Pages

Thursday, May 23, 2013

"ကဆုန်လပြည့် ဗုဒ္ဓနေ့ "


"ကဆုန်လပြည့် ဗုဒ္ဓနေ့ "

•••••••••••••••••••••
မေး။ ။ ဗုဒ္ဓဖြစ်ဖွယ်၊ နေ့၌ဝယ်၊ ဘယ်သူ ဆွမ်းတော်ကပ်သနည်း။
ဖြေ။ ။ ဗုဒ္ဓနေ့မှာ၊ သုဇာတာလျှင်၊ ဃနာနို့ဆွမ်း၊ ခွက်ပါကမ်း၊ လှူဒါန်း ဆက်ကပ်ပါသတည်း။

... ဥရုဝေဠတော၏ အနီး ‘သေနာ’မည်သော နိဂုံး ရှိ၏။ ထိုနိဂုံးသဌေး၏ သမီးသည် ‘သုဇာတာ’ မည်၏။ ထိုသတို့သမီးသည် အပျိုဘဝတုန်းက ညောင်ပင်ကြီးသို့ ချဉ်းကပ်၍ ‘အမျိုးတူ သဌေးသားနှင့် လက်ထပ်ရအောင်, သားဦးရတနာရအောင် စောင်မပါ။ တောင့်တတိုင်း ပြည့်စုံလျှင် နှစ်စဉ် ပူဇော်ပါမည်’ဟု နတ်ကို တောင်းပန်ဖူး၏။

ထို တောင့်တတိုင်း ပြည့်စုံသောကြောင့် ကဆုန်လပြည့်နေ့၌ ရုက္ခစိုးနတ်မင်းကို နှစ်စဉ် ပူဇော်မြဲ ဖြစ်၏။
ထိုနေ့၌ကား ကျွန်မတစ်ယောက်နှင့်အတူ နံနက်စောစော အပူဇော်လာသောအခါ ညောင်ပင်အောက်၌ ထိုင်နေတော်မူသော အလွန်သပ္ပာယ်လှပသော ဘုရားအလောင်းကိုပင် သူ့ကို စောင်မသော နတ်ဟု ထင်မှတ်၍ အလွန်ကြည်ညိုရကား နို့ဃနာဆွမ်းကို ရွှေခွက်ပါ လှူဒါန်း ဆက်ကပ်လေသည်။
(နို့ထမင်းပျစ်ပျစ်ကို ‘ဃနာနို့ထမင်း’ဟု ခေါ်၏။ ဃန = ပျစ်သော။)

မေး။ ။ နို့ဆွမ်းဃနာ၊ ဘုဉ်းပေးကာ၊ ခွက်မှာ ဘယ်သို့သုံးသနည်း။
ဖြေ။ ။ နေရဉ္ဇရာ၊ မြစ်ကမ်းသာဝယ်၊ လောင်းလျာ ရပ်နား၊ ဆွမ်းကို စား၍၊ ဘုရားဖြစ်ရန်၊ ယနေ့မှန်လျှင်၊ ဆန်စေ မြစ်ညာ၊ ဓိဋ္ဌာန်ကာ၊ ရေမှာ ရွှေခွက်မျှောသတည်း။

သုဇာတာ၏ ဃနာနို့ဆွမ်းကို နေရဉ္ဇရာမြစ်ကမ်း၌ လေးဆယ့်ကိုးလုတ် ဘုဉ်းပေးတော်မူလေ၏။
ထိုသို့ ဘုဉ်းပေးပြီးလျှင် ‘ယနေ့ ဘုရားဖြစ်မည် မှန်လျှင် ဤရွှေခွက်သည် ရေညာသို့ ဆန်တက်ပါစေသတည်း’ဟု ဓိဋ္ဌာန်၍ မြစ်ရေမှာ မျှောလေ၏။
ရွှေခွက်လည်း ရေညာသို့ ဆန်တက်လေတော့သည်။

မေး။ ။ ဘယ်နေရာတွင်၊ နေ့သန့်စင်၍၊ ထို့ပြင်တခန်း၊ ညနေချမ်း၊ ကြွလှမ်း ရှေးရှု ဘယ်သို့နည်း။
ဖြေ။ ။ အင်ကြင်းတောတွင်၊ နေ့သန့်စင်၍၊ ထို့ပြင်တခန်း၊ ညနေချမ်း၊ ကြွလှမ်း ဗောဓိပင်သို့တည်း။

