ ၊ အခြေခံဟာ
   လူမဆန်တဲ့......
   အပူဒဏ်ပဲ " မိုး " ။
          ( ၃ )
* ဒါကြောင့်မို့လည်း
   ကိုယ့်အသည်းကို ၊ ကိုယ်ပဲဆွဲထုတ်
   ကိုယ်ပဲဆုပ်ခြေ ၊ ကိုယ်ပဲခြွေမွ
   လောင်ကျွမ်းပြရင်း....
   ချစ်ခြင်းကိုယ်စား ၊ ငွေ့ရည်များဖြစ်
   နင်သွားလိုရာ ၊ တစ်ကိုယ်စာလမ်း
   အမြင့်နန်းမှာ ၊
   "အေးစေ - ချမ်းစေ ၊ လန်းဆန်းစေလို့"
   ဆုပန်ခြွေလျက် ၊ ကောင်းကင်လက်ကို
   နှင်းဆက်တစ်သက်တာ....
   မင်းအတွက်မျက်နှာ......
          လွှဲခဲ့တာပါ " မိုး "။
          ( ၄ )
   သွားတော့" မိုး "ရယ်.....
          တကယ်လို့များ
   နင်နားခိုရာ ၊ ကောင်းကင်ပြာက
   ကြင်နာမဖက် ၊ ရင်နာရက်အောင်
   နတ်သက်ခြွေချ ၊ မြေမှာကျရင်
   ဟောဒီရင်ကိုပြန်လာပါ…။
   ပြန်မျှော်သမျှ…ပန်တော်ကျလည်း
   ယုယမြတ်နိုး… နေမှာ “မိုး” ။
          ( ၅ )
* နင်လာမယ့်လမ်း ၊ ရည်မျှော်တမ်းပြီး
   အလွမ်းမီးနဲ့ ၊
   ခါးသီးခက်ထန် ၊ အထီးကျန်စွာ
   လှိုင်းထန်ပေါက်ကွဲ ၊ မျက်ရည်ဝဲတာ
   နင့်ကြောင့်ပါလို့
   ငါ……..
   မပြောရက်ဘူး “မိုး” ။
* အငွေ့ပျံအသည်းနဲ့
   အဖြည့်ခံရဲခဲ့သမျှ…
   ငါ့ဘ၀ဒီလှိုင်း ၊ လှုပ်ခတ်တိုင်းကို
   ရိုင်းတယ်မဆိုပါနဲ့ “မိုး”……..။
                    ကို(ကန္ဒရ၀တီ)
ကဗျာ ဒုတိယဆု
မိုးရာသီရဲ့ အလှများ
ကောင်းကင်တစ်ခို ညိုကာဆိုင်းလို့
ဂျိုး ဂျိုး ဂျိမ့် ဂျိမ့် မည်သံရယ်..
လျှပ်ပန်း လျှပ်နွယ် တ၀င်းဝင်းနဲ့
မိုးနံ့ကလေး သင်းနေတယ်..
ဝါဆို ၀ါခေါင် ရေတွေကြီးတော့
ကျုပ်တို့အိမ်လေး ရေ၀ိုင်းတယ်…။
ဘဲကလေးတွေရယ် ရေတွေကူးလို့
ဆူညံ ပျော်မြူးနေကြတယ်..
ဘဲမကြီးပေါ် အလုအယက်တက်လို့
လှေစီးတမ်းပေါ့ ကစားတယ်..။
ခြံထဲမှာကွယ် ၀က်ကလေးက
ရေမကူးတတ်လို့စိတ်ညစ်တယ်…
ဝက်မကြီးရယ် သားကိုကြည့်လို့
တိတ်တိတ်ကလေး ချော့နေတယ်…
စိတ်မညစ်နဲ့နော်..  သားသား ကလေးရဲ့
ရေတွေ ဒီအထိ မတက်ဘူးကွယ်…
လာပါ သားရယ် ချိုချိုစိုလှဲ့
တောင်တောင်အီအီ တွေးနဲ့ကွယ်…။
အိမ်အောက်မှာကွယ် ကြက်မကြီးက
ကလေးတွေချော့ရင်း  ပုံပြောတယ်..
