Pages

Wednesday, August 21, 2013

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မေတ္တာပွါးများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း.

သာသနာတော်နှစ် ၂၅၅၆ ခု ကောဇာသက္ကရာဇ် ၁၃၇၄ခု ၀ါခေါင်လဆန်း (၁၅)ရက် စနေနေ့ ၁.၉.၂၀၁၂ မေတ္တာအခါတော်နေ့ မေတ္တာသုတ် ပါဠိ

ယဿာ နုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိစေ၀ါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ ' မ တန္ဒိတော။

သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

ကရဏီယ မတ္ထ ကုသလေန၊ ယန္တ သန္တံ ပဒံ အဘိ သမေစ္စ။
သက္ကော ဥဇူ စ သုဟု ဇူ စ၊ သုဝစော စဿ မုဒု အနတိမာနိ။

သန္တုဿကော စ သုဘရော စ၊ အပ္ပ ကိစ္စော စ သလ' ဟုက ၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပ ဂဗ္ဘော ကုလေသွ ' န နုဂိဒ္ဓေါ။

န စ ခုဒ္ဒ ' မာစရေ ကိဉ္စိ၊ ယေန ၀ိညူပရေ ဥပ၀ဒေယျုံ။
သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ၀ါ ထာဝရာဝ န၀ သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုက ထူလာ။

ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ၀၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။

န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည ၊ နာညမညဿ ဒုက္ခ ' မိစ္ဆေယျ ။

မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ ' မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ'မသပတ္တံ။

တိဋ္ဌံစရံ နိသိန္နောဝ၊ သယာနော ယာဝတာ'ဿ ၀ိတမိဒ္ဓေါ။
ဧတံသတိံ အဓိဋ္ဌေယျ၊ ဗြဟ္မ'မေတံ ၀ိဟာရ မိဓ'မာဟု။

ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊
န-ဟိ ဇာတုဂ္ဂဗ္ဘ သေယျ ပုန ရေတိ။

မေတ္တ သုတ္တံ နိဋ္ဌိတံ။

မေတ္တာသုတ် မြန်မာပြန်

မေတ္တာ သုတ်တော် သည် ခုဒ္ဒက နိကာယ်၊ ခုဒ္ဒကပါဌ ပါဠိတော် နှင့် သုတ္တ နိပါတ်ပါဠိတော် မှ ဖြစ်ပါသည်။ မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်းရှိလေသည်။

မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြ၀ံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဥ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။

ချမ်းသာစွာအိပ်ရ၏၊ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိ မျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာ သုတ် ပရိတ်တော်ကို အို- သူတော်ကောင်းတို့ ငါတို့ရွတ်ဖတ်ကြပါကုန်စို့။

လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်အေးချမ်း သော နိဗ္ဗာန်ကိုအာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ် ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏၊ စိတ်သဘော ထား ကောင်းစွာ ဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏၊ နူးညံ့သိမ်မွေ့ရာ၏၊ သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။

ရောင့်ရဲလွယ်ရာ၏၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသော အမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သော ဣနြေ္ဒရှိရာ၏၊ အရာရာ ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော Óဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်းကြမ်းတမ်းမှု မရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရာ။

ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစ်စုံတစ်ခုသော မကောင်းမှုကို အနည်း ငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တ၀ါတို့သည် ကိုယ်၏ချမ်း သာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ကုန်သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။

အကြွင်းမရှိ အလုံးစုံ ထွက်သက် ၀င်သက်ရှိသော သတ္တ၀ါ၊ ထင်ရှားရှိသော သတ္တ၀ါ၊ ထိတ်လန့်တတ်သော သတ္တ၀ါ၊ တည်ကြည်ငြိမ်သက်သော သတ္တ၀ါ၊ရှည်သော သတ္တ၀ါ၊ တိုသော သတ္တ၀ါ၊ ပုကွသော သတ္တ၀ါ၊ မတိုမရှည်သော သတ္တ၀ါ၊ ကြီးသော သတ္တ၀ါ၊ ငယ်သော သတ္တ၀ါ၊ မကြီးမငယ်သော သတ္တ၀ါ၊ ဆူသော သတ္တ၀ါ၊ ကြုံ့သော သတ္တ၀ါ၊ မဆူမကြုံ့သော သတ္တ၀ါ။

