Pages

Sunday, July 21, 2013

ဝါဆိုလှူဒါန်း မြတ်သင်္ကန်း

ဝါ၀င်လှူဒါန်း မြတ်သင်္ကန်း
မကြာခင် ၀ါတွင်းကာလ ၀င်ရောက်လာတော့မယ်၊ ၀ါဝင်ပြီဆိုတာနဲ့ ဗုဒ္ဓဘာသာဝင်တို့ထုံးစံ အတိုင်း ၀ါဆိုသင်္ကန်းကို သဒ္ဓါထက်သန်စွာ လှူဒါန်းလေ့ရှိကြတာဟာ ချစ်စရာ့ဓလေ့ထုံးစံတစ်ခုပါ၊ ဦးဇင်းတို့မြန်မာပြည်မှာရှိနေရင်တော့ ခုချိန်ဆိုဝ...ါဆိုသင်္ကန်းကပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ကာလပေါ့၊ ခုတော့ရေခြားမြေခြားမှာ ၀ါဆိုသင်္ကန်းမပြောနဲ့ ၀ါကပ်ဖို့ကျောင်းတောင်မရှိတဲ့ ဘ၀မျိုးရောက်နေ ပါတယ်၊ ဒီတော့ အခပေးပြီး ငှါးနေတဲ့အိမ်ကိုကျောင်းအမှတ်နဲ့ ၀ါကပ်ရုံပဲရှိတော့ တာပေါ့၊ အဲဒီ ၀ါဆိုသင်္ကန်းလှူဒါန်းတဲ့အလေ့အထ ဘယ်အချိန်ကစခဲ့တယ်ဆိုတာ သိထားသင့်ပါတယ်၊ ၀ါဆိုသင်္ကန်းနဲ့ မိုးရေခံသင်္ကန်းကို သေချာမသိဘဲ တူသလိုလို မှားပြောမိတတ်ကြပါတယ်၊ တကယ်တော့ ၀ါဆိုသင်္ကန်းနဲ့ မိုးရေးခံသင်္ကန်းဆိုတာ တခြားစီပါ၊ (၀ါဆိုသင်္ကန်းရဲ့ပါဠိအမည်က ၀ဿာဝါသိကဖြစ်ပြီး ဥဒကသာဋိကဆိုတာက မိုးရေခံသင်္ကန်း(ရေ၀တ်လဲ ရေသနုပ်သင်္ကန်း) ကိုခေါ်တာပါ၊) သူတို့ဖြစ်ပေါ်လာပုံ သမိုင်းနောက်ခံကိုယ်စီရှိကြပါတယ်၊ ၀ါဆိုသင်္ကန်း အကြောင်းမပြောခင် သံဃာတော်များ ၀တ်ရုံတဲ့သင်္ကန်းရဲ့ ရာဇ၀င်ကို သိထားသင့်ပါတယ်၊

