( နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်း )
ဗန်းမော်ဆရာတော်ကိုကြည်ညိုလွန်း
ကြသူ ပုဂ္ဂိုလ်များအနက် ရေမြေ့ရှင်
မင်းတုန်းမင်းတရားကြီးသည် ထိပ်ဆုံးကအပါအ၀င်ဖြစ်၏။ မင်းကြီးသည်
ပုဂ္ဂိုလ်ခင်သလို တရားလည်းမင်၏ ။မကြာခဏဆိုသလို ဆရာတော်အား
နန်းတော်ထဲသို့ပင့်ဖိတ်ကာ ဆွမ်းလုပ်ကျွေး၏ ။
တရားဓမ္မများကို နှီးနှော ဆွေးနွေး၏ ။
တစ်နေ့သ၌ မင်းတုန်းမင်းကြီးသည် ထုံးစံအတိုင်း ဗန်းမော်ဆရာတော်ကို
ပင့်ဖိတ်ကာ ဆွမ်းဝတ်ပြုလေ၏ ။
ဆွမ်းကိစ္စပြီးလေသော် မိဖုရား ၊ မင်း ၊ မှုးမတ် ပရိသတ်တို့နှင့် အတူ
အနုမောဒနာတရားကို နာကြားပြီးလေသည့်နောက် .. တရားဓမ္မများကို
ဆွေးနွေးပါလေတော့၏ ။
" ဆရာတော်ဘုရား ... နိဗ္ဗာန်ရောက်ကြောင်း
နည်းလမ်းကောင်းများရှိခဲ့ရင် တပည့်တော်ကို လိုရင်းအချုပ်
တိုတိုတုပ်တုပ်ကလေး ဟောကြားပေးတော်မူပါ ဘုရား "
" လိုရင်အချုပ် တိုတိုတုပ်တုပ် ဟုတ်လား ... ရေမြေ့ရှင် "
" မှန်ပါတယ် ဘုရား "
" အင်း .... လိုရင်အချုပ် တိုတိုတုပ်တုပ်နဲ့နိဗ္ဗန်ရောက်ချင်ရင်တော့
' ငါ့ကို မကြိုက်နဲ့ ' .. ဒါပဲ ရေမြေ့ရှင် "
" ဒါကျတော့လည်း အဆမတန်ကို တိုလွန်းပါတယ် ဘုရား ...
တပည့်တော်နှင့်တကွ ပရိသတ်အပေါင်း စိတ်အာရုံအသိမှာ ထင်လင်းသွားရအောင်
နည်းနည်းတော့ရှည်ပေးပါဦး ဘုရား "
" အင်း .......... စောစောကတော့ တိုတိုတုပ်တုပ် ။ ခုကျတော့လည်း
နည်းနည်းရှည်ပေးပါတဲ့လား ။ အင်းလေ .. ဒါဆိုလည်း
ပုံပြင်လေးတစ်ပုဒ်ပြောပြရသေးတာပေါ့ ။ သည်လိုဒကာရဲ့"
ဟုဆို၍ လိုရင်းကိစ္စနှင့် ဆက်စပ်ပတ်သတ်သည့် ပုံပြင်တစ်ပုဒ်ကို
ထုတ်နှုတ်ပြောဆို နေလေတော့သည် ။
ရှေးက ရွာတစ်ရွာ၌ ငွေကြေးအသင့်အတင့် ချမ်းသာကြွယ်ဝသော
တောင်သူကြီးတစ်ဦးရှိ၏ ။
သည့်အတွက်ကြောင့်လည်း ၄င်းတို့မိသားစုမှ ကျောင်းကြီးတစ်ဆောင်
ဆောက်လုပ်ကာ ဘုန်းတော်ကြီး တစ်ပါးအား ရေစက်ချလှူဒါန်းပြီး
ကျောင်းထိုင်စေခဲ့သည် ။ ကျောင်းဒကာ အဖြစ်သာမက ကျန် ပစ္စည်း သုံးပါးကိုပါ
၎င်းတို့မိသားစုမှ နေ၍ တာဝန်ယူထားလေသည် ။
နံက်တိုင်းဆိုသလိုပင် အလှူ့ဒကာမိသားစုမှ သမီးပျိုလေးသည်
ဘုန်းကြီးကျောင်းသို့ ဆွမ်းအုပ်သွားပို့လေ့ရှိ၏ ။ သမီးပျိုကလေးမှာ
ဘာသာရေးကို လေ့လာလိုက်စားသူ စာတတ်ပေတတ်ကလေးဖြစ်ပြီး ကျောင်းကြီးရှင်
ဘုန်းတော်ကြီးကို လေ့လာအကဲခတ်လျှက်ရှိ၏ ။ဘုန်းတော်ကြီးကလည်း
ထိုဒကာမလေးကို အရိပ်အကဲ ကြည့်လျှက် ရှိချေသည် ။
တစ်နေ့သ၌ ဤသမီးပျိုလေးသည် ဘုန်းတော်ကြီးအား ဆွမ်းကပ်ပြီးသကာလ
အမှတ်မထင်ဆိုသလို စကားတစ်ခွန်း မေးလျှောက်တင်လိုက်သည် ။
" အရှင်ဘုရား ... ဟောသည်ကျောင်းက ဘယ်သူ့ကျောင်းပါလဲ ဘုရား "
" ဟောသည်ကျောင်းက ဘယ်သူ့ကျောင်း ... ဟုတ်သလား ။ ခက်ပါ့ကွယ် ..