မျက်စိဖြင့် မြင်ကောင်းသော သတ္တ၀ါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တ၀ါ၊ အဝေး၌နေသော သတ္တ၀ါ၊ အနီး၌နေသော သတ္တ၀ါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တ၀ါ၊ ဖြစ်ဆဲတည်နေသော သတ္တ၀ါ၊ ဤအလုံးစုံသော သတ္တ၀ါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။

တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ၀စီကံဖြင့်လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုး ထားသော စိတ်ဖြင့်လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။

အမိသည် မိမိရင်သွေးဖြစ်သော တစ်ဦးတည်းသောသားငယ်ကို အသက် အတွက်ကြောင့် အဖန်တလဲလဲစောင့်ရှောက်သကဲ့သို့ ဤနည်းအတူသာလျှင် ခပ်သိမ်း သောသတ္တ၀ါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။

ကာမဘ၀တည်းဟူသော အောက်လောက၌ လည်းကောင်း၊ ရူပဘ၀တည်း ဟူသော အလယ်လောက၌ လည်းကောင်း၊ အရူပဘ၀တည်းဟူသော အထက် လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်းမြောင်း ခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန်လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။

ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော်လည်းကောင်း၊ ထိုင်နေစဉ် သော်လည်းကောင်း၊ လဲလျောင်းနေစဉ်သော်လည်းကောင်း၊ မအိပ်မငိုက်သမျှ ကာလ ပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့်ယှဉ်၍ နေထိုင်ခြင်းကို ]]မြတ်သော နေထိုင်ခြင်း}} ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။

မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက် ပြန် မိစ္ဆာ ဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည်ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ၀တ္ထုကာမ ကိလေသာကာမတို့၌ တပ်မက် မောခြင်းကင်းသောကြောင့် နောက်တဖန် အမိဝမ်းတွင်း ပဋိသန္ဓေနေခြင်းသို့ ဧကန်မရောက်တော့ပြီ။

http://www.mettashinfoundation.com/

မေတ္တာပို့သမှု အကျိုး (၁၁) ပါး

(၁) ချမ်းသာစွာ အိပ်ရခြင်း၊

(၂) ချမ်းသာစွာ နိုးရခြင်း၊

(၃) မကောင်းအိပ်မက် မမြင်မက်ရခြင်း၊

(၄) လူတို့ ချစ်ခင်နှစ်သက်ခြင်း၊

(၅) နတ်တို့ ချစ်ခင်မြတ်နိုးခြင်း၊

(၆) နတ်တို့ စောင့်ရှောက်ခြင်း၊

(၇) မီး, အဆိပ်, လက်နက် မသင့်နိုင်ခြင်း၊

(၈) စိတ်လျင်မြန်စွာ တည်ကြည်ခြင်း၊

(၉) မျက်နှာရုပ်အဆင်း ကြည်လင်ရွှင်ပြခြင်း၊

( ၁၀) မတွေဝေဘဲ သေရခြင်း၊

(၁၁) သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း

အိပ်, နိုး, ချမ်းသာ၊ ကောင်းစွာအိပ်မက်၊

ချစ်လျက် လူနတ်၊ စောင့်လက်နက်များ၊

မီး, ဆိပ်, ဓါးတို့၊ ရှောင်ရှားကိုယ်မှာ၊

လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊

သေခါမတွေ၊ လားလေဗြဟ္မာ၊

ဆယ့်တစ်ဖြာသည်၊ မေတ္တာပွါးမှု အကျိုးတည်း။

တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်၊

မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊
မေတ္တာပွါးများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။


