ကမ္ဘာပေါ်ရှိ ရေချိုဒေသများတွင် ကျက်စားနေထိုင်သည့် လင်းပိုင်များ အားလုံးကို ဧရာဝတီလင်းပိုင် Irrawaddy Dolphin ဟု ခေါ်သည်။ ကျောဘက်ပိုင်းတွင် မီးခိုးရောင် (သို့မဟုတ်) အပြာရောင်သန်းသည့် မီးခိုးရောင်ရှိပြီး ၀မ်းဗိုက်ပိုင်းသည် ဖြူဖျော့သော မီးခိုးရောင်ဖြစ်သည်။ ခန္ဓာကိုယ်သည် တော်ပီဒိုသဏ္ဌာန် ရှည်မျောမျောရှိသည်။ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ လုံးဝန်းသည်။ မွေးဖွားပြီးစတွင် ခန္ဓာကိုယ် အလျား ၁ မီတာအရှည်ခန့်နှင့် အလေး ချိန် ၁၂ ကီလိုရှိပြီး အရွယ်ရောက်ပြီးသော အကောင်များသည် အလျား ၂ မီတာ မှ ၂.၇၅ မီတာနှင့် အလေးချိန် ၁၅၀ ကီလိုဂရမ်အထိ ရှိနိုင်သည်။ ဤလင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရှားပါးမျိုးနွယ်ဝင် ရေချိုလင်းပိုင်ငါးများအနက်မှ တစ်မျိုး ဖြစ်ပါသည်။ ဧရာဝတီ မြစ်ထဲတွင် စတင်တွေ့ရှိခဲ့သဖြင့် တကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင် အားလုံးကို စတွေ့သည့်သူက ဧရာဝတီလင်းပိုင်ဟု ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်တွေ့သော ငါးမျိုးစိတ်အသစ်တစ်ခုအနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီလင်းပိုင်သည် ရေနေနို့တိုက်သတ္တ၀ါတစ်မျိုးဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Irrawaddy Dolphin (or) Ayeyawady Dolphin ဖြစ်သည်။ ရှေးအခါက သမိုင်းမှတ်တမ်းများတွင် River Pig ဟုလည်း ခေါ်ကြသည်။ သိပ္ပံမျိုးစိတ်အမည်မှာ Orcaella brevirostris ဖြစ်သည်။ မြန်မာပြည်ရှိ ဧရာဝတီလင်းပိုင်တို့ကို AD ၈၀၀ စုက တရုတ်ပြည် တန်မင်းဆက်၏ သမိုင်းမှတ်တမ်းတွင် ဖော်ပြထားသည်ကို တွေ့ရပြီး ပျူခေတ်က ယင်းတို့ကို ရေ၀က်များဟု ခေါ်ကြသည်။
ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။ တစ်ကမ္ဘာလုံးအနေဖြင့်မူ အင်ဒိုပစိဖိတ်ဒေသကြီး၏ အပူပိုင်းနှင့်သမပိုင်းဒေသရှိ ကမ်းရိုးတန်း ရေချိုရေငန်စပ်၊ ဩစတြေးလျတိုက်မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယအရှေ့မြောက်ဒေသ ဂင်္ဂါမြစ်၊ အင်ဒိုနီးရှားနိုင်ငံ မဟာခမ်မြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်းတစ်လျှောက်တို့တွင်လည်း တွေ့နိုင်သည်။
သို့သော် လူနှင့်အတူ ငါးဖမ်းကူသော ဧရာဝတီလင်းပိုင်များကိုမူ မြန်မာနိုင်ငံတွင်သာ တွေ့ရသည်။ ဧရာဝတီလင်းပိုင်များသည် မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်ထဲတွင် ကျက်စားကြသည်။
