Pages

Wednesday, November 13, 2013

ဆုရရှိသောကဗျာများ နှင့် ပြိုင်ပွဲဝင် ကဗျာများ

ငြိမ်းချမ်းပါစေ မြန်မာပြည်(၃၄)ပထမဆု
ကဗျာအမှတ်စဉ် (၃၄)  ရေသားသူ မှော်
ငြိမ်းချမ်းပါစေ မြန်မာပြည်


ငြိမ်းချမ်းရေးအလံလွှင့်ထားတဲ့ ငါရဲ့ ကဗျာစီးချင်း နဲ့


ပြိုင်ပွဲအတွင်း  ဖြတ်သန်းလို့  မှတ်တမ်းတစ်ခု ရေးခဲ့ပြီ


စိမ်းလန်းဖြာဝေ ကံကြမ္မာတွေ နဲ့ ငြိမ်းချမ်းပါစေ မြန်မာပြည်။
အပြုသဘောနဲ့ တစ်ခုပြောရရင်

ခေတ်အဆက်ဆက် ဖိနှိပ်ခံ လူတန်းစားပိုင်
ပစ္စည်းမဲ့ဒေါသ ကိန်းဂဏန်းသေးသေးလေးနဲ့ ငြိမ်းချမ်းရေး ….. ငြိမ်းချမ်းရေး …..     လို့ အော်နေရုံနဲ့တော့ဖြင့်

ရွှေပြည်တော် မျှော်တိုင်းဝေးရလိမ့်။


 လက်ရှိပြည်သူများရဲ့ဆန္ဒနဲ့ ဒီမိုကရေစီ လိုက်လျောညီထွေရှိမဲ့ ကီး ကို ညှိ
တစ်ပြည်လုံး စည်းလုံးပြီဆိုမှ  အညီဆုံးတီးလုံး နဲ့ ခရီးဆက်


“ မင်း ’’  ချည်းလည်းမပြီး … “ သူ ’’ ချည်းလည်းမပြီး  …. “  ငါ ’’ ချည်းလည်းမပြီး


ငြိမ်းချမ်းရေးရဲ့  ဆင်းရူပကာ လှစေဖို့


“ မင်း ’’  “ သူ ’’  “ ငါ ’’  အားလုံး ကြိုးစားဖို့ လိုတယ်။


“ တို့အရေး ’’ ..  “ တို့အရေး ’’ ဆိုတဲ့အသံက
အမှန်တကယ်ဒီမိုကရေစီမရသေးသမျှတော့ စစ်ခေါ်တေးတစ်ပုဒ် ဖြစ်နေဆဲပဲ။
မကျေနပ်မှု့တွေ ၊ ဒေါသတွေ ၊ လောဘ တွေ ရှိနေသမျှ

ငတ်နေသမျှ ၊  ဆင်းရဲ နေသမျှ ၊ မွဲနေသမျှ ကာလပတ်လုံး
ခဲလေသမျှ သဲရေကျ ပေါ့။

 သစ်တောတွေကိုအပြောင်လှီး    တောင်ကြီးတွေကိုဖြို
ကိုယ်ကောင်းစားဖို့ ဆိုတဲ့ အတ္တဆိုးကို လာဘ်ထိုးယူလို့ရနေသေးရင်တော့


ဝေဿာလီပြည် ဘီလူးကျတာထက် ဆိုးလိမ့်မယ်။
ဒီမိုကရေစီကမ္ဘာသို့ လို့ အော်ပြီးချီတက်ရာလမ်းကြောင်းတစ်လျှောက် 
 အောက်ခြေလူတန်းစားတွေက ဒုက္ခပေါင်းစုံနဲ့ နပန်းလုံး 
အိုးအိမ် ၊ မြေ ၊ ယာ ၊ လက်မဲ့တွေ ဘ၀ကလည်း သေမင်းခေါ်သံတွေကြားထဲမှာ

လိပ်ကို ပက်လက်လှန်ထားသလို ယက်ကန် ယက်ကန်နဲ့။


 ခေတ်မှီ နိုင်ငံကြီးသွန်းထုနေတာ ခုဆိုငွေရတုတိုင်ခဲ့ပြီ။
လက်ရှိအချိန်ထိတော့ ဒုက္ခတွေက  ပုပ်ပွနေဆဲ။