မြတ်စွာဘုရား ကောသလတိုင်း သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းမှာ ကိန်းအောင်းစံပျော် နေတော်မူသောကာလ၊ တစ်ခုသော ၀ါဆိုဦးမှာ သံဃာတော်အပါး (၅၀၀) တို့ ဘုရားထံမှာ တောင်းခံပြီး တောအုပ်တစ်ခုသို့ဝင်၍ ၀ါကပ်ကာ တရားအားထုတ်နေကြပါတယ်။

ထိုတောတွင် ရှိနေကြသော နတ်များက သံဃာတော်တို့၏ သီလအရှိန်ကို ရိုသေကြသောကြောင့် မိမိတို့ နေရာများမှာ ဖယ်ရှားပေးကြ၊ ရှောင်နေကြပါတယ်။ လေးစားအပ်သော ဧည့်သည်များမိမိတို့နေရာသို့ ကြာကြာကြီး လာရောက်လျှင် အိပ်ရှင် အနေကြပ်သလိုပါပဲ၊ သံဃာကို ရိုသေတဲ့ နတ်များ ရုက္ခစိုး ဘုမ္မစိုးများပေါ့၊ အနေကြပ်ကြတဲ့အတွက် သူတို့နေရာမှာ တရားအားထုတ်နေကြတဲ့ သံဃာတော်များကို ခြိမ်းခြောက်ကြ၊ ခြောက်လှန့်ကြပါတယ်။

အဲ့ဒါကြောင့် သံဃာတော်များ သမာဓိပျက်ပြီး ၀ါဆိုပြီးစ ၀ါတွင်းကာလမှာပဲ ဇေတ၀န်ကျောင်းတော်သို့ ပြန်လာခဲ့ရပါတယ်၊ မြတ်စွာဘုရားက မေးစစ်တော့
တောချောက်လို့ ပြန်လာခဲ့ရတဲ့အကြောင်း လျှောက်ထားကြပါတယ်။

အဲ့ဒီအခါ မြတ်ဘုရားက သင်တို့ အဲ့ဒီတောက နတ်တွေကို မိတ်မဖွဲ့ကြလို့ သူတို့ ချောက်လှန့်တာပဲ။ သူတို့နေရာမှာ သူတို့ကို ကောင်းစွာမိတ်ဖွဲ့ပြီးမှ နေကြမယ်ဆိုလျှင် ချစ်ခင်မြတ်နိုးနေကြလိမ့်မယ်။

ရဟန်းတို့ မိတ်ဖွဲ့ကြောင်း အကျင့်ကောင်းကို သင်ယူသွားကြ၊ ဒီနေရာ ဒီတောကိုပဲ ပြန်သွားကြ၊ တောသို့မ၀င်ခင် အဲဒီနတ်တွေကို မိတ်ဖွဲ့ကြ မိတ်ဆွေဖွဲ့ကြောင်း အကျင့်ကောင်းကတော့ မေတ္တာတရားပဲဟု မိန့်တော်မူကာ မေတ္တသုတ်ကို ဟောတော်မူပါတယ်။

မေတ္တာသုတ်ကို နာကြားသင်ယူပြီ ထိုရဟန်း (၅၀၀) တို့ ထိုတောထဲကို ပြန်သွားကြရပါတယ်။ တောမ၀င်ခင် မေတ္တာပွားကြတဲ့အတွက် ယခင်ခြိမ်းခြောက်လွှတ်ခဲ့တဲ့ နတ်များဟာ ယခုတော့ ကျောင်းသား၊ ကပ္ပိယ၊ တပည့်များကဲ့သို့ တရိုတသေ ခရီးဦးကြိုဆို၍ နေရာပေးကြ ပြုစုလုပ်ကျွေးကြပါတယ်။