ပုံပြင်ကကွယ် ငမိုးရိပ်အကြောင်းပေါ့
ကြက်ကလေးတွေက နားထောင်တယ်
ငမိုးရိပ်ဆို တာ ကြက်ကလေးလားတဲ့
အငယ်ဆုံးလေးက မေးပြန်တယ်..
ဂွကျ ပါတယ်.. နင်တို့နဲ့တော့..
ငါမပြောတော့ဘူး .. သွားကြဟယ်…..။
ကတွတ်ပေါက်မှာ ငါးကလေးများက
ဂျွမ်းဘား ကစားနေကြတယ်…
ခြေတံရှည်ရှည် ကိုရွှေဗျိုင်းက
အသာလေး ငြိမ်လို့ စောင့်နေတယ်…
အပျော်ကြူးတဲ့ကောင် သေပြီမှတ်ပေါ့
ကိုဗျိုင်း မလွတ်တမ်း ဖမ်းနေတယ်…….။
မိုးစက်လေးတွေ တဖြောက်ဖြောက်နဲ့
စတင်ကျရောက် လာတော့တယ်..
မိုးရွာရင်ကွယ် ဆော့ဖို့ကြံတုန်း
အမေခိုင်းလို့ သွားရတယ်..
ပျိုးခင်းကိုကွယ် စာတွေမောင်းဖို့
တုတ်တစ်ချောင်းနဲ့ ထွက်ခဲ့တယ်…..။
မကျီးပင်ပေါ်ဝယ် စာတစ်သိုက်က
ကျလိ ကျလိ  အော်မည်တယ်..
မိုးရွာရင်ကွယ် အစာရှားသမို့
စာဖို စာမ  စပါးချောင်းတယ်..
အညှောက်ထွက်နေတဲ့ စပါးတွေကြည့်ကာ
စာမလေးက လောဆော်တယ်..
အစ်ကိုကြီးရယ်.. မြန်မြန်ခိုး ပါ့
ကလေးတွေ ဆာလို့ အော်နေတယ်..
နေစမ်းပါဟာ.. နင်က တစ်မျိုးပဲ..
အခြေနေကိုလည်း ကြည့်ဦးဟယ်..
ဟိုနားမှာကွယ် .. ကောင်လေးတစ်ယောက်က
တုတ်ကို ကိုင်ပြီး စောင့်နေတယ်…။
အနောက်တောင် ဆီမှာ အုံ့ကာ မည်းလို့
ကိုရွှေမိုးကြီး သဲပြန်တယ်..
မိုးရွာရင်ကွယ် .. ပျော်စရာကောင်းပေါ့
ဖားရိုက် ငါးဖမ်း ထွက်ဦးမယ်…
ရွာထိပ်အလယ် .. ရေကန်ဘေးမှာ
ဖားကြီး ဖားငယ် စုံလှတယ်..
သံစုံအော်ကာ.. ခုန်ပေါက်ရင်းနဲ့
ဒစ္စကိုရှိုးပွဲ..  လုပ်နေတယ်….
ငါလာပြီနော်.. လွတ်အောင်ပြေးကြ
နောက်ကျတဲ့ကောင် အသေပဲကွယ်..
လေးငါး ဆယ်ကောင် မိပြီးတော့မှ
အိမ်ကို အသာလေးပြန်ခဲ့တယ်..
မေမေကကွယ် စိတ်တွေဆိုးပြီး
ကျွန်တော့်တုတ်နဲ့ ပြန်ရိုက်တယ်..
နာလှပါတယ်.. အတင်းအော်တော့မှ
မေမေ အရိုက် ရပ်တော့တယ်..။
ဝါတွင်းမှာကွယ် ကုသိုလ်ရဖို့
ဥပုသ်ကျောင်းကို အမေခေါ်တယ်..