ထို့နောက် ထိုမြစ်ကမ်းနှင့် မလှမ်းမကမ်းဝယ် အင်ကြင်းတော၌ နေ့သန့်စင်တော်မူ၏။
(နေ့အခါ၌ တရားဖြင့် စိတ်သန့်ရှင်းအောင် နေခြင်းကို ‘နေ့သန့်စင်’ဟု ခေါ်၏။)
ညနေချမ်း၌ကား ထိုနေရာမှ ဗောဓိညောင်ပင်သို့ ကြွတော်မူ၏။
ထိုသို့ ကြွတော်မူရာ၌ လမ်း၌ မြက်ရိတ်၍ ပြန်လာသော ပုဏ္ဏားတစ်ယောက်က ဘုရားအလောင်းအား မြက်စည်းကလေး ရှစ်စည်းကို လှူလိုက်လေသည်။

မေး။ ။ ဗောဓိပင်သာ၊ ရောက်သောခါ၊ လောင်းလျာ ဘယ်သို့နေသနည်း။
ဖြေ။ ။ ဗောဓိပင်မြတ်၊ အရှေ့ရပ်၌၊ ချဉ်းကပ်ထိုင်ကာ၊ ဘာဝနာ၊ ကောင်းစွာ ပွား၍ နေသတည်း။

ငါတို့ ဘုရားအလောင်းတော်သည် ဗောဓိညောင်ပင်သို့ ရောက်သောအခါ အရှေ့ဖက်မှ ဗောဓိပင်သို့ ကပ်ဝင်၍ အသင့်ယူလာသော မြက်ရှစ်စည်းကို ဖြန့်ခင်းတော်မူ၏။
ထို့နောက် ဗောဓိပင်ကို နောက်ကျောပြုလျက် အရှေ့ဖက်သို့ မျက်နှာမူ၍ တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေတော်မူသည်။

ထိုသို့ ထိုင်နေခြင်းကား အခြားအခါ ထိုင်နေခြင်းနှင့် မတူ။
“အရေ အကြော အရိုးတို့သာ ကြွင်းကျန်၍ အသားနှင့် အသွေးတွေ ခြောက်ခန်းသွားစေကာမူ ဘုရားမဖြစ်လျှင် ဤတင်ပလ္လင်ခွေကို မဖျက်တော့အံ့”ဟု အလွန် စွဲမြဲသော ဇွဲဝိရိယဖြင့် ဓိဋ္ဌာန်၍ ထိုင်နေတော်မူခြင်း ဖြစ်သည်။
ထိုသို့ ထိုင်နေပြီးလျှင် အာနာပါနကမ္မဋ္ဌာန်း ဘာဝနာကို စီးဖြန်းပွားများနေတော်မူသည်။

ထိုအချိန်၌ နေ မဝင်သေး။
ဗောဓိပင်မှ အရွက်ဟောင်းများသည် တဖြောက်ဖြောက် ကြွေကျ၍ အရွက်သစ် အညွန့်ကလေးတွေ သန္တာနီကလေးများကဲ့သို့ ထွက်နေကာ လွန်စွာ ကြည်နူးဖွယ်ရာ အချိန်ပါပေတည်း။

မေး။ ။ ထိုသို့နေခါ၊ ဘယ်သူလာ၊ ဘာကို အရေးဆိုသနည်း။
ဖြေ။ ။ ထိုသို့နေခါ၊ မာရ်နတ်လာ၊ နေရာပလ္လင် လုသတည်း။

ထိုသို့ ထိုင်နေပုံကို မြင်ရသော မာရ်နတ်သည် အနှောင့်အယှက် ပေးလိုသောသဘောဖြင့် သူ၏ အာဏာ ပျံ့နှံ့ရာဖြစ်သော နတ်စစ်သည်အပေါင်းကို ဆင့်ခေါ်၍ သူကိုယ်တိုင်လည်း ဂိရိမေခလာ ဆင်ပြောင်ကြီးကို တက်စီးကာ စစ်တပ်ကြီး ချီ၍ လာလေသည်။

ထိုသို့ စစ်တပ်ချီ၍ လက်နက်မျိုးစုံ ခြိမ်းခြောက်သံ မျိုးစုံတို့ဖြင့် အနှောင့်အယှက်ပေးနေသော မာရ်နတ်ကို ဘုရားအလောင်းတော်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဖြည့်ကျင့်တော်မူခဲ့သော ပါရမီတော်စစ်တပ်ဖြင့် ခုခံတော်မူလေ၏။
နောက်ဆုံး၌ ‘ဝေဿန္တရာမင်းဘဝတုန်းက ဒါနပါရမီဖြည့်တော်မူစဉ် အသင်မြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်ဖူးသည် မဟုတ်လော’ဟု မိန့်တော်မူ၍ လက်တော်ဖြင့် မြေကြီးကို ညွှန်ပြတော်မူလိုက်ရာ သွက်သွက်ခါအောင် ပြင်းထန်စွာ တုန်လှုပ်လေသည်။