မေတ္တာသုတ်တော်ဖြင့် နတ်များကို မိတ်ဖွဲ့ပြီး နတ်များအစောင့်အရှောက်ဖြင့် အထက်ပါ ရဟန်း (၅၀၀) တို့ ထိုတောထဲမှာပဲ ၀ါဆို ၀ါကပ်ပြု၍ တရားအားထုတ်ကြရာ အားလုံး ၀ါတွင်းမှာပဲ ရဟန္တာဖြစ်ကြပါတယ်၊ ဒုတိယ ပ၀ါရဏာပြု အပြီးမှာ ဘုရားဖူးဖို့ ပြန်လည်အစီရင်ခံဖို့ ဇေတ၀န်သို့ ပြန်ခဲ့ကြပါတယ်။

အထက်ပါ အတ္ထုပ္ပတ္တိအသွားအလာကို ကြည့်လျှင် နတ်များချောက်သဖြင့် ဇေတ၀န်ပြန်ရောက်တာ ၀ါခေါင်လပြည့် ဒုတိယ ၀ါဆိုနေ့ပါပဲ။ မေတ္တာသုတ်ကို ထိုနေ့မှာ နာကြားပြီး တိုတောသို့ပဲပြန်၍ ၀ါကပ်ခဲ့ရတာဖြစ်ပါတယ်၊ ထို့ကြောင့် ၀ါခေါင်လပြည့်နေ့ကို မေတ္တာသုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့ ခေါ်ဆိုနိုင်ခြင်း ဖြစ်ပါတယ်။

မေတ္တာဆိုတာကို အဘိဓမ္မာမှာ တရားကိုယ်အားဖြင့် အဒေါသ စေတသိက်လို့ ဆိုပါတယ်၊ အမျက်မထွက်ခြင်း၊ စိတ်မဆိုးခြင်း၊ မဖျက်ဆီးခြင်း၊ မနှောက်ယှက်ခြင်း၊ ရန်မပြုခြင်းစသည် အဓိပ္ပါယ်များရပါတယ်။ ဒေါသက ရန်ညှိုးရန်သူဖွဲ့တဲ့ မကောင်းတဲ့တရားဖြစ်လို့၊ အဒေါသက မိတ်ဆွေဖွဲ့တဲ့တရား ချစ်ခင်သူများပြားအောင် စည်းရုံးတဲ့ အကောင်းတရားပါပဲ။

ဒေါသသည် အပူဓာတ်ဖြစ်လို့ အဖွဲ့အစည်းကို ပျက်ပြယ်စေတတ်ပါတယ်၊ အဒေါသကတော့ အအေးဓာတ်ဖြစ်တဲ့အတွက် အဖွဲ့အစည်းကို အားပေးခိုင်မြဲစေပါတယ်။ မှန်ပါတယ်၊ ဒေါသအားကြီးတဲ့ သတ္တ၀ါများမှာ ကြမ်းထမ်းတဲ့ သဘောတွေ လွှမ်းနေတာကြောင့် ချဉ်းကပ်ပေါင်းသင်းဖို့ အလွန်ခက်နေပါတယ်။ သူတို့မှာ ချစ်ခင်သူမိတ်ဆွေ ရှားပါးနေတတ်ပါတယ်၊ ကျားတွေ ခြင်္သေ့တွေ မြွေပွေး မြွေဟောက်တွေ အနီးအနားသို့ လူတွေ တရိစ္ဆာန်တွေဟာ ချဉ်းကပ်ဖို့ရန် မ၀ံ့မရဲ ခက်ခဲနေသလိုပါပဲ။

ဒါကြောင့် မေတ္တာဘာဝနာဆိုတာဟာ ကျား ခြင်္သေ့ မြွေပွေး မြွေဟောက်နဲ့တူတဲ့ ဒေသစိတ်ကို ခေါင်းပါးအောင် ပယ်နှုတ်နိုင်အောင် လေ့ကျင့်တဲ့ ကျင့်စဉ်ပဲဖြစ်ပါတယ်။