နင်တို့ဆောက်လုပ်လှူဒါန်းထားတာ ရေစက်ချထားတာ .. ဒီတော့ ဒီကျောင်းကို
ငါပိုင်နေပြီပဲ ။ ဒါ ... ငါ့ကျောင်းကွယ့် .. ငါ့ကျောင်း ။ "
" သြော် ... ဟုတ်လား "
သည်သို့သာ ဆိုပြီး သမီးပျိုလေးလည်း ဆွမ်းအုပ် အလွတ်ကို
ပိုက်လျှက်ကျောင်းပေါ်မှပြန်ဆင်းသွားလေသည် ။ သို့ဖြင့်
တစ်ရက်ပြီးတစ်ရက်မှသည် သုံးရက်ခန့်ကြာသွားခဲ့လေသည် ။ သမီးပျိုလေးကလည်း
ဆွမ်းလာပို့ပြန်လေသည် ။ဤတွင်လည်း အမှတ်မထင် အမေးရှိလာပြန်လေသည် ။
" အရှင်ဘုရား ... ဟိုစားပွဲခုံပေါ်က သပိတ်ဟာ ဘယ်သူ့သပိတ်လည်း ဘုရား "
" ဟ ... ငါ့ကျောင်းမှာ ရှိနေတာ ငါ့သပိတ်ပဲပေါ့ ဒကာမလေးရဲ့ "
" ဒါဖြင့် ကြိုးတန်းမှာ လွှားထားတဲ့ သင်္ကန်းကကော ဘုရား "
" ငါ့သင်္ကန်းပေါ့ဟ ... ငါ့သင်္ကန်းပေါ့ "
" ဟောဟို ကျွန်းကုတင်ကြီးကကော "
" ဟ .. အဲ့သည်ကျွန်းကုတင်ကြီးကလည်း နင်တို့မိသားစု
ရေစက်ချလှူဒါန်းထားခဲ့ပြီးတာကြောင့် ငါ့ကုတင်ကြီးဖြစ်နေပြီ ။ နင်တို့နဲ့
ဘယ်လိုမှ မသက်ဆိုင်တော့ဘူး "
" ဒါဖြင့် နံရံမှာချိတ်ဆွဲထားတဲ့ ပုတီးကြီးကကော "
" ငါ့ပုတီးပဲလေ ... ငါ့ ပုတီး "
" ဟောဟို ရေစင်က ဆပ်ပြာခွက်လှလှလေးကကော "
" သြော် ... တော်တော်ခက်တဲ့ ကောင်မလေးပဲ ။ အဲ့ဒါလည်း
ငါ့ဆပ်ပြာခွက်ပဲပေါ့ကွယ် "
မိန်းမပျိုလေးက တော်တော်နှင့်ကျောင်းပေါ်မှ ဆင်းမသွား ။
စကားလက်တံရှည်လွန်းလှသည် ။ထို့ကြောင့်ပင် ဘုန်းကြီးက
ဆွမ်းလည်းဆာနေပြီဖြစ်ရာ စကားကိုဖြတ်လိုက်ရတော့၏ ။
" သည်မယ် ဒကာမလေး ။ ရှေးဆက်မေးလည်း မောရုံသာရှိမှာပဲ ။ သည်တော့
တိုတိုတုပ်တုပ်နဲ့ စကားဖြတ်ရမယ်ဆိုရင် ဒီကျောင်းမှာ ရှိသမျှအရာအားလုံးဟာ
ငါ့ဥစ္စာတွေချည်းပဲကွယ့် ။ မှတ်သာသွား "
" တင်ပါ့ .. ဘုရား "
မိန်းမပျိုလေးသည် ဆွမ်းအုပ်ကိုပိုက်၍ ကျောင်းပေါ်မှ ပြန်ဆင်းသွားလေသည် ။
နောက်ရက်တွေကျတော့ ဆွမ်းဝတ်မပျက် ။ ဘာစကားမှလည်း မမေး ၊