 ရဟန်းတွေ ၊ လူတွေ ၊ ကျောင်းတွေ ၊ ဘုရားတွေ ၊ မြေတွေ ပျောက်ဆုံးဆဲ
ခုလို ကိုယ့်နှလုံးသားကို ကိုယ်ပြန်ပြီး ဆက်လက်စားသုံးနေရင်
ဟင်္သာတွေလည်း မျိုးတုံးတော့မယ်။


လူမျိုးနွယ် စစ်ပွဲတွေ ကလည်း
                                ၁၉၄၈ လွတ်လပ်ရေးနေ့ရဲ့ မနက်ဖြန်ကနေ ခုထိရှိဆဲ။


 အာဏာထိပါးခံရမယ်ဆိုရင်လည်း  ဘယ်သူသေသေ ပေါ့
ထစ်ကနဲရှိ ပစ်မယ် ခတ်မယ်နဲ့  ငတေ မာဖို့ ကြိုးစားနေကြဆဲ။
အဲဖရက်နိုဘယ်ကို အားနာလိုက်တာ

ငါတို့ဆီမှာ  ပြသနာကို သေနတ်ပါမှ ရှင်းလို့ ရတယ်လို့ ထင်နေကြဆဲ။



တစ်ဖက်ကမီးစ  တစ်ဖက်က ရေမှုတ်နဲ့

ဂုတ်သွေးစုပ်နေကြတဲ့ ခေတ်သစ်ဘူဇွာတွေရဲ့ ညှို့ချက်အောက်မှာ
အမျိုးပျောက်ချင်တဲ့ သူတွေကတော့

နိုင်ငံရေးလိုလို ၊ လူမျိုးရေးလိုလို ၊ ဘာသာရေးလိုလို နဲ့
ရောထွေးခံ ၊ အမွှေခံလို့ ကောင်းနေကြဆဲ။

 အများကောင်းစားရေး လိုလို နဲ့   သားကျောင်းထားရေးအတွက်လုပ်ကြ
တရားမျှတရေး လိုလိုနဲ့   မယားလှပရေး အတွက် လုပ်ကြ


ကိုယ်ကျိုးစွန့်အနစ်နာခံမှု လိုလိုနဲ့ သူတို့အမျိုးအဓွန့်ရှည်ကြာစံ ဖို့ရာအတွက်
ဖန်လာသမျှ အကျိုးစီးပွားအရပ်ရပ်ကို အိတ်ကပ်ထဲ ထည့်နေကြဆဲ။

 ခန်းခြောက်နေတဲ့အိုးတွေပစ်ထားပြီး
လျှံနေတဲ့အိုးတွေကို ရေထပ်ဖြည့်လို့ ကောင်းနေကြဆဲ။
အတတ်ပညာရှာဖို့ ဝေးစွ

 မငတ်ပညာ တစ်ခုအဖြစ်(ဘ၀တူ)အများက ညွှန်လို့
ဘုရားကျွန် ဆိုပြီး ဘန်းပြ

 လမ်းမ ထွက်ကာ တောင်းစားနေသူတွေ များနေဆဲ။



ညီမျှလား မညီမျှလားကြည့်

 ကမ္ဘာသိအောင် ကြွေးတင်နေတာက ဆယ့်တစ် ဘီလီယံ
ပြည်ပဘဏ်တွေမှာ တို့မြန်မာတစ်ဦးတည်းကလည်း

အဲသည်လောက်တောင် အပ်ထားနိုင်သေးတယ်ဆိုပဲ။



ချမ်းသာတာ အမှတ်ကုန် နေတဲ့ လူတွေ ရှိသလို

ဝမ်းစာသာ မငတ်ရုံ ဖြစ်နေတဲ့ လူတွေလည်း ဒုနဲ့ဒေး။


 တောင် တွေ့ရင်ဖြို  မြစ် တွေ့ရင် ဖို့ ၊ သယံဇာတရစေဖို့ အလို့ငှာ မြင်ရာကိုသိမ်း
ဒိန်းကနဲ တစ်ချက်မြည်လိုက်ရုံနဲ့ ခုပဲ ရတနာပုံ ဆိုက်တော့မယ့်ကိန်း
သူတို့သိမ်းသွားတာကတော့

