Pages

Wednesday, July 24, 2013

ဖျားနေသောဂြိုဟ်တစ်ခုနှင့် မှားနေသောလူတစ်စုအကြောင်း

ဖျားနေသောဂြိုဟ်တစ်ခုနှင့် မှားနေသောလူတစ်စုအကြောင်း


တစ်နေ့တစ်နေ့ . . .
အနတ္တကိုရှာတွေ့ဖို့ ကြိုးစားတဲ့လူသား
အတ္တရည်တွေသောက်ရင်း ခါးတယ် ။

အိမ်အပြင်တောင် ထွက်မသွားရဲဘူး …
ကြားနေရတဲ့အသံက စောင်းကြိုးတင်း
ဟော…ဟို လယ်ကွင်းထဲမှာ စပါးမရှိ
ကောင်းကင်ကိုမော့ကြည့်တော့ တိမ်မမြင်
ပင်လယ်ရေပြင်လည်း အပူရှပ်ပြီး ၊ ရေငတ်နေတယ် ။

ဟူး … နေရထိုင်ရခက်လိုက်တာ
ချိုမြိန်ခြင်းတရားကို ပြောမယ့်ပါးစပ်တွေ
ဘယ်ပုရွက်ဆိတ်ကိုက်လို့ ရပ်သွားလေလဲ ???
ရှာပေးကြပါဦး … ရှာပေးကြပါဦး ။

ကူမယ့်သူမရှိ ၊ ကယ်မယ့်သူမရှိ
ပစ္စက္ခဒုက္ခသည်တွေရဲ့ ဖြစ်စဉ်မှာ
ဗလာနဲ့ချည်းမိနေတယ် ………..။

ကမ္ဘာကြီးလည်း အိုမင်းမစွမ်း
တောင်ဝှေးတစ်ချောင်း ကမ်းသူမဲ့
ရေတစ်မှုတ်စာ ပေးသူမဲ့နဲ့
အားအင်ချိနဲ့လို့ ဖျားနေလေရဲ့ ။

မဖြစ်ချေဘူး ………….
အိမ်အပြင်ကိုထွက်
ကမ္ဘာကြီးအတွက် ဆေးတစ်ခွက်ရှာပေးချင်တယ် ၊
ဘယ်တော့မှ မပေါက်နိုင်တဲ့
ဒုက္ခသည်တွေလက်ထဲက လက်မှတ်
ဟင်းတစ်ခွက်နဲ့ လဲပေးချင်တယ် ၊
သိန်း သန်း ကုဋေချီ
အတ္တတွေထိုင်ရေနေတဲ့အလုပ်
မေတ္တာသုတ်နဲ့ အစားထိုးပေးချင်တယ် ၊

ကျောင်းနေရွယ်ကလေးတွေ စာသင်
သူတော်စင်တွေ တရားရှာမှီး
စစ်မီးကြီးတွေ ငြိမ်းချမ်းရေးနဲ့လဲ
လယ်ကွင်းထဲတွေ စပါးစိုက်
လူဆိုးလူမိုက်တွေ နောင်တရ
ပရဟိတသမားတွေ သူတော်စိတ်မွေး
သူဌေးသူကြွယ်တွေ အပေးအကမ်းလက်ဖွာ
ဆရာ၊ဆရာမတွေ စာသင်မပျက်
ကဗျာဆရာတွေ ကဗျာစပ် …..
(အားလုံး….အားလုံး)
အမှန်တရားပြောရင် နာခံတတ်တဲ့တစ်နေ့
ကမ္ဘာကြီးရေ …… ခင်ဗျားသောက်ဖို့ ဆေးတစ်ခွက်တွေ့ဦးမှာပါ ။


                                                  လင်းk  

2 comments:

  1. အကိုက ကဗျာဆရာထင်တယ်...........
    အရမ်းကောင်းတာပဲ အကိုရာ....
    ကျွန်တော်က ကဗျာမရေးတတ်ဘူး....ဒါပေမယ့် ကဗျာကိုတော့
    ခံစားတတ်တယ်............။

    ReplyDelete
  2. ဟုတ် ကဗျာဆရာပါ
    LK ရေးတာခံစားချက်တိုက်ဆိုင်လို့
    ယူသိမ်းထားတာပါ

    ReplyDelete