မလျှောက်သည့်အတွက် ဘုန်းတော်ကြီးခမျာ တော်တော်လေး စိတ်ချမ်းသာနေတော့သည် ။
သို့ဖြင့် ရက်မှလကူးကာ တစ်လမှသည် နှစ်လတိုင် ကြာသွားခဲ့သည် ။
သည်တွင် တစ်ရက်ရောက်လေတော့ မိန်းမပျိုလေးက ဆွမ်းအုပ်လာပို့ရင်း
အမှတ်မထင် စကားလေး စလိုက်လေသည် ။
" အရှင်ဘုရား .... ဘာရည်ရွယ်ချက်နဲ့ ဘုန်းကြီးဝတ်တာတုန်း .. ဘုရား "
" ဟဲ့ .. နိဗ္ဗာန်ကိုရောက်ချင်လို့ ၀တ်တာပေါ့ဟဲ့ ။ နိဗ္ဗာန်ကို
ရောက်ချင်လို့ပေါ့ "
" ဒါဆိုရင် .... ' ငါ့ကို မကြိုက်ပါနဲ့ ' ဘုရား "
တိုတိုပြတ်ပြတ် စကားဆိုလျက် မိန်းမပျိုလည်းဆွမ်းအုပ်ကို
ကောက်ယူကာ ကျောင်းပေါ်မှ ပြန်ဆင်းသွားလေသည် ။ ဘုန်းတော်ကြီးမှာ
မိန်းမပျိုလေး ပြောသွားခဲ့သည့် ' ငါ့ကို မကြိုက်နဲ့ ' ဆိုသည့် စကားအတွက်
စဉ်းစားရ အတော်ကျပ်သွားသလို အတွေးနယ်လည်း ကျယ်ပြောသွားခဲ့ရသည် ။
စကားက အနှောင့်မလွတ် ၊ အသွားမလွတ်သော စကား ။
ဘာကို ဆိုလိုတာပါလိမ့် ။
စင်စစ် ဘုန်းတော်ကြီးအဖို့ သည်ပစ္စည်းလေးပါး
အလှူ့ဒကာမိသားစုအပေါ် သွေးရိုးသားရိုးစိတ်သာ ထားသည်က အမှန် ။ ဒါကို
သစ္စာဆိုဝံ့သည် ။
သည်မိန်းမပျိုလေးက သူ့အပေါ်အထင်လွဲပြီး သူမအပေါ် မကြိုက်နဲ့လို့
ဆိုလိုရာရောက်သည့်စကားအတွက် တွေးရင်းတွေးရင်း စိတ်မကောင်းဖြစ်လာရသည် ။
ရှက်လည်း ရှက်မိသည် ။ စိတ်ထဲမှာ တနုံ့နုံ့ ခံစားရသည် ။
သည်စိတ်ဝေဒနာတို့ကြောင့် အအိပ်အစားပင် ပျက်လာရတကား ။
သည်အဖြစ်သနစ်ကို ရိပ်စားမိသူကား ကျောင်းရှိကပ္ပိယကြီး
ဖြစ်လေသည် ။ သို့ဖြစ်၍ဘုန်းတော်ကြီးအား မေးမြန်းလေ၏ ။ဘုန်းတော်ကြီးလည်း
တစ်စုံတစ်ယောက်ကို ဖွင့်အန်ပြောဆိုပါမှ ရင်ထဲပေါ့သွားလေမည်မို့
အမေးရှိလာသော ကပ္ပိယကြီးအား အကြောင်းစုံပြန်လည် ပြောပြလိုက်တော့၏ ။
" သည်အတိုင်းနေလို့တော့ မဖြစ်ဘူး ဘုရား "
" ဒါဆို ဘယ်လိုလုပ်ရမှတုန်း ကပ္ပိယကြီးရဲ့ "
" သည်ကိစ္စကို ကျောင်းဒကာ ဇနီးမောင်နှံ သိရအောင်ပြောမှ
ဖြစ်တော့မပေါ့ ဘုရား "