လူဆင်းရဲ ငမွဲတွေရဲ့ မျက်ရည်နဲ့ ဆေးထားရတဲ့ ဘိုးဘွားပိုင် ရတနာတွေ။
သဖန်းသီးမေတ္တာမျိုးနဲ့ ကျီးအာသီးတိုက်အိမ် ဆောက်နေသူတွေကို သိစေချင်တယ်။

မြို့ပြရဲ့ ကျက်သရေဆောင် ရောင်စုံရေပန်းတွေရဲ့တန်ဖိုးက
ဘ၀နွမ်းနေတဲ့ ကလေးပေါင်းများစွာကို ကျောင်းထားပေးလို့ ရတယ် ဆိုတာ …. ။


လမ်းဖွင့်ပွဲတွေ ၊ တံတားဖွင့်ပွဲတွေ  ဖြစ်ထွန်းပြီးသား သီးနှံစိုက်ခင်းတွေ ကို

သတင်းတွေလုပ်လို့ ကြွားနေမဲ့အစား
တံတား အောက်က အိမ်ယာမဲ့ ကလေးတွေကို  ထမင်းဟင်းတွေ ဝေပေးခဲ့ရင်

သူတို့တစ်တွေ တစ်ရက်လုံးပျော်ကြရမယ် ဆိုတာ …. ။


 ဟော… ဟိုမှာ ..  ဘရစ်တနီစပီးယား ၀ါးပြီးသားပီကေကို
ဒေါ်လာငွေ ထောင်ချီလို့ လေလံဆွဲနေကြတဲ့ခေတ်ထဲမှာ
တို့ဆီက ကလေးတစ်ယောက်  ဒူးသောက်ခေါက် လိုက်အောင် လှည့်တောင်းလို့မှ

မုန့်ပေါင်းတစ်ခုဝယ်စားဖို့ငွေ မပြည့်ဘူးဆိုတာ…။



ကပ်သုံးပါး ၀ါးမြိုခံနေရတဲ့ ရင်သွေးငယ်တွေ အတွက်

ပရဟိတအဖွဲ့ ဆိုတဲ့ ကယ်တင်ရှင်ကို လည်တငင်ငင်နဲ့ မျှော်နေကြရတဲ့
မိဘတွေရှိနေကြတယ် ဆိုတာ ….။

. . . . . . .ဆိုတာ …  . . . . . . .ဆိုတာ …    တွေကိုပေါ့။


“ နာ’’ နေကြတဲ့ လူတွေဟာလည်း အခု တဖြည်းဖြည်းနဲု့ “ ဆာ’’ ကုန်ကြပြီ။


 အတ္တတွေ …  လောဘတွေ  .. မတရားမှုတွေ ….  ရန်ငြှိုးတွေနဲ့
စစ်မီးကို လောင်စာ မဖြည့်ကြပါနဲ့။


 ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်ချက်ကို အဖြေရှာ
ဆင်းရဲမွဲတေမှု့ဟာ ငြိမ်းချမ်းရေးရဲ့ အတားအဆီး 
လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ကြပါစို့။ စီးပွားရေးချိန်ခွင် မညီမျှမှု့ဟာ ငြိမ်းချမ်းရေးရဲ့ အဟန့်အတား

မှတ်သား ဖော်ထုတ်ပြကြပါစို့။


အဓမ္မ၀ါဒီ ဆိုတာ ငြိမ်းချမ်းရေးရဲ့ အနှောက်အယှက်


ဟန့်တားတိုက်ဖျက်ကြပါစို့။



စစ်နဲ့ ငြိမ်းချမ်းရေး  ဘယ်ဟာအရေးကြီးလည်းဆိုတာသိရင်

ထိုင်ခုံ နဲ့ ဖင် မမြဲမှာ မပူရဘူး။



ခု တို့နိုင်ငံမှာ

ဗိုလ်ချုပ်အောင်ဆန်းက တစ်ယောက်တည်း….  အလိုတော်ရိ တွေက အများကြီး


ဦးသန့် ကတစ်ယောက်တည်း….  ဟစ်တလာလက်သစ် တွေက အများကြီး


အမေစုက  တစ်ယောက်တည်း…..  ဘင်လာဒင်လို လူတွေက အများကြီး။


 ဘာသာမျိုးစုံက လူတွေတော့ ဆုတောင်းနေကြ  ရှိခိုးနေကြပြီ
ငြိမ်းချမ်းပါစေ မြန်မာပြည်…. တဲ့..။