မဲခေါင်မြစ်တွင်ရှိသည့် ဧရာဝတီလင်းပိုင် ကောင်ရေမှာ အကြမ်းဖျင်း သတ်မှတ်ချက်အရ ၈၅ ကောင်ခန့် ရှိပြီး မြစ်ကြောင်း ကြပ်လာခြင်း၊ အောက်ခြေ ကျောက်သားကျောက်ဆောင် များပြားခြင်းတို့ကြောင့် ကူးခတ်ရအခက်အခဲ ဖြစ်လာကာ မျိုးသုဉ်းမည့် အန္တရာယ် မြင့်မားနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ WWF က ထုတ်ပြန်ခဲ့သည်။
၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ သတ္တဗေဒဌာန (ရန်ကုန် တက္ကသိုလ်)နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)တို့ ပထမဆုံး အကြိမ်ပူးပေါင်းပြီး မေခ၊ မလိခ မြစ်ဆုံမှ မြစ်ဝကျွန်းပေါ်ဒေသ၊ ဘိုကလေးမြို့နယ်၊ ကယက်ကြီးကျွန်းအထိ ဧရာဝတီမြစ်တစ်လျှောက် ဧရာဝတီလင်းပိုင်ဦးရေ စာရင်းကောက်ယူကြရာ မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီမြစ် အစိတ်အပိုင်းအတွင်းမှာ ဧရာဝတီလင်းပိုင်ဦးရေ ၃၇ ကောင် တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ကျက်စားနေထိုင်သည့် ဒေသတစ်ခုအတွင်း အရွယ်ရောက်ကောင်ရေ ၅၀ အောက်ဖြစ်နေလျှင် မျိုးသုဉ်းလုနီးပါး မျိုးစိတ်အဆင့်အဖြစ် သတ်မှတ်နိုင်ပါသည်။ ထို့ကြောင့် ယခုအခါတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာနနှင့် ကမ္ဘာ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS တို့ ပူးပေါင်းလျက် မင်းကွန်းနှင့် ကျောက်မြောင်းကြား မြစ်ကြောင်းဧရိယာကို ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ကာ စောင့်ရှောက်မှုပေးလျက် ရှိပါသည်။ ၂၀၁၀ - ခုနှစ် နောက်ဆုံးစာရင်းအရ စစ်ကိုင်းနှင့် ဗန်းမော်ကြား ဧရိယာအတွင်း ဧရာဝတီလင်းပိုင်ကောင်ရေမှာ ၇၂ ကောင်ခန့်သာ ရှိကြောင်း သိရပါသည်။
လူနှင့်အတူ ငါးဖမ်းသည့်အလေ့အထမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ရှိန်းမကားကျေးရွာ၊ စိန်ပန်းကုန်းကျေးရွာ၊ ဟင်္သာကုန်းကျေးရွာ၊ ဟင်္သာမကျေးရွာ၊ စဥ့်ကူးမြို့အနီးရှိ ခတ်သင်ကျေးရွာ၊ ဆည်သည်ကျေးရွာတို့အနီးရှိ လင်းပိုင်များကသာ လူနှင့်အတူ ငါးဖမ်းကူကြသည်။ ငါးဖမ်းကြပုံမှာ တံငါသည်များသည် လင်းပိုင်အုပ်စုများကို တွေ့သည့်အခါ လက်ပစ်ကွန်၏ ခဲသီး၊ လှော်တက်တို့ကို ရေပေါ်မှာ ရိုက်၍လည်းကောင်း၊ ထုလုံးချွန်သဏ္ဌာန် ပြုလုပ်ထားသော သစ်သားချောင်း၏ ချွန်သောအပိုင်းကို လှေနံတွင်ခေါက်ပြီး အသံပြု၍လည်းကောင်း လင်းပိုင်များကို ခေါ်သည်။ ထိုအခါ လင်းပိုင်က ရေလုပ်သားနှင့်အတူ ငါးဖမ်းရန် သဘောတူလျှင် အမြီးဖြင့် ရေကို ရိုက်၍ အချက်ပြသည်။