" ဒါဖြင့်လည်း ကပ္ပိယကြီးပဲ စီမံဆောင်ရွက်ပါတော့ လေ။
ဘုန်းကြီးကတော့ စိတ်မကောင်းဖြစ်နေမိတာ အမှန်ပဲ "
" မပူပါနဲ့ ဘုရား ... အရည်ကုန်တော့လည်း အဖတ်လည်လာပါလိမ့်မယ် "
သို့ဖြင့် ကပ္ပိယကြီးလည်း အားလပ်ချိန်၌
ရွာတွင်းရှိကျောင်းဒကာအိမ်သို့သွားကာ ကျောင်းဒကာကြီးအား အကျိုးအကြောင်း
ပြောပြပါလေ၏ ။ ကျောင်းဒကာကြီးက စဉ်းစားတွေးခေါ်တတ်သူပီပီ
" အင်း .... ကပ္ပိယကြီးပြောတဲ့ကိစ္စဟာ သမီးဖြစ်သူကို
သေသေချာချာ စုံစမ်းမေးမြန်းတီးခေါက်ပြီးမှ ဖြေရှင်းနိုင်မယ့်ပြဿနာပဲ ။
ဒါပေမယ့် ဖအေလုပ်တဲ့သူနဲ့ဆို မသင့်တော်ဘူး။
သည်တော့ မအေလုပ်တဲ့သူကိုပဲ တာဝန်ပေးရမယ် "
" ကောင်းတယ် ... ကျောင်းဒကာ ။ ကောင်းတယ် "
ကျောင်းဒကာ၏ တာဝန်ပေးချက်အရ ကျောင်းဒကာမကြီးလည်း
သမီးဖြစ်သူကို မေးမြန်းစုံစမ်း တီးခေါက် လေတော့သည် ။
" အမေကလည်း ... သမီးက ဘုန်းတော်ကြီးကို ပြန်ပြီးတရားပြခဲ့တာပါ "
" အို .. ငရဲငအုံတွေ ကြီးကုန်တော့မှာပဲ ။ ကိုင်း ....
ဆိုပါဦး။ သမီးက ဘုန်းတော်ကြီးကို ဘယ်လိုတရားပြခဲ့တာတုန်း "
" သည်လို အမေရေ ... ။ သမီးဆွမ်းသွားပို့တဲ့အခါတိုင်း
သမီးအမေးရှိတဲ့အခါ ဘုန်းတော်ကြီးဟာ သည်ဟာ ငါ့ကျောင်း ၊ သည်ဟာ ငါ့သပိတ် ၊
သည်ဟာ ငါ့သင်္ကန်း ၊ သည်ဟာ ငါ့ပုတီး ၊ အို ... ဘာပဲ မေးမေး ငါနဲ့ကို
မလွတ်ဘူး ။ ငါ့ဟာချည်း ... ငါ့ဟာချည်းနဲ့ ။သည်တော့ သမီးလည်း
စိတ်ပေါက်ပေါက်နဲ့ ဘာ့ကြောင့် ဘုန်းကြီးဝတ်တာလဲလို့ မေးမိတယ် "
" အဲ့သည်တော့ ဘုန်းတော်ကြီးက ဘာပြန်ပြောသလဲ "
" နိဗ္ဗာန်ကို လိုချင်လို့ပေါ့ဟဲ့လို့ ဖြေတယ် ။ ဒါနဲ့သမီးက
နိဗ္ဗာန်လိုချင်ရင် ' ငါ့ကို မကြိုက်နဲ့ ' လို့ပြန်ပြောပြီး
တရားပြခဲ့တာပေါ့ အမေရဲ့ "
" အမေတော့ ' ငါ့ကို မကြိုက်နဲ့ ' ဆိုတာကြီးကို
သဘောမပေါက်ဘူးကွယ့် ။ ရှင်းပြပေးပါဦး "
" သည်မှာ အမေ ... ' ငါ ' ဆိုတဲ့ အတ္တကို မဖြုတ်ရင် နိဗ္ဗာန်ကို