(((သင်္ကန်းအစ ဇီဝက)))
သင်္ကန်းကို အမျိုးစားခွဲလိုက်ရင်
• ခါးဝတ်သင်းပိုင်၊
• အပေါ်ရုံဧကသီ၊
• နှစ်ထပ်သင်္ကန်း၊
• အိပ်ယာခင်း၊
• မျက်နှာသုတ်ပုဝါ၊
• ပရိက္ခာရစောဠပုဆိုး၊
• နိသီဒိုင်အခင်း၊
• မိုးရေခံသင်္ကန်း၊
• အမာ(အနာ)လွှမ်းသင်္ကန်းဆိုပြီး ကိုးမျိုးထွက်လာပါတယ်။
အဲ့ဒီသင်္ကန်းကိုးမျိုးကိုအနှစ်ချုပ်လိုက်ရင်
(၁)ဂဟပတိစီဝရ-အလှူရှင်များကလှူဒါန်းတဲ့သင်္ကန်း၊ (၂)ပံသုကူလိကစီဝရ- ကိုယ်တိုင်ေ ကာက်ယူပြီး ချုပ်ဝတ်ရတဲ့ ပံသုကူလိက(ပံသကူ)သင်္ကန်းလို့ ဒီလိုနှစ်မျိုးပဲရှိပါတယ်။
ဘုရားရှင်ပွင့်တော်မူစက ပံသုကူလိကခေါ် ပံ့သကူသင်္ကန်းပဲရှိပါသေးတယ်၊ လူအများစွန့်ပစ်ထားတဲ့ အ၀တ်တွေကို စပ်ချုပ် ဖန်ရည်ဆိုးပြီး ၀တ်ရတဲ့ ရဟန်းတို့ အခြေနေ ကို မြင်ယောင်ပြီးသာကြည့်လိုက်ပါ၊ အခုခေတ်ကိုယ်တော်တွေနဲ့များ ကွာပါ့နော်၊ ဒီလိုအခြေနေကို ဆရာဇီဝကသတိပြုမိပုံပေါ်ပါတယ်၊ ဒါကြောင့် တစ်နေ့ ဘုရားဆီချဉ်းကပ်ပြီး ဆုနှစ်မျိုးတောင်း တဲ့အခါ သံဃာတော်တွေအတွက် ဂဟပတိစီဝရလို့ခေါ်တဲ့ အလှူရှင်တွေလှူတဲ့သင်္ကန်းကို ခွင့်ပြုဖို့လျှောက်တော့ ဘုရားရှင်ကလည်း လိုလိုလားလားခွင့်ပြုပေးပါတယ်၊ ယနေ့ရဟန်းတော်တွေ ဒီလိုသင်္ကန်းဝတ်ရတာဟာ ဆရာဇီဝက ကျေးဇူးကြောင့်ဖြစ်ပါတယ်။

(((သင်္ကန်းဖန်တီးရှင် ဒီဇိုင်နာ)))
သင်္ကန်းကိစ္စခွင့်ပြုခဲ့ပေမယ့် အဲဒီတုန်းက ရဟန်းတွေဝတ်ရုံတဲ့ သင်္ကန်းတွေဟာ ကြုံသလိုချုပ်ဆိုးပြီး ၀တ်ကြရတာဆိုတော့ ဒီခေတ်သင်္ကန်းတွေလို စနစ်တကျ သပ်သပ်ရပ်ရပ် မရှိသေးတာတော့အမှန်ပါ၊ တနေ့ မြတ်စွာဘုရားနဲ့ အရှင်အာနန္ဒာ မဂဓတိုင်း ဒက္ခိဏဂီရိကိုအသွား လယ်ကွင်းတွေကိုတွေ့တော့ ဘုရားရှင်က““ဒီလို လယ်ကွက်တွေနဲ့ ပုံစံတူသင်္ကန်းတွေကို မင်းချုပ်နိုင်မလား”လို့မေးတဲ့အခါ အရှင်အာနန္ဒာက ချုပ်နိုင်ကြောင်းပြောပြီး သင်္ကန်းတွေ ကို ဖြတ်တောက်ချုပ်စပ်ပြီး ဘုရားရှင်ကိုပြတော့ ချီးကျူးတော်မူပီး ရဟန်းတွေအတွက် အကဲ့ရဲ့ လွတ်ကာ သင့်တင့်လျှောက်ပတ်ပြီး သူခိုးရန်ကကင်းတာကြောင့် ဒီလိုဒီဇိုင်းမျိုးနဲ့ သင်္ကန်းတွေ ကို ဖြတ်တောက်ပြီးချုပ်ဖို့မိန့်တော်မူပါတယ်၊ အရှင်အာနန္ဒရဲ့ဖန်းတီမှုကြောင့် သင်္ကန်းတွေဟာ လယ်ကွက်အသွင်နဲ့ ယနေ့မြင်တွေ့နေကြရတာပေါ့။