ထို့နောက် လင်းပိုင်နှင့်ရေလုပ်သား အပြန်အလှန် နားလည်ကြပုံမှာ လင်းပိုင်က အမြီးကို အပြားလိုက်ချပြလျှင် ရှေ့တိုးရန် အချက်ပြခြင်းဖြစ်ကြောင်း၊ အမြီးကို ထောင်ပြလျှင် ရပ်နေရန်ဖြစ်ကြောင်းနှင့် အမြီးကို ရေပြင်ပေါ်တွင် ရိုက်ပြလျှင် ကွန်ပြစ်ရန် အချက်ပြခြင်း ဖြစ်ကြောင်း မှတ်သားရပါသည်။ ဤကဲ့သို့လင်းပိုင်အကူအညီနှင့် ငါးဖမ်းခြင်းသည် လင်းပိုင်အကူအညီမပါဘဲ ဖမ်းသည်ထက် ပိုရကြသည်။ လင်းပိုင်သည် ရေထဲမှငါးများကို ကွန်ပစ်ကွင်းအတွင်းသို့ ရောက်ရှိလာအောင် ချောက်လှန့်၍ ယူလာပေးသည်။ တံငါသည်က ကွန်ပစ်ရာမှ လျှံထွက်လာသော ငါးများကို လင်းပိုင်က ဖမ်းဆီးစားသောက်သည်။
ဤကဲ့သို့ ချစ်စရာကောင်းသည့် ဧရာဝတီလင်းပိုင်များမှာ နွေရာသီရေနည်းချိန် မြစ်ညာသို့ ရွှေပြောင်းခိုအောင်းသည့် အခါ မြစ်ညာဒေသရှိ ရွှေကျင်ဖောင်များမှ စွန့်ပစ်မြေစာများကြောင့် မြစ်ကြောင်းတိမ်ကောခြင်း၊ ပြဒါး ဆိုင်ရာနိုက် များကို မြစ်တွင်းပြန်လည်စွန့်ပစ်ခြင်းကြောင့် အဆိပ်သင့်မှု အန္တရာယ်များ ကြုံတွေ့လာခြင်းတို့ကြောင့် မျိုးဆက်ပေါက်ဖွားမှု ထိခိုက်ကာ မကြာခင် မျိုးသုဉ်းတော့မည့် အန္တရာယ်ကို ရင်ဆိုင်နေရပါသည်။
ကမ္ဘာ့အခြားဒေသတို့တွင် ဤသို့သော ငါးမျိုးရှိပါလျက် မြန်မာတို့ရဲ့ ဧရာဝတီကို အစွဲပြုလျက် ဧရာဝတီလင်းပိုင်ဟု ကမ္ဘာကို သိစေသည်မှာလည်း ဂုဏ်ယူဖွယ်ရာတစ်ရပ်ပင် ဖြစ်ပါသည်။ သဘာဝကပေးသော ဂုဏ်ယူဖွယ်အမွေအနှစ်ကို ချစ်မြတ်နိုးစွာ စောင့်ရှောက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် တင်ဆက်လိုက်ရပါသည်။
----------------------------------------------------------
ဧရာဝတီလင်းပိုင်အကြောင်း သိစေလိုရုံသက်သက်သာ ရည်ရွယ်လျက် ပြည်တွင်းပြည်ပ ဂျာနယ်နှင့် ၀က်ဆိုက်အသီးသီးမှ ထုတ်နုတ် တင်ဆက်ပါသည်။ (ခင်မင်လေးစားလျက် - ဆန်းစုနိုင်)
ဟုတ်ကဲ့ ပါ ခုလို သိခွင့်ပေးတဲ့ အတွက်ကျေးဇူးပါ
ReplyDeleteပြည်သူတွေကို အလုပ်အကျွေးပြုတတ်တဲ့ ဧရာဝတီလင်းပိုင်လေးတွေအကြောင်းသိခွင့်ရလို့ ကျေးဇူးပါ မမရေ ...
ReplyDeleteလာဖတ်တာလေးစားပါတယ်
ReplyDeleteကျန်းမာပျော်ရွှင်ပါစေ
လင်းပိုင်တွေကချစ်စရာလေးနော်
ReplyDeleteလိမ္မာလိုက်တဲ့ လင်းပိုင်လေးတွေ ....
ReplyDelete