ထိုအခါ ဂိရိမေခလာဆင်ပြောင်ကြီးသည် ဒူးတုပ်၍ ဝပ်နေရ၏။
စစ်တပ်တို့လည်း လန့်ပြေးကြ၏။
ဤသို့ နေမဝင်မီ မာရ်နတ်ရန်ကို အောင်တော်မူပြီးနောက် တင်ပလ္လင်ဖွဲ့ခွေ ထိုင်နေမြဲ ထိုင်နေကာ ကမ္မဋ္ဌာန်းဘာဝနာကို ဆက်လက်၍ ပွားများတော်မူလေသည်။

မေး။ ။ မာရ်နတ်မင်းရန်၊ အောင်ပြီးပြန်၊ ဘယ်ဉာဏ် ဘယ်ချိန်ရသနည်း။
ဖြေ။ ။ ညဥ့်ဦး အလယ်ယာမ်၊ မိုးသောက်ယာမ်၊ ဉာဏ် ‘ပု’ ‘ဒိ’ ‘အာ’ ရသတည်း။

ကမ္မဋ္ဌာန်းဘာဝနာတို့ကို ဆက်လက်၍ ကြိုးစားတော်မူသော ငါတို့ ဘုရားအလောင်းတော်သည် ညဥ့်ဦးယာမ်အချိန်မှာ ‘ပု’=ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ကို ရတော်မူ၏။
ထိုဉာဏ်၏ အစွမ်းဖြင့် ရှေးရှေး ဘဝများစွာ၌ ဖြစ်ခဲ့သမျှအားလုံးကို သိတော်မူသည်။
(ပုဗ္ဗေ=ရှေးရှေးဘဝ၌ + နိဝါသ=နေထိုင်ခဲ့သမျှကို + အနုဿတိ=အောက်မေ့နိုင်ခြင်း)

ထို့နောက် သန်းခေါင်ယာမ်ခေါ် ညဥ့်လယ်ယာမ်၌ ‘ဒိ’=ဒိဗ္ဗစက္ခုကို ရတော်မူ၏။
ထိုဉာဏ်၏အစွမ်းဖြင့် နတ်မျက်စိကဲ့သို့ အလွန်ဝေးကွာသောအရပ်မှာ ရှိသော သတ္တဝါတို့ကိုလည်းကောင်း၊ အလွန်သေးငယ်စွာသော သတ္တဝါတို့ကိုလည်းကောင်း မြင်တော်မူရသည်။
(ဒိဗ္ဗ=နတ်မျက်စိနှင့်တူသော + စက္ခု=ဉာဏ်အမြင်)

ထို့နောက် မိုးသောက်ယာမ်ခေါ် နောက်ဆုံးယာမ် အရုဏ်တက်အချိန်၌ ‘အာ’=အာသဝက္ခယဉာဏ်ခေါ် အရဟတ္တမဂ်ဉာဏ်ကို ရတော်မူ၏။
ထိုဉာဏ်၏အစွမ်းဖြင့် စိတ်အစဉ်မှာ ကိန်းဝပ်နေသော ကိလေသာတွေ အကြွင်းအကျန် မရှိ ကုန်ခန်းသွားလေသည်။

မေး။ ။ အဘယ်ဉာဏ်တော်၊ ရလတ်သော်၊ ဘုန်းမော် ဗုဒ္ဓဖြစ်သနည်း။
ဖြေ။ ။ လပြည့်ကဆုန်၊ ချိန်အရုဏ်ဝယ်၊ သုံးဆယ်နှင့်ငါး၊ သက်တော်အားဖြင့်၊ တရားကုန်စင်၊ အစုံမြင်ဖို့၊ သဗ္ဗဉ်ဉာဏ်တော်၊ ရလတ်သော်၊ ဘုန်းမော် ဗုဒ္ဓဖြစ်သတည်း။

ထိုသို့ အရဟတ္တမဂ်ဉာဏ် ရလျှင်ပင် သဗ္ဗညုတာဉာဏ်ဟု ခေါ်သော ဉာဏ်တော်ကြီးကိုလည်း တခါတည်း ရပြီး ဖြစ်လေတော့၏။
ဥပမာ - ရှင်ဘုရင်ဖြစ်ဖို့ ဘိသိက်မြှောက်လိုက်သည်နှင့်တပြိုင်နက် ဆိုင်ရာတိုင်းပြည်ကိုလည်း အပိုင်ရတော့သကဲ့သို့တည်း။
ထိုသဗ္ဗညုတာဉာဏ်တော်၏အစွမ်းဖြင့် သိစရာဟူသမျှ မကျန်ရအောင် အလုံးစုံကို အကုန်အစင် သိမြင်တော်မူသည်။
(သဗ္ဗ=အလုံးစုံကို + ညုတာ=သိနိုင်သူ၏ဖြစ်ကြောင်း ဉာဏ်တော်)