တောင့်တတဲ့ ဆုနဲ့ ပြည့်စုံရပါလို၏


 မတောင့်တတဲ့ စစ်မီး ငြိမ်းရပါလို၏။


စစ်မှာ.. မျက်စိမပါဘူး ၊ ဆင်းရဲချမ်းသာမရွေး သေမင်းနိုင်ငံပို့တယ်
နောက်ထပ် စစ်ကို မမျှော်နဲ့  ၊ စစ်ခေါ်တေး ကိုလည်း မဆိုနဲ့  
ဒီတစ်ခါမိုးပြိုရင် ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး။


ဒုတိယဆု
ကဗျာအမှတ်စဉ် (၂၃)  ရေသားသူ မိုင်း
" ငြိမ်းချမ်းပါစေမြန်မာပြည် "

ခက်ဆစ်ဖွင့်ပြစရာမလိုတဲ့ ၀ါကျတွေအတွက်
ဒီကဗျာမှာ ဝေါဟာရဖက်ရှင်ရှိုးတွေ တက်လျှောက်စရာမလိုဘူး
အရှိဟာအရှိအတိုင်း၊ အသိဟာအသိအတိုင်း
အချစ်ဟာအချစ်အတိုင်း၊ စစ်ဟာစစ်အတိုင်း
ရှိလို့သိလာရတဲ့နောက် သိဖို့ရှိလာရတဲ့ဖြစ်ရပ်များကို
သတိသံဝေဂရပေးကြပါ ။
အချစ်ကြောင့် စစ်တွေဖြစ်ကောင်းဖြစ်လိမ့်မပေါ့
စစ်ကြောင့်တော့ အချစ်တွေဖြစ်မလာနိုင်တာ ခင်ဗျားသဘောညီရင်
ဒီအချိန်မှာ ကျုပ်တို့အတူတူသံပြိုင်အော်ရမှာက
ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး
လွတ်လပ်ဖို့အရေး ... လွတ်လပ်ရေးမဟုတ်ဘူး
ငြိမ်းချမ်းဖို့အရေး ... ငြိမ်းချမ်းရေး ။

နယ်ချဲ့ရန်ကြောင့် သံဖနောင့်အောက်မှာ အော်ခဲ့ရတုန်းက လွတ်လပ်ရေး ...
ပြည်တွင်းစစ်မီးအလျှံညီးတော့ အော်ရမှာက ငြိမ်းချမ်းရေး ...
မျောက်က ကြိုးခွေ ... ကြိုးခွေ
ဒေါင်းက အိုးဝေ ... အိုးဝေ
လူက ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး ... ငြိမ်းချမ်းရေး
လက်ဆွဲနှုတ်ဆက်ရင် အပြုံးမှာ အမုန်းတွေမပါကြေးပေါ့
မျက်နှာလွှဲခဲပစ်ရင် အဆုံးမှာ အပြုံးတွေနာရေးပေါ့
စားပွဲမှာထိုင် ကလောင်ကိုင်ပြီး ငြိမ်းချမ်းရေးအတွက် နှလုံးသွေးနဲ့ အကူငွေထည့်တဲ့
ဖက်ခွက်စား အနုပညာသည်တွေကို ချစ်တယ်
ထိပ်ဆုံးမှာထိုင် သေနတ်ကိုင်ပြီး ညီအကိုချင်း လည်ပင်းညှစ်တဲ့
အာဏာပါးကွက်သား ရွဲကုန်သည်တွေကို မုန်းတယ် ။

အဖြစ်က ဖောင်စီးရင်းရေငတ်သလိုပ
ရေရှား၊ မီးရှား ၊ ချိုးကူသံရှားလှပါတဲ့ အမိမြေ
တလွဲဆံပင်ကောင်းနေတာက
ခြေပြတ်၊ လက်ပြတ်၊ တစ်ဘက်လပ်နဲ့ သေကွဲ၊ ရှင်ကွဲ၊ ရင်ကွဲတွေ ...
လင်ပျောက်၊ သားပျောက်၊ အိုးအိမ်မှောက်နဲ့
ဥမမယ်စာမမြောက် အလောင်း ထွက်ကောက်နေရတဲ့ မြေစာပင်တွေ ...
မမြည်ဘဲ တီးနေရတဲ့ မောင်းတွေဟာ တံခါးပိတ်ပြာကျ ဇာတိမြေမှာ
မတီးဘဲ မြည်နေရတဲ့ မောင်းတွေသာ လူလုံးမလှ၊ ၀မ်းမ၀ ဒုက္ခသည်စခန်းမှာ ။

