Pages

Monday, December 5, 2011

ရင်ကိုအေးမြစေမည့်လုပ်ရပ်လေးများ

အရှင်ဝဏ္ဏသာရာလင်္ကာရ


မနေ့က အသိဒကာမတစ်ဦးက ဦးဇင်းကို မေးခွန်းလေးတွေ မေးချင်တယ် ဆိုပြီး “ သောတပန်ဆိုတာဘယ်လိုပုဂ္ဂိုလ်လဲ “ လို့စမေးပါတယ်။ ဦးဇင်းက- “ သောတပန်မဟုတ်ပါဘူး သောတာပန်ပါ၊ အရိယာပုဂ္ဂိုလ်လေ…။ စင်ကြယ်သူလို့ အဓိပ္ပာယ်ရတယ်၊ ကိလေသာတွေ စင်ကြယ်တာပါ” ဆိုပြီး အဖြေပေးလိုက်တော့ “ ဒီခေတ် ဖြစ်နိုင်သေးသလား” တဲ့ “ တရားကို တကယ်မှန်မှန်ကန်ကန် အားထုတ်ရင် ဖြစ်နိုင်တယ်လို့ ဘုရားဟောထားတာရှိပါတယ်” လို့အဖြေပေးလိုက်ပါတယ်။

“တပည့်တော်တို့က စီးပွားရေးမှာနှစ်မြုပ်ထားရသူတွေဆိုတော့ အကုသိုလ်တွေတော့ မကင်းနိုင်သေးဘူးပေါ့ဘုရား၊ ဒါပေမယ့် ကုသိုလ်တရားတွေကိုတော့ များနိုင်သမျှများအောင် ကြိုးစားမှာပါ” တဲ့၊

ဦးဇင်းက “ ကုသိုလ်တာများအောင် အားထုတ်ရမှာ မဟုတ်ဘူး၊ အကုသိုလ်တွေ ပါးအောင်လည်း အားထုတ်ဖို့ လိုအပ်သေးတယ်လေ” လို့ ပြန်ပြောလိုက်ပါတယ်။

အဲဒီတော့ သူက “ အကုသိုလ် လုပ်တိုင်း ငရဲကျနိုင်သလား ” တဲ့

ဦးဇင်း ။ ။ အင်း…ကြီးလေးတဲ့ ကံ (၅)မျိုးကို လုပ်မိရင်တော့ သေချာပေါက်ငရဲကျမှာပါ၊ ကျန်တဲ့ အကုသိုလ်ကံတွေကတော့ မသေချာပါဘူး…။ ကုသိုလ်ကံတွေက အကျိုးပေးခွင့်ရသွားရင်ပေါ့..။

မေးသူ ။ ။ (၅)မျိုးက ဘာတွေလဲ ဘုရား…။

ဦးဇင်း ။ ။ (၁) အမေသတ်တဲ့ကံ၊(မာတုဃာတက) (၂) အဖေသတ်တဲ့ကံ၊(ပိတုဃာတက) (၃) ရဟန္တာသတ်တဲ့ကံ၊(အရဟန္တဃာတက) (၄) ဘုရားသွေးစိမ်းတည်အေင်လုပ်တဲ့ကံ၊(လောဟိတုပ္ပါဒက) (၅)သံဃာသင်းခွဲတဲ့ကံ(သံဃဘေဒက)။

အဲဒီကံတွေက ကြီးလေးတဲ့ ကံတွေလို့ ခေါ်တယ်..၊ ပါဠိလိုတော့ ပဉ္စာနန္တရိယကံပေါ့…။ (ပဉ္စ-ငါးပါး+အနန္တရိယ-အခြားမဲ့ဘ၀၌+ဣယ-အကျိုးပေးသောကံ)

မေးသူ ။ ။ အော် …. ကျန်တဲ့ အကုသိုလ်ကံတွေကကော ဘုရား….။

ဦးဇင်း ။ ။ အကုသိုလ်ဆိုတာ ကျောက်ခဲနဲ့တူပါတယ်၊ သေးသေး ကြီးကြီး အောက်နစ်မှာပါပဲ။ ဒါပေမယ့် အဲဒီကျောက်ခဲရဲ့ဝန်ကို နိုင်နိုင်တဲ့ လှေစတဲ့ အခံရှိရင် မနစ်မြုပ်နိုင်ပါဘူး..။

မေးသူ ။ ။ တင်ပါ..။

ဦးဇင်း ။ ။ ဒီလိုပါပဲ အကုသိုလ်တွေလုပ်ခဲ့ပေမယ် ကုသိုလ်တွေများများလုပ်ရင် ကုသိုလ်ကံတွေက အကျိုးပေးခွင့်ရရင် အကုသိုလ်ကံက အကျိုးမပေးရင် အောက်အပါယ်ဘုံကို မရောက်နိုင်ပါဘူး…။ ခုနပြောတဲ့ (၅)ပါးက တော့ အင်မတန်ကြီးလေးတဲ့ ၀န်လို ဘယ်ဟာမှ ခံမထားနိုင်ဘူးလေ..။