ထိုသဗ္ဗညုတာဉာဏ်တော်ကို ရသောကြောင့်ပင် ဘုရားရှင်ကို “ဗုဒ္ဓ = အလုံးစုံသိသော ဘုရား”ဟု ကိုယ်တော်တိုင်လည်း ဝန်ခံတော်မူ၏။
စုံစမ်း စိစစ်သောအခါ ပညာရှိ ပါမောက္ခကြီးတို့ကလည်း အသိအမှတ် ပြုကြရလေသည်။

ထိုအချိန်မှာ “ဧကန် ဘုရားဖြစ်တော့မည်”ဟု ယုံကြည်နေကြသော တန်ခိုးကြီးသော နတ်မင်း ဗြဟ္မာမင်းတို့သည် ဗုဒ္ဓမြတ်စွာ၏ အလွန် တည်ငြိမ်၍ အထူး ကြည်လင်သော မျက်နှာတော်ကို မြင်ရသောအခါ လွန်စွာ အားရ “ဘုရားဖြစ်ပြီ”ဟု ယူဆ၍ ပန်းမျိုးစုံတို့ဖြင့် ပူဇော်ကြလေ၏။
ကမ္ဘာမြေကြီးလည်း ဝမ်းသာ အားရသကဲ့သို့ ဘုရားရှင်၏ ဉာဏ်တော်တန်ခိုးကြောင့် အမျိုးမျိုး ယိမ်းထိုးကာ ပြင်းထန်စွာ တုန်လှုပ်ပါလေသည်။

ထို ဗုဒ္ဓမြတ်စွာ ဖြစ်တော်မူသည့်နေ့သည် သက်တော်လည်း ၃၅ နှစ် တင်းတင်းပြည့်ရာ ကဆုန်လပြည့် (ဆင်မင်းဖြင့် မှတ်သားအပ်သော) ဗုဒ္ဓဟူးနေ့တည်း။

လယ်တီဆရာတော်ဘုရားကြီး၏ လင်္ကာကို အောက်ပါအတိုင်း မှတ်ပါ။
(မြေ့ပရမေ = အမြတ်ဆုံးမြေ၊ ထိုမြေပလ္လင်၌ ညောင်ပင်ကြီးကို ‘ဗိတာန်ထီး’ကဲ့သို့ ဆောင်း၍ နေတော်မူသည် ဟု ထိုလင်္ကာ၌ ဆိုလိုသည်။)

"လင်္ကာ"
--------
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍
ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်
မြေ့ ပရမေ၊ ပလ္လင်ဗွေထက်
ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်
မငြီး ကြည်ဖြူ၊ နေတော်မူလျက်
ရန်သူခပင်း၊ အမိုက်သင်းကို
အရှင်းပယ်ဖျောက်၊ အလင်းရောက်က
ထွန်းတောက် ဘုန်းမော်၊ သောင်းလုံးကျော်သည်
သုံးဘော်လူတို့ ငြိမ်းဖွယ်ကို့။

(အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ပန္နရသမကျမ်းစာ ‘ဘုရား အဖြစ်တော်စဉ် ဗုဒ္ဓဝင် မေး ဖြေ’ မှ -)

Dhamma Danã Source
See More

www.facebook.com/youngbuddhistassociation.mm


 

ကဆုန်လ၏ မှတ်သားဖွယ်ကြီး ၁၆-ချက်။ ။

ကဆုန်လနှင့်စပ်၍မှတ်သားဖွယ်အချက်များကား ၁၆-ချက်မျှအကျဉ်းတွေ့၏။

(၁) အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။

(၂) အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။

(၃) တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့)

(၄) သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။

(၅) ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။

(၆) ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။

(၇) စံကားပန်းပွင့်သော လ။

(၈) ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။

(၉) တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။

(၁ဝ) နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။

(၁၁) ရက်စုံသတ်သော လ။

(၁၂) နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့
ထားသော လ။

(၁၃) စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။

(၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။

(၁၅) ပြိဿရာသီ မည်သော လ။

(၁၆) ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သောလ။

ဦးညွတ်ပါသည် ဗုဒ္ဓနေ့ ကဆုန်

ကံ ( ဥဒကံ ) ဆိန္ဒတိ ဧတ္ထာ တိ ကံဆိန်၊
ကံ ( ဥဒကံ ) ဆိဇ္ဇတိ ဧတ္ထ ( ဧတသ္မိံ မာသေ တိ ) ကံဆိန်၊

ဧတ္ထ ဧတသ္မိံမာသေ - ဤကဆုန်လ၌ ၊ ကံ ဥဒကံ - ရေသည်၊ ဆိဇ္ဇတိ - ခြောက်ခမ်း ပြတ်တောက်တတ်၏၊ ဣတိ တသ္မာ - ထို့ကြောင့်၊ ကံဆိန် - ကဆုန်လ မည်၏ တဲ့၊