ကျွန်တော်လဲလေ ခေါင်းကိုငုံ့လို့
ဘုန်းကြီး ကျောင်းကို လိုက်ခဲ့တယ်
မိုးရွာတော့ကွယ် ရေတွေရွဲလို့
ကျောင်းပေါ်အပြေးလေး  တက်ခဲ့တယ်..
ကျောင်းပေါ်မှာကွယ်.. ဆရာတော်ကြီးက
ကတုံးအသစ် တုံးပြီး စောင့်နေတယ်…..။
ဥပုသ် သည်တွေ တဖွဲဖွဲ နဲ့
အာရုဏ်ခံထဲ ပြည့်လာတယ်
ဆပ်ပြာထုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့
အလှူရှင်တစ်ယောက် ရောက်လာတယ်..
တစ်ယောက် ကိုကွယ် တစ်ထုပ်နှုန်းနဲ့
လူကြီးတွေပဲ ဝေသွားတယ်..
နောက်တစ်ယောက်လာပြီ ချိုချဉ်ထုပ်နဲ့
ကလေးတွေကိုပဲ ဝေပြန်တယ်
ကျုပ်မှာတော့လေ ဆယ့်တစ်နှစ်မို့
ဂလန့်ရိုက်ပြီးတော့ ကျန်နေတယ်..။
ဆရာတော်ကကွယ် တရားစဟောတော့
ကျွန်တော်လဲပဲ နားထောင်တယ်….
ဘာကိုမှကွယ် သဘောမပေါက်တော့
ဟိုဟို သည်သည် ငေးမိတယ်…
ကျောင်းတိုင် တစ်ခုဝယ် သက်မွန်မြင့်က
ပြက္ခဒိန်ထဲက ကြည့်နေတယ်
ဦးအောင်ဒင်ရယ် အသက်ကြီးလှပေါ့
သက်မွန်မြင့်ကို ငေးနေတယ်…။
တော်ပါပြီကွယ် မပြောတော့ ပါဘူး…
အမေသိရင် ရိုက်လိမ့်မယ်…
ကျွန်တော်လဲလေ ဗိုက်ဆာလှပေါ့
အသာလစ်ကာ ပြန်ခဲ့တယ်
ဆရာတော် ဟောတာ တစ်ခုထဲပေါ့
ဖြစ်စေသတည်း..... ပဲ မှတ်မိတယ်..။
အိမ်ရောက်တော့ကွယ် ဖားတွေကင်ပြီး
အမေ မသိအောင် ခိုးစားတယ်…။
မိုးရွာရင်ကွယ် ပျော်စရာကောင်းလို့
ငယ်ကအကြောင်း တွေးမိတယ်…။
ပြိုင်ပွဲကိုကွယ် ဆုတွေမှန်းလို့…
ကြိုးစားပမ်းစား ရေးထားတယ်..
ပြိုင်ပွဲမှာကွယ် ဆုရခဲ့ရင်
ပရဟိတ ကိုလှူလိုက်မယ်…..