မေးသူ ။ ။ တင်ပါ… တပည့်တော် သဘောပေါက်ပါတယ် ဘုရား…။

ဦးဇင်း ။ ။ ဥပမာလေး ပြောပြဦးမယ်…။

မေးသူ ။ ။ တင်ပါ… ပြောပြပါဦးဘုရား….။

ဦးဇင်း ။ ။ ဦးဇင်းတို့ စာပေမှာ (အင်္ဂုတ္တိုရ်-ပ-၂၅၀) မှာ လောဏကပလ္လသုတ်ဆိုတာရှိတယ်။ မြန်မာလိုတော့ ဆားခွက်သုတ္တန်ပေါ့။ အဲဒီမှာ ပါတဲ့ ဥပမာလေးပါ။ ဆိုပါစို့ ဆားတစ်ပိဿာကို မြစ်ထဲ သွန်ချကြည့် ရေအရသာ ပျက်သွားပါ့မလား..။

မေးသူ ။ ။ ဘယ်ပျက်မလဲ ဘုရား….။

ဦးဇင်း ။ ။ အေး အဲဒီသဘောပဲ ကုသိုလ်ကံ အများကြီးရှိနေသူဟာ အကုသိုလ်ကံ အနည်းငယ် လေးက အရာမထင် အရသာမပေါ်နိုင်တော့ဘူးပေါ့…။

မေးသူ ။ ။ တင်ပါ မှတ်သားစရာကောင်းလှပါတယ် ဘုရား…။

ဦးဇင်း ။ ။ နောက်…ရေအိုးအသေးစားလေးထဲ ကို ဆားတစ်ပိဿာထည့်ကြည့် ဘယ်လိုဖြစ်မလဲ…။

မေးသူ ။ ။ အင်မတန်ငန်ပီး ရေအရသာတောင် ရတော့မှ မဟုတ်ပါဘူး ဘုရား..။

ဦးဇင်း ။ ။ အေး ဟုတ်တယ် ရေကနဲ့ပြီး ဆားကများနေတာကိုး အဲဒီလိုပဲ ကုသိုလ်ကံနည်းနည်းလေးသာ ရှိတဲ့သူဟာ အထိုက်အလျောက် အကုသိုလ်ဖြစ်လိုက်ရင်တောင် ရှိတဲ့ ကုသိုလ်ကံသတ္တိလေးတွေ ပျက်ပြားသွားတတ်တယ်..။

မေးသူ ။ ။ တင်ပါဘုရား….တပည့်တော်လည်း တရားဘောင်ထဲ ၀င်ဖို့ စိတ်ကူးရှိတယ်ဘုရား.. ဒါပေမယ့် အိမ်ကို သံယောဇဉ် မပြတ်နိုင်သေးဘူး ဘုရား…။

ဦးဇင်း ။ ။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကုသိုလ်ဆိုတာတော့ ယူတတ်ရင် ရပါတယ်။

မေးသူ ။ ။ ပြောပြပါဦးဘုရား….။

ဦးဇင်း ။ ။ အခု နေ့စဉ် စားဝတ်နေရေးမှာ စိတ်ကလေး ပြောင်းထားလိုက်ရင် ကုသိုလ်ဖြစ်တယ်လေ..၊ ဥပမာ…..ညီတွေ ညီမတွေကို ကိုယ်က ထမင်းခူးကြွေးတယ် ဆိုပါစို့… ညီတွေ ညီမတွေ အပေါ်စေတနာကလေး ထားပီး သူတို့လေးတွေ ကောင်းကောင်း မွန်မွန်စားသောက်နိုင်ကြပါစေ…လို့ စိတ်ထားလိုက်ရင် “မေတ္တာဘာဝနာ” ကုသိုလ်ရတယ်၊ ကိုယ်က စေတနာနဲ့ ကျွေးမွေးတော့ “ ဒါန” လည်း ဖြစ်နေတာပါပဲ၊ အလှူကြီးတွေ ပေးနေမှ ဒါန ကုသိုလ်ခေါ်တာ မဟုတ်ဘူးလေ…။

မေးသူ ။ ။ တင်ပါ သဘောပေါက်ပါတယ်ဘရား…။

ဦးဇင်း ။ ။ အမေ အဖေတွေကို ထမင်းပွဲပြင်ပေးရင်းလဲ ဒါနကုသိုလ် ဝေယျာဝစ္စခေါ်တဲ့ သီလကုသိုလ် မေတ္တာဘာဝနာ ကုသိုလ်တွေ ယူနိုင်အောင် ယောနိသောမနသိကာရ ဆိုတဲ့ နှလုံးသွင်းလေး ထားရင် ဘာလုပ်လုပ် ကုသိုလ်ဘာပဲ။