ဘယ်သူသိမလဲ ...
ကဗျာဆရာဟာ ပန်းပဲဖိုမှာထိုင်ပြီး ရင်တွင်းဖြစ်တွေကို မီးမဆေးချင်ဘူးဆိုတာ
ဘယ်သူသိမလဲ ...
ခုတ်ချခံလိုက်ရတဲ့ ကိုင်းငယ်နောက် လွင့်ပါသွားရတဲ့ဘ၀တွေ ဘယ်လောက်များသလဲဆိုတာ
ဘယ်သူသိမလဲ ...
ဒီကာလတွေမှာ အဖတွေက သားတွေကိုမြေပြန်မြှုပ်နေရတယ်ဆိုတာ
မီးဆေးအားကောင်းတဲ့ ဓါးတွေကတော့ မာလှပေါ့
ကဗျာဆရာကတော့ အသည်းခြောက်ခဲ့ရပြီ
လက်လွတ်စပယ်ပြုဝံ့သူတွေလည်း ပြုကြပေါ့
ပျားကောင်ကလေးတွေခမျာတော့ အသိုက်အမြုံပျောက်ခဲ့ရပြီ
မှတ်တိုင်ထင်ရင်လည်း စိုက်ကြပေါ့
သမိုင်းကတော့ အခမ်းနားဆုံးသောကတွေ ရင်မှာပိုက်ခဲ့ရပြီ ။

နံနက်လင်းလို့ အရုဏ်ကျင်းပါပြီဆိုကတည်းက
တရားဓမ္မနဲ့နိုးထကြတဲ့ တိုင်းပြည်ပါ
ကိုယ်ချင်းစာတရားနဲ့ဖေးမကြတဲ့ တိုင်းပြည်ပါ
မေတ္တာတရားနဲ့နွေးထွေးလှတဲ့ တိုင်းပြည်ပါ
အရေးကြီးရင် သွေးနီး၊ ထွေးစည်းကြတဲ့ တိုင်းပြည်ပါ
ကိုယ်စားဖို့ဆန်မရှိရင်နေ လှူတန်းဖို့အကြံရှိကြတယ်
" ရဟန်းစားသောဆွမ်းတစ်နပ်က " သက်သေလေ
အိမ်တိုင်တွေယိုင်ပေမယ့် ကိုယ်ချင်းစာတရားတွေခိုင်မာတယ်
လောကဓံမှာ ကိုယ်နဲ့အတူဖက်ရုန်းတဲ့နွားကိုတောင်
သားသ္မီးလိုသဘောထားကြတာ မျက်မြင်လေ
မေတ္တာသုတ်ရှိတယ်၊ ဗိုလ်ချုပ်ရှိတယ်
ဦးသန့်ရှိတယ်၊ အမေစုရှိတယ်
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း
မြစ်ခွဲပေါင်းများစွာ စီးဝင်ပေါင်းစုံခဲ့ကြတဲ့ ငါတို့ရဲ့အပြာရောင်ပင်လယ်ကြီးရှိတယ်
ဒို့ ... ဒို့ ... ဒို့တတွေ အမြဲသတိရှိကြမယ်ဆို
ဒို့ ... ဒို့ ... ဒို့တတွေ သွေးရင်းညီအစ်ကိုများဆို
မေတ္တာတရားရဲ့အရိပ်မှာ သစ္စာတရားရဲ့အဓိပ္ပါယ်
ပြည်တွင်းစစ်မီးက အဖြေလားဗျာ ။