(((၀ါဆိုသင်္ကန်းအစ စစ်သည်တော်က)))))
အရေးကြီးတဲ့ဝါဆိုသင်္ကန်းအကြောင်းပြောပါတော့မယ်၊ ၀ါဆိုသင်္ကန်းဆိုတာ (၀ဿံ အာဝါသော ၀ဿာဝါသော၊ ၀ဿာဝါသာနံ ဒိန္နံ ၀ဿာဝါသိကံ-မိုးလပတ်လုံးနေခြင်းရှိသော သံဃာတော်တို့အား လှူဒါန်းအပ်သောသင်္ကန်းဆိုတဲ့ ၀ိဂြိုဟ်အရ) ဒကာ/ဒကာမများက ၀ါကပ်တဲ့သံဃာတော်တွေကို ၀ါကျွတ်ကာလပဲဖြစ်စေ၊ ၀ါကျွတ်မှဝတ်ဖို့အတွက် ၀ါတွင်းမှာပဲဖြစ်စေ လှူဒါန်းတဲ့သင်္ကန်းကို “၀ဿာဝါသိက”၀ါဆိုသင်္ကန်းလို့ခေါ်ပါတယ်၊ ဒီတော့ ၀ါဆိုသင်္ကန်းဆိုတာ စောစောကပြောခဲ့တဲ့ သင်္ကန်းကိုးမျိုးထဲက တမျိုးသာဖြစ်ပါတယ်၊ အဲ့ဒီကိုးမျိုးကလွဲလို့ ၀ါဆိုသင်္ကန်းဆိုပြီး သီးခြားနာမည် မရှိပါဘူးဆိုတာ သေချာမှတ်သားစေချင်ပါတယ်။

(((၀ါဆိုသင်္ကန်းပေါ်ပေါက်လာပုံသမိုင်းနောက်ခံ)))
ဝါတွင်းကာလ ရှေ့တန်းစစ်မြေပြင်ကိုသွားခါနီး စစ်သည်တော် တစ်ယောက် ဘေးကင်းဖို့ ကောင်းမှုလေးလုပ်ချင်လို့ ၀ါကပ်တော်မူကြတဲ့ သံဃာတော်တွေကို ၀ါဆိုသင်္ကန်းအလှူခံကြွဖို့ပင့်တဲ့အခါ ၀ါတွင်းကာလလည်းဖြစ်ပြန် ရဟန်းတော်တွေ ရဲ့စိတ်ထဲမှာလည်း ၀ါကျွတ်မှဝါဆိုသင်္ကန်းအလှူခံခွင့်ရှိတယ်ထင်လို့ မကြွကြဘူး၊ ဒီတော့ ““ကုသိုလ်လုပ်ချင်လို့ပင့်တာတောင် ကိုယ်တော်တွေက ကြွမလာဘူး””ဆိုပီး ကဲ့ရဲ့ခံရလို့ ဘုရားရှင်က အစ္စေကသင်္ကန်း (အရေးကြုံရင်လှူရတဲ့သင်္ကန်း)ဆိုပြီး ခွင့်ပြုတော်မူခဲ့ပါတယ်၊ (တကယ်တော့ ၀ါဆိုသင်္ကန်းဆိုတာ ၀ါတွင်း/၀ါပ ဘယ်အချိန်လှူရမယ်ဆိုတဲ့ မိန့်မှာချက်မရှိပါဘူး၊ ဘယ်အချိန်အဆိုလှူလို့ရပါတယ်၊ ဒီကနေ့ခေတ်မှာတော့ ၀ါဆိုသင်္ကန်းကို ၀ါမဆိုခင်လှူဒါန်းလေ့ ရှိကြပါတယ်၊ ၀ါဆိုသံဃာကို ရည်စူးပြီးလှူတဲ့သင်္ကန်းကို ၀ါဆိုသင်္ကန်းလို့မှတ်ထားစေချင်ပါတယ်၊