မေးသူ ။ ။ တင်ပါ ဘုရား…။

ဦးဇင်း ။ ။ အခု အင်တာနက်ဆိုင်မှာ အလုပ်လုပ်တယ်ဆိုတော့ သုံးစွဲသူတွေ အဆင်ပြေစေချင်တဲ့ စိတ်ကလေးနဲ့ မေတ္တာထား ကုသိုလ်ဖြစ်တယ်လေ၊ ဒါကြောင့် ဦးဇင်းကပြောနေတာပေါ့ “ တာဝန်ကျေရုံ မလုပ်နဲ့ ၊ နည်းနည်း ပိုလုပ်” လို့…။

မေးသူ ။ ။ ဒါဆို ဘာပဲ လုပ်လုပ် မေတ္တာ ထားရမယ်ဆိုတဲ့ သဘောလား…။

ဦးဇင်း ။ ။ အင်း မေတ္တာဆိုတာက မအောင်မြင်နိုင်တဲ့ အရာရယ်လို့ မရှိဘူးလေ…၊ ဦးဇင်းတို့ ကိုရင်ဘ၀က ကျက်ခဲ့ဖူးတဲ့ စာလေးရှိသေးတယ်၊ ပြောပြဦးမယ်…။ “ယေ တတ္ထ ပါဏာ တေ တေန ယာပေန္တု “ (အင်္ဂုတ္တိုရ်၊ ၁၆၂)တဲ့၊ အဓိပ္ပာယ်က ဒီနေရာမှာ ရှိတဲ့ သတ္တ၀ါလေးတွေ ငါစွန့်လိုက်တဲ့ ထမင်းကျန် ဟင်းကျန်တွေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ် မျှတနိုင်ကြပါစေ-လို့ ဆိုလိုတာပါ။ ထမင်းပန်းကန် ဟင်းပန်းကန်ဆေးတဲ့ အခါမှာလဲ အဲဒီလိုလေးတွေ စိတ်ထားပြီး ဆေးမယ် ဆိုရင် ကုသိုလ်ဖြစ်တယ်လို့ မြတ်စွာဘုရားကိုယ်တော်တိုင် ဟောတော်မူခဲ့တယ်လေ…။

မေးသူ ။ ။ တင်ပါ့ဘုရား…။

ဦးဇင်း ။ ။ စိတ်ကလေးသာ ကုသိုလ်ဘက်ကို ပြောင်းလိုက်ပါ ယူစရာကုသိုလ်တွေ မကုန်နိုင်ပါဘူး….၊ (ကုသလံ) ယောနိသော မနသိကာရပဒဋ္ဌာနံ(အဘိ.ဋ္ဌ-၁၊ ၁၀၅) ကုသိုလ်ဆိုတာ နှလုံးသွင်းမှန်ကန်ခြင်းဟာ နီးသောအကြောင်းပါတဲ့… ဒါကြောင့် ဘယ်အရာမဆို မေတ္တာထား ကောင်းတဲ့ စေတနာနဲ့ လုပ်ရင် ကုသိုလ်ဆိုတာ နေ့စဉ်စားဝတ်နေရေးမှာ ယူစရာအများကြီးပဲလေ….။ နောက်ဆုံး ၀ိပဿနာကုသိုလ်ကိုလဲ သွားရင်း လာရင်း ရောင်းရင်းဝယ်ရင်းနဲ့ သတိထားပြီး လုပ်ရင် ရတာပါပဲ..။ ဒါကြောင့် ယောဆရာတော်က- “ တရားဆိုတာ အားဖို့မလို …၊ သိဖို့လိုသည်…” လို့ မိန့်တော်မူတာပေါ့ ။

မေးသူ ။ ။ တင်ပါ…ကျေးဇူးတင်ပါတယ် ဘုရား….။

(မှတ်ချက်) နားလည်းမှုကိုသာပဓာနထားကာ ဖြေကြားပေးရသည့်အတွက် အမှားပါရင် ခွင့်လွတ်ကြပါရန်….။

အရှင်ဝဏ္ဏသာရာလင်္ကာရ


3 comments:

  1. မျှဝေပေးတာအတွက် ကျေးဇူးပါ ....

    ReplyDelete
  2. ကောင်းတဲ့တရားတွေကို သိသင့်တာမို့မျှဝေပေးရင်းကုသိုလ်ယူနေတာပါ

    မဟေလေးကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete
  3. တာဝန်ကျေရုံမလုပ်နဲ့...နဲနဲပိုလုပ်...

    တင်ပါ့ဘုရား...

    ReplyDelete