ငိုတစ်လှည့် ရီတစ်လှည့် မိုးတွေမစဲသေးဘူး
နွေအဖီဆွဲထားတဲ့ကဲလားကအလွမ်းတွေ
နှင်းခါးရိုက်ဝင်လာပါတော့မယ်ခင်ဗျား ၀င်လာပါတော့မယ်
အိမ်လွမ်းသူငိုချင်းမှာ မျက်ဝန်းအိမ်နှင်းခဲမယ့်ရာသီ
ရောက်ပါတော့မယ်ခင်ဗျား ရောက်ပါတော့မယ်
လိပ်ပြာမလုံစွာ စောင်ခြုံကွေးပြီး တိတ်တိတ်လေး မျက်ရည်မကျပါရစေနဲ့
လွတ်ရာချောင်မှာ အမှောင်ခိုလွေးရင်း တိတ်တိတ်လေး အစာမ၀ပါရစေနဲ့
ဒီအချိန်မှာ သစ်တစ်ပင်စိုက်ပါရစေ (ငြိမ်းချမ်းရေးအတွက်)
ဒီအချိန်မှာ အမိုက်မှောင်တွေဖြတ်ပါရစေ (ငြိမ်းချမ်းရေးအတွက်)
ဒီအချိန်မှာ သီချင်းသံတွေပိတ်လိုက်ပါရစေ (ငြိမ်းချမ်းရေးအတွက်)
ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး စစ်တွေထပ်မတိုက်ကြပါနဲ့တော့
ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး ဒုက္ခသည်စခန်းတွေထပ်မဖွင့်ကြပါနဲ့တော့
ငြိမ်းချမ်းရေးအတွက်လို့အော်အော်ပြီး မငြိမ်းမချမ်းမယ့်အရေးတွေထပ်မလုပ်ကြပါနဲ့တော့
လုံလောက်ပါပြီ ... လုံလောက်ပါပြီ
လုံလောက်ရုံမက ပိုလျှံလို့ကို လုံလောက်နေပါပြီ
အမိမြေဟာ သူ့ရင်သွေးငယ်တွေကို ပွေ့ပွေ့ပြီးငိုရလွန်းလို့
ရှိုက်သံတောင်မပီနိုင်တော့တာမို့ ။

" ငြိမ်းချမ်းပါစေ မြန်မာပြည် " တဲ့ (အိပ်မက်ကလေး)
ငါတို့အားလုံး ချင်ခြင်းတပ်ရတဲ့ အိပ်မက်ကလေး
လိုက်တိုင်းအမြဲ ဝေးဝေးပြေးတဲ့ အိပ်မက်ကလေး
နိုးထမှုတိုင်းမှာ ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းမကျ
ဝမ်းနည်းစရာဆုံးရှုံးမှုတွေနဲ့ လက်ပြတတ်တဲ့ အိပ်မက်ကလေး
အိပ်မက်ကလေးထဲမှာ ငါတို့ဟာ ...
အင်္ကျီသေးသေး၊ ဖိနပ်သေးသေးနဲ့ အတ္တသေးသေး ကလေးလေးတွေ
အိပ်မက်ကလေးထဲမှာ ငါတို့ဟာ ...
ဖိုးလမင်းကြီးဆီက ထ္မင်းဆီဆမ်းကို ဒေါင်းလန်းကြီးမှာ အတူတကွ ၀ိုင်းဖွဲ့လို့
အိပ်မက်ကလေးဟာ သူ့ရဲ့လက်တစ်ဖက်နဲ့ ငါတို့ကို ယုယုယယထွေးပွေ့ပြီး
ကျန်လက်တစ်ဖက်နဲ့ ငါတို့ရဲ့မျက်ရည်စတွေကို
ကြင်ကြင်နာနာ သုတ်ပေးလိုက်ချိန်မှာတော့
နံနက်ခင်းဟာ သေနတ်ဖောက်
အိပ်မက်ကလေးကို ပြည်တွင်းစစ်မီးတောက်တွေအောက် မောင်းထုတ်လိုက်တယ်
ခုထိတော့ တိုက်ပိတ်အကျဉ်းသား လွတ်ရက်မျှော်ရသလိုပ
အိမ်အပြန်လမ်းကို မျှော်၊ မေတ္တာတရားကို မျှော်
ကိုယ်ချင်းစာတရားကို မျှော်၊ ငြိမ်းချမ်းရေးကို မျှော်
မျှော် ... မျှော် ... မျှော် မျှော်တော်ယောင်ပတ်ပျိုးနဲ့
မိုးသောလက်တွေဖြန့်ထားရတဲ့ ငါတို့ဟာ ဒုက္ခသည်စခန်းက ကုလားအုတ်တွေ
ရွာထိပ်မှာ စစ်မီးတွေ တိတ်ပြီလားလို့
ခဏခဏခေါင်းထောင်ကြည့်ရတာလည်း အမောပါပဲလေ ။         ။
.
တတိယဆု
ကဗျာအမှတ်စဉ် (၁၉)  ရေသားသူ စိန်မျောက်မျောက်
ငြိမ်းချမ်းပါစေ မြန်မာပြည်