မေတ္တာသုတ်မှာ တောရပ်မှီရဟန်း (၅၀၀) တို့အား မြတ်စွာဘုရားက မေတ္တာဘာဝနာ ကျင့်မည့်ပုဂ္ဂိုလ်သည် ရှေ့ပြေးအကျင့် (၁၄) ပါးကိုကျင့်ရမယ်လို့ ဟောပါတယ်။ တကယ်တော့ မေတ္တာဘာဝနာဖြင့် ဒေါသကို လျော့၍ လျော့၍၊ နှိမ်၍ နှိမ်၍၊ ပယ်၍ ပယ်၍ လာခဲ့ရာ တဖြည်းဖြည်းချင်း ဒေါသခေါင်းပါးလာသောအခါ အတ္ထကုသလ၊ သက္က၊ ဥဇုစသော ကောင်းမြတ်သည့် ဂုဏ်အရည်အချင်းများ တိုးတက်လာမည်ဖြစ်ပါသည်။

အတ္ထကုသလဆိုတာ အကျိုးစီးပွားရှိသည့် အလုပ်၌ ကျွမ်းကျင်နိုင်နင်းခြင်း ဖြစ်ပါတယ်။ ဒေါသော အတ္ထံ န ဇာနာတိ စသည်ဖြင့် ဟောသော ဒေသနာများမှာ ဒေါသသည် ကောင်းကျိုး ဆိုးကျိုးကိုမသိ မမြင်ဟု ဟောတော်မူပါသည်။

အဲ့ဒါကြောင့် ဒေါသကင်းသောစိတ်၊ အဒေါသစိတ်ကို ပိုင်ဆိုင်သူသည်သာလျှင် အတ္ထကုသလ-အကျိုးစီးပွား၌ ကျွမ်းကျင်နိုင်နင်းသူ၊ သက္ကော-မိမိသူတစ်ပါး အကျိုးများသည့် လုပ်ငန်း၌ စွမ်းနိုင်သူစသည် ဖြစ်လာပါလိမ့်မည်။ ဒေါသအမှောင်တွင်း၌ ကျရောက်နေသူသည် မိမိနှင့် လူအများ အကျိုးဖြစ်မည့်လုပ်ငန်းမျိုး၌ ကျွမ်းကျင်မှုနှင့်စွမ်းရည်များ မရှိတော့သည့်အပြင် ပျက်စီးခြင်းသို့ပင် ကျရောက်သွားနိုင်ပါသည်။

သို့ဖြစ်၍ ဒေါသစိတ်ကို မေတ္တာဖြင့်ပယ်ရှား နိုင်သူသည်-
၁။ မိမိသူတစ်ပါး ကောင်းကျိုးများမည့် လုပ်ငန်းများ၌ ကျွမ်းကျင်နိုင်နင်းလာမည်။
၂။ ထိုလုပ်ငန်းမျိုး၌ လုပ်ကိုင်ဆောင်ရွက်နိုင်သော အစွမ်းသတ္တိများရှိလာမည်။
၃။ ဒေါသကင်းသည့် ထိုသူသည် ကိုယ်နှုတ်စိတ်သုံးပါး အလွန်ဖြောင့်မတ်လာမည်။
၎။ စိတ်ထားနူးညံ့လာသည့်အတွက် ပြောဆိုဆက်ဆံရာမှာ အလွန်လွယ်ကူလာမည်။
၅။ အခြေအနေ အရပ်ရပ်မှာ ကျေနပ်နှစ်သိမ့်အောင် နေတတ်သူဖြစ်လာမည်။
၆။ ဒေါသကင်းသည့် ထိုသူကို ပြုစုလုပ်ကျွေးဖို့ လွယ်ကူချောမွေ့နေမည်။
၇။ အရာရာကို ကျေနပ်အောင် နှလုံးသွင်းတတ်သည့်အတွက် အမှုကိစ္စမများတော့ပေ။
၈။ အပိုကိစ္စ၊ အပိုအလုပ်တွေ နည်းသွားပြီး ကိုယ်နှုတ်စိတ်များ ပေါ့ပါးသွက်လက်လာမည်။
၉။ တည်ငြိမ်သောစိတ်ထား၊ ရင်ကျက်သော အသိဉာဏ်၊ ယဉ်ကျေးသိမ့်မွေ့ချိုသာသော စကားရှိသည့် ဂုဏ်သရေရှိ လူကြီးလူကောင်း (Gentle-man) တစ်ယောက်ဖြစ်လာလိမ့်မည်။
၁၀။ ဒေါသကင်းသည့် မေတ္တာရှင်သည် မိမိပတ်ဝန်းကျင် လောကနှင့် လူသားတို့ အပေါ်မှာ ဒေါသဖြင့် ရန်ညှိုးဖွဲ့၍လည်း ညိကပ်၍ မနေဘဲ ထိုဒေါသဖြင့်ပင် အမျက်ထွက်၍ မောင်နှင်မထုတ်ဘဲ တွယ်တာခြင်း (Attachment) နှင့် တွန်းထုတ်ခြင်း (Detachment) တို့မှ လွတ်မြောက်၍ တနည်းအားဖြင့် စက်ဆုတ်ခြင်းတို့မှ လွတ်မြောက်၍ ပတ်ဝန်းကျင်နှင့်လူသားတို့အပေါ်မှာ ချစ်သူ, မုန်းသူ၊ ဝေးသူ, နီးသူ၊ ယုတ်သူ, မြတ်သူ စသည် မခွဲခြား တသားတညီတည်း သဘောထား၍ အပိုင်းအခြားမရှိ၊ ခွဲခြားမှုမရှိ အစွန်းနှစ်ဘက်မှ လွတ်မြောက်လာမည်ဖြစ်သည်။
ထို့ကြောင့် မေတ္တာကို စေတောဝိမုတ္တိဟူ၍လည်းကောင်း၊ အပရိမာဏဟူ၍လည်းကောင်း ဟောတော်မူပါသည်။