ကဆုန်လပြည့် နေ့ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င်တို့အတွက် နှိင်းလို့ မရနိုင်တဲ့ နေ့ထူးနေ့မြတ် တနေ့ဆိုတာ သေချာပါတယ်။ ဒါကြောင့်လဲ ၁၂ လ ရှိတဲ့အထဲက အခြောက်သွေ့ အပူပြင်းဆုံး လို့ ဆိုရမယ့် ကဆုန်လကို ရေပြတ်တဲ့ လ၊ ရေရှားပါးတဲ့ လ လို့ ဆိုရတာပါ၊ သစ်ပင် ကြီး ငယ် အားလုံး ရေရှားလွန်းလို့ ညှိုးရော် နွမ်းလျနေတာကြောင့် ရေလိုအပ်နေတဲ့ အချိန်မှာ ဘုရားရှင်ရဲ့ ဖွားဖက်တော်၊ ပရိဘောဂစေတီ၊ သဗ္ဗညုတဥာဏ်တော်ရဲ့ မှီခိုရာဖြစ်တဲ့ မဟာဗောဓိပင်ကို ကာလဒါန လို့ ဆိုရမယ့် ရေသွန်းလောင်းခြင်း ဥဒကဒါန ကို ပြုကြခြင်းပဲ ဖြစ်ပါတယ်၊

ကဆုန်လပြည့်နေ့နှင့် ပက်သက်ပြီး ဖြစ် ပျက် ခဲ့တဲ့ ဗုဒ္ဓ၀င်တွေက ဗုဒ္ဓဘာသာဝင်တို့အား ကြည်နူးမှု့၊ လွမ်းဆွေးမှု့၊ သက်တော်ထင်ရှား ဘုရားရှင်ကို တမ်းတမှု့ တွေ ဖြစ်စေတာကြောင့် ကဆုန် ညောင်ရေသွန်းပွဲတော် ကို ပိုမို အသက်ဝင်စေပြီး စိတ်ကို တက်ကြွ လန်းဆန်းစေပါတယ်၊

“ဗျာဒိတ်တော် ခံ၊ ဖွား၊ ပွင့် ၊ စံ၊ ဟောညွှန် ဗုဒ္ဓဝံသ
ဖြစ်တော်စဉ် ငါး၊ ကြုံကြိုက်သား၊ ထူးခြား ကဆုန်လ” လို့ ရှေးရှေး ပညာရှိတွေ မိန့်ဆိုထားခဲ့ကြပါတယ်၊


(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ
အမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ ( ဘီစီ ၆၂၃ )

(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
( ဘီစီ ၅၈၈ )

(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
( ဘီစီ ၅၄၃ )

(၅) မဟာသက္ကရာဇ် ၁၀၄ ခုနှစ် မှာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကာလ ပါရမီ ဖြည့်ဆည်းရာ ကာလမှ စ၍ ယခုဘ၀ ဂေါတမ ဘုရားရှင် ဖြစ်တော်မူရာ ဘ၀ပေါင်းများစွာ ပါဝင်တဲ့ မဟာဗုဒ္ဓ၀င် အတ္ထုပ္ပတ္တိကိုလည်း ဒီ ကဆုန်လပြည့်နေ့မှာပဲ ဟောတော်မူခဲ့ပါသတဲ့။
( ဘီစီ ၅၈၇ )

ပါရမီ ဖြည့်ဖက်တို့ အတုယူဖွယ်ရာ

ဘုရားရှင် ကပိလ၀တ်ပြည်ကို ရောက်တော်မူတဲ့ အခါမှာ ဖခင် ဘုရင်ကြီးနဲ့ တကွ ကပိလ၀တ်နန်းတော် တခုလုံး အုံးအုံးကျွတ်ကျွတ် ဘုရားရှင်ကို လာရောက် ဖူးမြော် ဦးခိုက်ကြတယ်၊ ဒါပေမယ့် အဲဒီအထဲမှာ ယသော်ဓရာ ပါမလာခဲ့ဘူး၊ ယောက္ခမ ဘုရင်ကြိးကိုယ်တိုင် ဘုရားကို သွားရောက် ဖူးမြော်ဖို့ ပြောပေမယ့် ဘယ်လို ပြန်ပြောတယ် မှတ်ပါသလဲ --
ကျွန်တော်မျိုးမရဲ့ မေတ္တာ သံယောဇဉ်ကို မောင်တော် သိဒ္ဓတ္ထ နားလည်တယ် ဆိုရင် အဆောင်တိုက်ခန်းကို ကြွလာပါလိမ့်မယ်၊ သမီးတော်ကတော့ မသွားနိုင်ပါဘူး တဲ့။