စွမ်းအင်ရဖို့အတွက် အကြောင်းပြလို့
မြစ်ဆုံဝ မှ အစတည် ဧရာဝတီကိုပိတ်
လက်သိပ်ထိုးသဘောတူညီမှု့နဲ့  နီကယ်တောင်ကိုဖြိုခွင်း
ချင်းတွင်းဘေးက လက်ပံတောင်း ကိုလည်းဖောက်
အမိမြန်ပြည် ကျောက်ကပ်ကနေ ကြေးနီရဖို့
ရဟန်းရှင်လူ ပြည်သူရဲ့ သွေးနီကိုခင်း
အမယ်မင်း….. အမေ့သားငယ်တွေ စားဖို့ ဘာကျန်သေးလည်းအမေ။

သူတို့လည်းအမေ့သား ၊ သားတို့ကလည်း အမေ့သား
ပြန်လမ်းဆီမျှော်ရည်ငေးမောလို့ ဆန်ကြမ်းနီချဉ်ပေါင်ရေဟင်းတစ်ခွက်နဲ့
နတ်သမီးအိမ်မက်ကို မက်လုံးခင်း
တစ်သက်လုံးဒီထမင်းဟင်းကို အတင်းမျိုနေရတဲ့သားငယ်တို့ဘဝ
ဆားနယ်ခံရတဲ့ ငါးငယ်ပမာ ၊ ရှင်လည်းမရှင် ပုပ်လည်း မပုပ်
ငုတ်တုတ်မေ့နေရတာ ကြာပါပြီ။

ရွှေတိဂုံအလှူခံပုံးကို လေလံတင် ၊ မဟာမုနိရွှေရင်ကိုဖောက်
အမျိုးပျောက်မှာလည်းအမှု့မထား ၊ သူတို့ကောင်းစားဖို့အတွက်ပဲမို့
ငရဲကိုလည်းမကြောက်….. ၊ ကောက်ချက်ချကြည့်ပါဦးအမေ။

စိမ်းလမ်းစိုပြေနေတဲ့ သဘာဝသစ်တောဘေး
ပုဒ်မ တစ်လေးလေး ထုတ်လို့ သူတို့ဘာလုပ်ကြပြန်ပြီလည်း
သကြားစက်ရုံလောင်စာရဖို့အရေး ၊ ထင်းမီးသွေးကို ခိုးထုတ်
အမေ့အပေါ် ဂုတ်သွေးစုတ်လို့ လောဘဖက်
ဟင်းရွက်လက်တစ်ဆုပ် ရဖို့တောင် မလွယ်တော့တဲ့
တောထဲနေ သားငယ်တို့ဘ၀ ပြန်ကြည့်ပါ့အမေရယ်
စက်ရုံကအလျှံပယ်ပစ်ချလိုက်တဲ့ အညစ်အကြေး တသီကြီးက
ဧရာဝတီခမျာ ညစ်ပတ်ခံရပြန်သေး
အမေ့ကိုယ်စား ရင်လေးရပြန်ပါတယ်အမေ။

ယဉ်ကျေးမှု့အမွေအနှစ်ကို မထိန်းသိမ်းတဲ့ အပြင်
သဘာဝပတ်ဝန်းကျင်ကိုလည်း မစောင့်ရှောက်တော့
သစ်တောပျောက်လို့ ကုန်းပြောင်ပြောင်
မိုးခေါင်လို့ ရေမကျန်တဲ့ နေရာ  မျိုးနဲ့
ပျိုးထောင်လို့ မရအောင် ရေလျှံတဲ့နေရာဆိုးတွေ ကြည့်လို့
ကံတရားကိုပဲ ယိုးမယ်ဖွဲ့ရတော့မလိုဖြစ်နေပြီအမေ။