ဤမေတ္တာသုတ်တော်၌ အကောင်းတွေချည်း ဖြစ်ပါစေဟူ၍ ပို့သောနည်း၊ မကောင်းတာတွေ မဖြစ်ပါစေနှင့်ဟူ၍ ပို့သောနည်းအားဖြင့် (၂) နည်း ကျင့်သုံးနိုင်ပါသည်။ ပထမနည်း၌ မြင်ဘူးသော သတ္ဌ၀ါ၊ မမြင်ဘူးသော သတ္တ၀ါ၊ မြင်နိုင်သောသတ္တ၀ါ၊ မမြင်နိုင်သောသတ္တ၀ါ၊ ကိလေသာရှိသော သတ္တ၀ါ၊ ကိလေသာကင်းသော သတ္တ၀ါ၊ ပဋိသန္ဓေနေဆဲ သတ္တ၀ါ၊ ဖွားမြင်ပေါက်မြောက်ပြီးသော သတ္တ၀ါ၊ ဘ၀သံသရာ ကျင်လည်နေဆဲ သတ္တ၀ါ၊ ဘ၀သံသရာခရီး ပြီးဆုံးပြီးသော သတ္တ၀ါ၊ ထိုဆိုခဲ့သော သတ္တ၀ါအားလုံးတို့သည်

၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲ့ဒီလို ပို့နိုင်ပါတယ်။
ထို့ပြင် ကိုယ်ခန္ဓာ ရှည်သောသတ္တ၀ါ၊ တိုသောသတ္တ၀ါ၊ မတိုမရှည် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာကြီးသော သတ္တ၀ါ၊ ငယ်သောသတ္တ၀ါ၊ မကြီးမငယ် အလတ်စား သတ္တ၀ါ၊ ကိုယ်ခန္ဓာ ၀သော, ပိန်သော, မပိန်မ၀ အလတ်စားသတ္တ၀ါ အားလုံးတို့သည်။
၁။ ကိုယ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၂။ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
၃။ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ အဲ့ဒီလိုလည်း ပွားများနိုင်ပါတယ်။
မကောင်းတာတွေ မဖြစ်စေဖို့ဆိုတဲ့ ဒုတိယနည်းမှာ= ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ သတ္တ၀ါအားလုံးတို့သည်=
၁။ အမျက်ထွက်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၂။ လှည့်ပတ်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၃။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၎။ နှောက်ယှက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၅။ နှိပ်စက်လိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၆။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။
၇။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ ချမ်းသာကြပါစေ။ ဟု နည်းနှစ်ပါးစုံကို ခြုံငုံ၍ ပွားများလေ့ကျင့်နိုင်ပါသည်။