တကယ်လဲ ဘုရားရှင်က အသိအမှတ်ပြုခဲ့ပါတယ်၊ အဆောင်တိုက်ခန်းကို ကြွခါနီးမှာ နောက်မှာ ပါလာတဲ့ သူကို ဒီနေ့ ယသော်ဓရာ စိတ်ကြိုက် ငိုကြွေးပါစေ၊ ဘယ်သူမှ မတားမြစ်ကြပါနဲ့ လို့ တားမြစ်တော်မူပြီး အဆောင်တိုက်ခန်းကို ရောက်တဲ့အခါမှာလဲ ခြေဖမိုးတော်ပေါ် ပါးအပ်လို့ ငိုကြွေးခွင့်ပြုခဲ့တယ်၊

နောက်ဆုံးမှာတော့ ဖခင် ဘုရင်ကြီးက ချွေးမတော် ယသော်ဓရာ ရဲ့ သံယောဇဉ်ကြီးပုံ၊ ကျေးဇူးသိတတ်ပုံ၊ သိဒ္ဓတ္ထ မင်းသား တောထွက် တရားကျင့်နေချိန်မှာ လုပ်တဲ့ အပြုအမူအတိုင်း နန်းတော်ပေါ်က ယသော်ဓရာကလဲ လိုက်လံ တုပ ကျင့်ဆောင်ပုံတွေကို အားပါးတရ လျောက်ကြားတော်မူတဲ့ အခါမှာ --

မင်းကြီး ယသော်ဓရာ မင်းသမီးဟာ ဒီ တစ်ဘ၀ထည်းသာ ငါဘုရားကိုယ်တော်အပေါ်မှာ ကျေးဇူးများတာ မဟုတ်ဘူး၊ ဟိုအရင် ပါရမီ ဖြည့်စဉ် ဘ၀များစွာတွေမှာလဲ အနစ်နာခံ အနွံတာခံ စွန့်လွှတ်ပြီး ဖြည့်ဆည်းပေးခဲ့ဖူးတယ် -- အစချီပြီး စန္ဒကိန္နရီ ဇာတ်တော်ကြီးနဲ့ တကွ မဟာဗုဒ္ဒ၀င်ကို ဟောတော်မူပါတယ်၊