ဘယ်လိုမှမရောက်နိုင်ဘူး အမေရဲ့။ဒါ့ကြောင့် သမီးက နိဗ္ဗာန်ကိုလိုချင်ရင် '
ငါ့ကို မကြိုက်နဲ့ ' ။ ငါ .. ငါ .. ငါ ဆိုတဲ့ အစွဲတွေ ၊ အတ္တတွေကို
ဖြုတ်ဖို့ သွယ်ဝှိက်ပြီး တရားပြခဲ့တာပါ အမေရယ် ။ တခြား ဘာစိတ်မှ
မရှိပါဘူး ။ ဘုန်းတော်ကြီးမှာ ငါစွဲလေးရှိတာက လွဲလို့
စိတ်ဓါတ်သန့်ရှင်းတာ သမီးသိပါတယ် "
" သြော် ... ဖြစ်မှ ဖြစ်ရလေ သမီးရယ် "
ဤတွင်မှ ကျောင်းဒကာတို့မိသားစုလည်း အခြေအနေအရပ်ရပ်ကို
နားလည်သဘောပေါက်သွားကြလေသည် ။ ထို့ကြောင့်ပင် အအိပ်ပျက် ၊
အစားပျက်ဖြစ်နေရှာသော ဘုန်းတော်ကြီးအား စိတ်သက်သာရ သက်သာကြောင်းအတွက်
လျှောက်ထားရန်သွားကြလေသည် ။ သည်တော့မှ ဘုန်းတော်ကြီးလည်း ငါစွဲပြုတ်ကာ
တရားရသွားလေတော့၏ ။
" ပုံပြင်လေးကတော့ ဒါပါပဲ ဒကာတော် ။ ဒကာတော် ရေမြေ့ရှင်လည်း
နိဗ္ဗာန်ကို လိုချင်တယ် ၊ ရောက်ချင်တယ်ဆိုရင်ဖြင့် .. ဒါဟာ ငါ့သားတော် ၊
ဒါဟာ ငါ့သမီးတော်လုပ်မနေပါနဲ့တော့ ။ ငါ့ကို ကြိုက်မနေနဲ့တော့ ၊ ဟုတ်ပလား
"
" တင်ပါ့ ဘုရား ... သာဓု .. သာဓု .. သာဓုပါ ဘုရား "
ဗန်းမော်ဆရာတော်၏ ပုံပြင်လေးက ထိရောက်လှသဖြင့်
မင်းတုန်းမင်းကြီးနှင့်တကွ ပရိသတ်အပေါင်းလည်း ပြုံးပြုံးရွှင်ရွှင် သာဓု
အနုမောဒနာ ခေါ်ခဲ့ကြလေတော့ သတည်း ... ။ ။

ဖန်းမော်ဆ၇ာတော်ရဲ့စာတွေကိုတင်ပေးလို့ကျေးဇူးတင်ပါတယ်..................
ReplyDeleteအင်း
ReplyDeleteမမ.....ငယ်ကဖတ်ခဲ့ တာလေသိတ်လေးစားတာပေါ့။ အပြတ်အမှန်ဟောလို့ လေ
တင်ပါ့ ဘုရား
ReplyDeleteဘယ်သူ့ ဘုရားထူးနေလည်းဝေ
ReplyDeleteဟုတ်ကဲ့ ....ပြန်လည်အမှတ်ရစေအောင် ဖတ်သွားပါတယ် အမရေ..။
ReplyDeleteလာလှန်သွားတယ်..................မမရေ.............
ReplyDeleteဖတ်ပါကောင်းတာပေါ့နော်
ReplyDeleteဟုတ် ကျေးဇူးပါ။
ReplyDeleteဟုတ်ကဲ့ ။ ။
ReplyDeleteငါဆိုတဲ့အစွဲကိုမထားမိအောင်ကြိုးစားရမယ်နော် မ
ReplyDeleteသေချာတာပေါ့
ReplyDeleteလိမ္မာတယ်။
ReplyDelete