မေတ္တာ၏ အဒေါသလက္ခဏာ ပိုမို၍ ထင်ရှားပေါ်လွင်စေရန် ဤသို့လည်း ဆင်ခြင်အပ်ပါသည်။ ‘‘ကိုယ်တိုင် ရင်၌လွယ်၍ မွေးဖွားလာခဲ့ရသော တစ်ဦးတည်းသော သားရှိသည့် မိခင်သည် ထိုသားငယ် ရင်ခွင်၌ နေစဉ် ကျင်ကြီးကျင်ငယ်ကို စွန့်၍ ခြေလက်တို့ဖြင့် တွန်းထိုး ကန်ကျောက်စေကာမူ အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ အလျဉ်းမရှိဘဲ ထိုတစ်ယောက်တည်းသော သားရင်းကို မိမိ၏အသက်ကိုပင်စွန့်လွှတ်၍ ကာကွယ်စောင့်ရှောက်ပြုစုသလို’’ သတ္တ၀ါအားလုံးတို့၏ အပေါ်မှာ အမျက်ထွက်ခြင်း အလျဉ်းမရှိ၊ မကောင်းဖြစ်စေလိုခြင်း လုံးလုံးကင်း၍ ကောင်းကျိုးချမ်းသာချည်းသာ ဖြစ်စေချင်သော မိခင်စိတ်မျိုး ထားရမည်ဟု ဟောတော်မူပါသည်။

အနန္တ စကြာဝဠာ၊ အနန္တ သတ္တ၀ါတို့ အပေါ်မှာ ဒေါသဟူသည့် အတွင်းရန် ကင်းသဖြင့် အပိုင်းအခြား အကန့်အသတ်မရှိ ကျယ်ပြန့်မွန်မြတ်သည့်စိတ်ကို တိုးပွားအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ နိဂုံးမှာ အပိုင်းအခြားမရှိသည့် သတ္တ၀ါအားလုံးတို့၏ ကောင်ကျိုးချမ်းသာ ဖြစ်စေချင်သောစိတ်၊ မကောင်းတာနှင့် ဆင်းရဲမှန်သမျှ မဖြစ်စေချင်သော, ကျယ်ပြန့်သော မွန်မြတ်သော ဟိတကာမစိတ်ကို နေ့နေ့ညည မရပ်မနား သွားသွား ရပ်ရပ် ထိုင်ထိုင် အိပ်အိပ် မတိတ်ဆိတ်ပဲ အဆက်မပြတ် ပွားများ၍သာ နေကြရာ၏။

ဤသို့လျှင် မေတ္တာအသိ အမြဲရှိသူတို့၏ နေခြင်းကို ဗြဟ္မ၀ိဟာရ (Noble Abiding) မြတ်သော နေခြင်းဟုခေါ်ပါသည်။

သူတော်စဉ်အပေါင်းတို့ ကိုယ့်ကျိုး သူ့ကျိုး ဤနှစ်မျိုးကို သည်ပိုးဆောင်ရွက်လိုသူတိုင်း ဤမေတ္တာဘာဝနာကို ပွားများကြရပါသည်။ မေတ္တာ ပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ပွားများ ကြရပါသည်။

မေတ္တာပြည့်စုံလျှင် ခန္တီပါ ပြီးပြည့်စုံသောကြောင့် စေတောဝိမုတ္တိဟူသော အကျိုးကို ဤဘ၀မှာပင်ရရှိနိုင်ကြမည် ဖြစ်ပါသတည်း။

သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
********

အရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊မဟာသဒ္ဓမ္မဇောတိကဓဇ
မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ
သီတဂူဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း

http://dhammasamye.blogspot.com/

0 comments:

Post a Comment