(((အစ္စေကသင်္ကန်း(အရေးကြုံရင်လှူရတဲ့သင်္ကန်း)နဲ့ပတ်သက်ပြီးပြောချင်ပါသေးတယ်၊))) အဲ့ဒါတွေကတော့-
• ရုတ်တရက် စစ်မြေပြင်ထွက်ရမယ့် အသက် အာမခံချက်မရှိတဲ့ စစ်သား၊
• ကိုယ်ဝန်ဆောင်မိခင်၊
• နေထိုင်မကောင်းဖြစ်နေသူ၊
• တရားနာရလို့ သဒ္ဓါပေါက်လာသူ၊ သူတို့တွေက ““၀ဿာဝါသိကံ ဒဿာမိ”” ၀ါဆိုသင်္ကန်းလှူချင်လို့ပါဆိုပီး လှမ်းပင့်သည်ဖြစ်စေ၊ ကိုယ်တိုင်လာပြီး ““၀ဿာဝါသိကံ ဒမ္မိ”” ၀ါဆိုသင်္ကန်းကပ်လှူပါ၏ဆိုပြီး ပြောလို့ဖြစ်စေ လှူတဲ့သင်္ကန်းကို ၀ါဆိုသင်္ကန်းလို့ခေါ်ပါတယ်၊ ဒီလိုသင်္ကန်းမျိုးကို ၀ါဆိုသင်္ကန်းလို့ပဲခေါ်ခေါ်၊ ၀ါကျွတ်သင်္ကန်းလို့ပဲသုံးသုံး၊ သင်္ကန်းကိုးမျိုးထဲက တစ်မျိုးပဲဖြစ်ပါတယ်၊ ဒီတော့ကာ ၀ါဆိုသင်္ကန်းဆိုတာ စစ်ထွက်မယ့်စစ်သားတစ်ယောက်ကို အကြောင်းပြုလို့ ပေါ်ပေါက်လာရတာဖြစ်ပါတယ်၊ ကဲ ၀ါဆို သင်္ကန်းနဲ မှားပြီးခေါ်ကြတဲ့မိုးရေခံ သင်္ကန်းကိစ္စဆက်ကြအုံးစို့၊