အားလုံးကိုလေ ကျုပ်နဲ့လိုက်ပြီး
သာဓုခေါ်ဖို့ ဖိတ်ပါတယ်…
သာဓုကွယ်… သာဓုကွယ်….။      ။
shweminthar3333@gmail.com
ကဗျာ တတိယ
** # #**  လင်းအာရုဏ် ရွာအလှ ** # # **
ဂိမ္မန် နွေနှောင်း
တစ်ဖန်ပြောင်းဘိ
မိုးလ ခါဝယ်
ဝဿန် တိမ်တောင်
မိုးစက်ပြောင်၍
အာရုဏ်ကကျင်း
ရောင်နီ လင်းသော်
ရွာဦးရယ်ဆီ
ဘုန်းတော်ကျောင်းညို
'' ဘွန္ဒော '' သံရယ်ပြို  ။ ~~ ။
မိုးလ ခါဝယ်
ပျိုးကောက်မယ်သာပ
ဖြိုးမောက်မယ့် ကျဉ်စပါးတွင်း
ပျို ... တို့ မောင်
တောင်သူကြီးက
မိုးသောက်ယံ
တောင်ယာဆင်းပေါ့
ဟန်သင့်ရယ်ပြင်
လယ်တောခွင်
ယာမြေဆင်းရန်ပ
နွားတင်းကုတ်ဆင်း ။ ~~ ။
ရွာဦးရယ်ဆီ
အုံးမောင်းရယ်ထိုးဘိ
ဆွမ်းအာရုဏ် အမှီပြီးသမို့ 
ဝါတွင်းခါ ဥပုဒ် သီတင်းရယ်နှင့်
တောင်သူ နှမ ပျိုမေ လှယမင်းရယ်က
ရွာကျောင်းတော် ချီမယ်ဝင့်ကာပ
ရွာလမ်းသို့ ဆင်း ။ ~~ ။
ဆွမ်းအုပ်ရယ်နီ
အဖြူပေါ် အညိုဆင့်လို့ 
ခေါင်းပေါင်းထက်ဆီ
ယောဂီညို ချည် သဘက် ရယ်လ
လည်တိုင်မယ် စိတ်ပုတီးရယ်နှင့်
ရွာလမ်းရယ် ဆုံးပြီ
ရွာဦးစေတီ ဖူးမျှော်ရပြီ
ထုံးစေတီ ထို ဘုရား
ရွာကျက်သရေ ဘုန်းမော်ဝင့်ပေါ့
ပျို လေး တို့  အား ။ ~~ ။
ဆီမီးရယ်ညီ
ပန်းကိုပြင် နံ့ သာကျင်း
ကြည်လင်ကာ ရေကြည်သစ်နဲ့ 
ဆွမ်းကပ် အမှီ ရွာဦးစေတီ ။ ~~ ။
အို လှဘိထင်
ညို ညစ်ညစ် တိုင်အခြေရယ်နှင့်
ခေါင် အရှည်ရွာကျောင်း
ဆရာတော်ရယ် ဝတ်တက် ပြီးသမို့ 
ဆွမ်း အမှီ အာရုဏ်ပြုကာလ
ဝတ်ပြု ခင်းကျင်း
'' ပိဏ္ဍပါတ် '' ဆွမ်း ၊ ဟင်း ။ ~~ ။
☻☻ နီယွန် ☻☻.
ဖူးစာရှင်လေးမှ ဆုရ ကဗျာများ
9 comments:
  1. ဆုရတဲ့ သူတွေကဖုန်းကြီးတွေချည်းပဲနဲ့ တူတယ် ........................
    ReplyDelete
  2. moeemyintthiha
    reply
    moeemyintthiha wrote today at 9:35 AM
    ဆုရတဲ့ သူတွေကဖုန်းကြီးတွေချည်းပဲနဲ့ တူတယ် ........................
    တိန် ))))))))))))))
    လူထဲက လူတွေပါပဲဗျာ ။ ။
    ReplyDelete
  3. ဆရာရယ် ဆရာလို တော်ကြဘူးလေနော်
    ReplyDelete
  4. အာ ............... ကျနော်အဲဒါကိုပြောတာမဟုတ်ဘူးနော်
    နာမည်တွေကိုပြောတာ ............... တူတယ်လို့ 
    ReplyDelete
  5. အော်.....လူတွေပါ
    ဘုန်းဘုန်းမပါပါဘူးတော်ကလဲနော်.............:P
    ReplyDelete
  6. အင်း...ငါတော့နှစ်သိမ့်ဆုလေးပေးသင့်ပါတယ်......ဟီးဟီး
    ReplyDelete
  7. ပထမကိုပေးချင်တာပါဆိုနေမှ................
    ReplyDelete
  8. ယုံပေါင် ... ပေးလဲပေးဝူး...လူဆိုး
    ReplyDelete
  9. စိတ်ထဲကနေပေးလိုက်တာပါဆို
    သေချာကြည့်လေ.................:P
    ReplyDelete