ဤသို့ ထူးခြားချက် များနှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြခြင်း ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိခြင်းသည် ချစ်စရာဓလေ့တစ်ခုပင်၊
ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော အစဉ်အလာဖြစ်၍ ဗုဒ္ဓနေ့ကို အကြောင်းပြုကာ ဘုရားရှင်၏ ဂုဏ်တော်များကို အထူးအောက်မေ့ နှလုံးသွင်းလျက် ကုသိုလ်ကောင်းမှု့များကို ပြုနိုင်ကြပါစေသား ဟု ဆန္ဒပြု တိုက်တွန်း နှိုးဆော်လိုက်ပါတယ် ၊
အင်တာနက်ပေါ်က မြန်မာပြက္ခဒိန်တွေ ကြည့်ပြီး အလုပ်လုပ်နေတာ မှားပါပေါ့လား၊ တန်ခူးလ လို့ပဲ ထင်နေမိ တယ် :P အခုမှပဲ လပြည့်နေ့ကို မှီအောင် ပူဇော်မိပါတယ်၊ လွဲချော်တာများ ရှိခဲ့ရင် ခွင့်လွတ်ကြပါကုန်၊ တနှစ်လုံးရဲ့ အပူဆုံးလ၊ ရေပြတ်တဲ့ လ၊ အိန္ဒိယ နိုင်ငံရဲ့ အပူချိန်အမြင့်ဆုံး လမှာပဲ စာရေးသူဟာ ဂယာမြေကို ခြေချမိနေခြင်းက ကံကောင်းတာလား ကံဆိုးတာလား မခွဲခြားတတ်တော့။ ကဲ ဘာဖြစ်ဖြစ် - မင်းတို့ထွက် ရက်ရာဇာ တဲ့၊ ကြိုက်သလောက် ပူစမ်းပါစေ - အဖ ဘုရားရှင်ရဲ့ ဖွားဖက်တော် ဗောဓိ ညောင်ပင်အောက် ကတော့ အေးမြစေမှာ အသေအချာပင် - -
ဖွား+ ဖြစ်+ ဟော+ စံ= ဤလေးတန် ၊ မှတ်ရန် ကဆုန်လ
ဖွား
ဖြစ်
ဟော
စံ
ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် မွေးဖွားတော်မူသည့်နေ့၊ သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူသည့်နေ့ ၊ မြတ်စွာဘုရားရှင်၏ ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ ဟူသည့် သမိုင်းဖြစ်စဉ်များနှင့် ဆက်စပ်ပြီး ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ အထူးခြားဆုံး နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပေသည်။ ယင်းက ဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ကို 1999 ခုနှစ်တွင် ကမ္ဘာကုလသမဂ္ဂ၏ နေ့တစ်နေ့ အဖြစ်ဖြင့် အထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်ချကာ အသိမှတ်ပြုပေးခဲ့သည်။ ၄င်းအချိန်မှစ၍ နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း ကုလသမဂ္ဂ ဗုဒ္ဓနေ့အခမ်းအနားသို့ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ထံမှ သ၀ဏ်လွှာများပေးပို့လေ့ရှိသည်။ ယခင်အထွေထွေ အတွင်းရေးမှုးချုပ် တို့၏ အစဉ်အဆက်က ဗုဒ္ဓဘာသာ၏အခန်းကဏ္ဍနှင့် ဗုဒ္ဓတရားတော်တို့၏ စွမ်းပကား တော်များကို ချီးကျူးခဲ့ ကြပြီး ယင်းတရားတော်များ၏ လူမှုကဏ္ဍ နယ်ပယ်အသီးသီးတို့၌ အကျိုးကျေးဇူး သက်ရောက်ပုံ များကို လည်း ပြောကြားခဲ့ကြသည်။
ယခုတဖန် နှစ်ပေါင်း ၂၅၀၀ ကျော်က ဟောကြားတော်မူခဲ့သော ဂေါတမဗုဒ္ဓ၏ မိန့်ဆိုချက်များမှာ နေ့စဉ်ရင်ဆိုင်တွေ့ကြုံနေကြရသော ကြီးမားလှသည့် ကမ္ဘာ့ပြဿနာကြီးတို့ကို ဖြေရှင်းရာတွင် လမ်းကြောင်း မှန်သို့ တည့်မတ်ပေးသည့် ကောင်းမွန်သည့် လမ်းညွှန်ကြီးတစ်ခုဖြစ်သည်ဟု ဖွင့်ဟလာ သူကတော့ ယနေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ် မစ္စတာ ဘန်ကီမွန်း ဖြစ်သည်။ ယင်းသတင်း စကားကို ကုလသမဂ္ဂ၏ ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် တင်ပြလိုသည် မှာ တန်ဖိုးကိုသိသူမှာ မိမိတန်ဖိုးသည့်အလျောက် သူနေရာနဲ့သူ အသုံးတည့်အောင် အသုံးချသွားချင်း ဖြစ်သည်။ မသိသူတွေက ကျော်ခွသွားပြီး သိသူများက ဖေါ်စားသွားသည့် သဘောပင်ဖြစ်လေသည်။