(((မိုးရေခံအစ ၀ိသာခါက)))
အခါတစ်ပါး ၀ိသာခါကျောင်းဒကာမက အိမ်ဆွမ်းစားကြွလာတဲ့ ဘုရားရှင်ကို ဆုရှစ်ပါးတောင်းတယ်၊ အဲ့ဒါတွေကတော့ သက်ဆုံးတိုင်
• ရဟန်းတော်များကို မိုးရေခံသင်္ကန်း လှူလိုခြင်း၊
• ဧည့်သည်အာဂန္တုရဟန်း၊ခရီးသွားရဟန်းများကို ဆွမ်းလှူလိုခြင်း၊
• ဂိလာနရဟန်း၊ဂိလာနပြုစုသူရဟန်းများကိုဆွမ်း/ဆေးများလှူလိုခြင်း၊
• ယာဂု(ဆန်ပြုတ်)လှူလိုခြင်း၊
• ဘိက္ခုနီသံဃာတို့အတွက် (ရေချိုးတဲ့အခါဝတ်ဖို့) ရေသနုပ်သင်္ကန်းလှူဒါန်းလိုခြင်း၊ ဆိုတဲ့ဆုတွေပဲဖြစ်ပါတယ်။
ဘာကြောင့်ဒီဆုတွေကိုတောင်းရသလဲလို့ဘုရားရှင်မေးတော့ သူမရဲ့ရင်တွင်းခံစားချက်ကို လျှောက်ထားခဲ့ဖူးတယ်၊ (စာရှည်သွားမှာစိုးတဲ့အတွက် ဆုရှစ်ပါးထဲက မိုးရေခံသင်္ကန်းနဲ့စပ်တဲ့ ဆုတောင်းရခြင်းအကြောင်းကိုပဲရေးပြပါမယ် အကျယ်သိချင်ရင်တော့ ၀ိနည်းမဟာဝါ၊ စီဝရက္ခန္ဓကမှာသွားကြည့်စေချင်ပါတယ်) မိုးရေခံသင်္ကန်းစပ်တဲ့ ဆုတောင်းရခြင်း အကြောင်းကတော့ ၀ိသာခါဟာ ကျွန်မလေးတစ်ယောက်ကို ကျောင်းသွားပြီး ဆွမ်းစားပင့်ခိုင်းတဲ့ အခါ ရေ၀တ်လဲစရာသင်္ကန်းမရှိလို့ သင်္ကန်းဗလာ ကိုယ်လုံးတီးနဲ့ရေချိုးနေတဲ့ သံဃာတော်တွေ ကိုတွေ့တော့ အ၀တ်မ၀တ်တဲ့ အာဇီဝက တက္ကတွန်းတွေနဲ့မှားပြီး ကျောင်းမှာ သံဃာမရှိ၊ တက္ကတွန်းတွေပဲရှိတယ်လို့ပြောလာလို့ ၀ိသာခါစိတ်မကောင်းဖြစ်သွားပါတယ်၊ သူ့အနေနဲ့ လူမြင်ကွင်းမှာ အ၀တ်မ၀တ်ဘဲရေချိုးတဲ့ကိစ္စဟာ ရဟန်းတွေအတွက် ရှက်စရာ သိက္ခာကျစရာ လို့မြင်ပါတယ်၊ ဒါကြောင့် ၀ိသာခါဟာ သံဃာတော်များကို မိုးရေခံသင်္ကန်းခေါ် (ရေသနုပ်)ရေ၀တ် လဲသင်္ကန်း လှူဒါန်းရခြင်းဖြစ်ပါတယ်။ ဒီခေတ်မှာတော့ မိုးရေခံသင်္ကန်း ဆိုပြီး သီးခြားလှူဒါန်းတာ မတွေ့ရပါ၊ တကယ်တော့မိုးရေခံသင်္ကန်းဆိုတာ ရေချိုးတဲ့အခါသုံးတဲ့ သင်္ကန်း(သင်းပိုင်)တစ်မျိုးမို့ သင်္ကန်းဒွိစုံလှူလိုက်တာနဲ့တခါထဲ အကျုံးဝင်ပြီးသား ဖြစ်သွားပါတယ်၊ သင်္ကန်းလှူဒါန်းရကျိုး ဆိုတာလည်းဆရာတော်တွေဟောနေကျမို့သိပြီးသားတွေဖြစ်နေမှာပါ(စာရှည်မှာစိုးလို့မရေးတော့ပါ၊)ဒီိဆောင်းပါးရဲ့ အဓိက ဦးတည်ချက်က ၀ါဆိုသင်္ကန်းနဲ့မိုးရေခံသင်္ကန်းကို ကွဲပြားစွာသိဖို့၊ ၀ါဆိုသင်္ကန်းအစ ၀ိသာခါလို့ပြောနေတာတွေ မမှန်ဘူးဆိုတာသိဖို့၊ သင်္ကန်းရဲ့ရာဇ၀င်၊ ဘာကြောင့် သင်္ကန်းတွေမှာ လယ်ကွယ်ပုံသဏ္ဍန်ဖြစ်နေသလဲဆိုတာတွေကိုပါ၊ ဒီဆောင်းပါးဖတ်ပြီး အားလုံးပဲ ဗဟုသုတပွါးနိုင်ကြပါစေ၊

အရှင်ပညာသိရီလင်္ကာရ
ပေရာဒနိယတက္ကသိုလ်၊
ကန်ဒီ၊ သီရိလင်္ကာနိုင်ငံ။
 
 
 

0 comments:

Post a Comment