အရာဝတ္ထုတစ်ခု၏ တန်ဖိုးဆိုသည်မှာ မိမိထံမှ ပေးလိုက်ရသည့် သတ်မှတ်တန်ကြေးထက် သုံးစွဲသူ ကာယကံရှင်ပုဂ္ဂိုလ်၏ တန်ဖိုးသိစိတ်အပေါ်၌သာ များစွာအခြေခံပေသည်။ မြက်ကိုသာ စားတတ်သည့် သားသမင်ရှေ့မှောက်၌ အဖိုးများစွာထိုက်တန်သည့် စိန်ကျောက် ရတနာပုံကြီးကို စုပုံထားသော်လည်း ၄င်းသားသမင်က တန်ဖိုးထားလိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံများ ထဲတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်သည်။ အကယ်၍သာ မြန်မာနိုင်ငံတွင် အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံ၊ အဖွဲ့အသီးသီး၊ ပုဂ္ဂိုလ် အများစုကြီးတို့အကြား ဗုဒ္ဓ၏တရားတော်များနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှုးချုပ် သဘောပေါက် နားလည်ကာ တန်ဖိုးထားသကဲ့သို့ နားလည်သဘောပေါက်ပြီး လက်တွေ့ ကျင့်သုံးခဲ့ကြပါလျှင် ယနေ့ မြန်မာပြည်သူအများ ခံစားနေကြရသည့် ဒုက္ခပင်လယ်ဝေ နေကြရသည့် အဖြစ်မျိုးမှ ကာကွယ်နိုင်ခဲ့ကြပေလိမ့်မည်။
အထွေထွေအတွင်းရေးမှုးချုပ်၏ စကားထဲတွင် သူတစ်ပါးပစ္စည်းကို မတရားသိမ်းပိုက်လိုမှု လောဘ၊ အကြင်နာတရားကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်မှု ဒေါသ၊ ကြောင်းကျိုးဆီလျော်မှုတို့ကို မသိတတ်မှု မောဟ တို့ကို အားမပေးသည့် မြတ်ဗုဒ္ဓ၏တရားတော်များသည် နှစ်ဦးနှစ်ဖက် အပြန်လှန်လေးစားမှု၊ ကိုယ်ချင်းစာနာမှု၊ ဆွေးနွေးတိုင်ပင်မှုတို့ဖက်ဆီသို့ ဦးတည်စေပြီး မလိုလားအပ်သည့် အခက်ခဲ အကြပ်အတည်း ပြဿနာမျိုးစုံနှင့် တစ်ဦးပေါ်တစ်ဦး မတရားအနိုင်ကျင့်မှု ရက်စက်ကြမ်းကြုတ်မှုတို့ကို ကျော်လွှားစေနိုင်သည်ဟု ဖော်ပြထားသည်။ ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီး နေလို လလို ထွန်းလင်း တောက်ပနေပါသည်ဟု တစ်မျိုး၊ ရွှေရောင်တွေတ၀င်းဝင်း တောက်ပြောင်နေသည့် စေတီပုထိုးတို့ဖြင့် ကြွယ်ဝလှပါသည့် မြန်ပြည်ကြီးဟုဆိုသည်ကတစ်ဖုံ ၀င့်ကြွားစရာ ဘာသာရေးအဆောက်အအုံ တစ်ပုံတပင် အရိပ်အာဝါသများ၏ အောက်က မြန်မာပြည်သူအများ ယနေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ခံစားစေချင်သည့် အရသာမျိုး ခံစားနေကြရပါပြီလော။ လက်တွေ့ကျင့်သုံး မှုမပါပဲ မည်သည့်ဘာသာ မည်သည့်အယူဝါဒ ရှိပါသည်ဟု တံဆိပ်ခတ်ရုံမျှဖြင့် အရာအရာ ပြည့်စုံ သွားလိမ့်မည်မဟုတ်ပေ။
လူသားတို့ကို ကိုးကွယ်ရာတစ်ခုမှ အခြားကိုးကွယ်ရာတစ်ခုသို့ ပြောင်းလဲစေဖို့ မရည်ရွယ်ပဲ သီလဖြင့် လူသားတို့စည်းကမ်းရှိဖို့ ၊ သမာဓိဖြင့် လူသားတို့ စိတ်ချမ်းသားဖို့ ၊ ပညာဖြင့် အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း သိမြင်ပြီး လူအသိစိတ်ဓာတ်ကို မြှင်တင်ဖို့ကိုသာ ရည်ရွယ်ထားသည့် ဗုဒ္ဓ၀ါဒသည် မိမိ၏ လမ်းညွှန်ချက်များကို လေ့လာသင်ကြားခြင်း ၊ လက်တွေကျင့်သုံးခြင်း ၊ သဘောပေါက် နားလည်ခြင်းမှတဆင့် လူသားတို့၏ဘ၀ကို မြှင့်တင်ဖို့ကိုသာ ရည်ရွယ်သည်။ ပညာဖြင့် အမှားအမှန်ကို ခွဲခြမ်းမသိနိုင်ကြသမျှ ကာလပတ်လုံး ငါ၏ ပြုလုပ် ပြောဆို တွေးတောကြံဆမှုများသည်သာ အမှန်ဖြစ် သည်ဟု ငါဟူသည့် အတ္တအစွဲက ကြီးပွါးနေအုံးမည်သာ။ အတ္တအစွဲကြီးသူတစ်ယောက်အဖို့ မီးပြတိုက်ကို ရန်သူဟု အမြင်မှားသည့် မာလိမ်မှုးကဲ့သို့ တရားနည်းလမ်းတကျ လမ်းညွှန်ပြသူများကိုလည်း ရန်သူ တစ်ယောက်ပမာ ဆက်ဆံအုံးမည်သာဖြစ်သည်။
မြန်မာနိုင်ငံတွင် မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက် မူဝါဒကောင်းများသည် အပြည့်အ၀ ရှိနေပေသည်။ သို့သော် လည်း ကျင့်ကြံ ကြိုးစားအားထုတ်မှု ပုဂ္ဂိုလ်ပိုင်းမှ အားနည်းလျှက်ရှိနေပါသည်ဟုဆိုက ၀န်ခံကြရ မည်သာဖြစ်သည်။ တိုင်းပြည်တစ်ပြည် အုပ်စုတစ်ခု အဖွဲ့အစည်း တစ်ခုစသည်တို့တွင်မူ နှင့် လူသီးခြား ရပ်တည်၍မရနိုင်ပေ။ မူနှင့်လူ နှစ်ခုလုံး ညီမျှစွာ ယှဉ်တွဲသွားနိုင်ပါမှလျှင် တိုးတက်အောင် မြင်နိုင် ပေသည်။ မြန်မာပြည်သူတွေ ကောင်းမွန်သည့် လူနှင့် မူစနစ်တို့အောက်၌ ငြိမ်းချမ်းသာယာပျော်ရွှင် နိုင်ကြပါစေ ---
အရှင်ဥက္ကဋ္ဌ

0 comments:

Post a Comment