လူနေမှု့အဆင့် ပီပြင်ဖို့အတွက် တီထွင်ကြမယ်ဆို
တို့ဘိုးဘေးတွေ အမြဲသုံးနှုံးနေကျ ၊ တုံးလုံးစာဆိုတာ အတွက် မခက်ခဲဘူး
ယူရေနီယံ လက်တစ်ဆစ်စာနဲ မြို့ပြကြီးတစ်ခုလုံးမီးလင်းစေတဲ့ခေတ်မှာ
တို့ရွာမှာတော့ မိုးရွာရင်မီးပျက်မယ်ဟေ့  ဆိုတဲ့စကားက
အဖေအမေ လက်ထက်ကတည်းက ကျန်ခဲ့တဲ့စကား။

ပူတဲ့သူတွေက ပူ ၊ အူတဲ့ သူတွေက အူ လို့  သားတို့က လိုက်ဆူပြန်ရင်လည်း
အမေ့ခမျာ လိမ်ဖယ်လိမ်ဖယ် သွားနေရတဲ့ အချိန်
အိမ်နှစ်ဆယ်ခေါင်းသူကြီးက မနေသာလို့ အရေးယူပြန်ရင်
ဗုံးတန်ချိန် မြောက်မြားစွာနဲ့ အမေ့ကို ချောက်ချားစေဦးမှာလေ။

သားတို့အဖြစ်က
ကိုးဆယ့်ခြောက်ပါးသော ရောဂါတွေကို
မျိုးဆက်ပျောက်သွားမတတ် ခံစားနေရစဉ်
ရှင်ချက်လျှက်နဲ့ အသက်ပါသွားမှာစိုးလို့
ပါးဟက်များတောင် ပွင့်ပွင့် မဟရဲတော့တဲ့
ရေနည်းငါးကလေး လိုပါပဲ အမေ။

နောက်ခေတ် တက်လူတွေရယ် …
ဆက်ကုပေးပါ ဆိုပြန်တော့လည်း
မနက်ဖြန်ဆိုတာ မြင်ချင်သေးရင် အရင်ဆေးပဲ ဆက်စား …. တဲ့။
ကဲ…  ဘယ်လိုလုပ်ရမလည်း။

ငြိမ်းချမ်းချင်တယ်အမေရယ်
ကမ္ဘာမီးလောင်ရင် မြီးတံတိုကြောင်ကြီးတွေက
အဆီကိုစားလို့ အသားကိုမြိုကြဦးမှာ
သားတို့ရဲ့ မိုးကောင်းကင်အိမ်မက်တွေ တကျော့ပြန်ပြီး
ပိုးထိုးလို့ လောက်ကိုက်ကုန်မှာ စိုးတယ် အမေ။

ခေတ်အဆက်ဆက်မော်ကြွားခဲ့တဲ့အမေ့ရင်ခွင်ဟာ
တူယှဉ်ကာ ကောက်ကျစ်တဲ့လူတွေကြောင့် ယူချင်စရာမရှိတော့လောက်အောင်
အချဉ်ပေါက်လို့ ညစ်ပတ်ကုန်ကြပြီအမေ။

အသံကြောင် ဟစ်ကြွေးလို့  ငါတို့ပြုပြင်မယ်ဆိုတဲ့သူတွေလည်း
အဆံချောင် ညစ်ထေးလို့ တစ်ချို့ဆို ပစ်ပြေးကုန်ကြပြီ။

လက်ရှိအချိန် ပဒေသာသီးပွင့်   ချီးမြှင့်လစာတွေနဲ့  ယစ်မူး
အပြစ်ကျူးလို့ ကျူးမှန်းမသိတဲ့ အမေ့သားကြီးတွေ….
သူတို့လုပ်ရပ်တွေကလည်း အရင်လိုပြန်ခင်း
အသိချင်းမို့ လို့ အကြည့်ချင်းညှိ
သိတတ်မှု့ဆိုတဲ့ အပြုအမူကိုတွယ်မက်
မြှူဆွယ် မြှောက်ပင့် စကားလုံးတွေနဲ့မိန်းမောခိုက်
မကြိုက်စကားကြားယုံနဲ့ အပြစ်တွေငြိ
ညှိလေရာနေရာတိုင်း မိလေရာဝိုင်းဖဲ့
နှုတ်ခမ်းပဲ့ချင်းမီးမှုတ်လို့ ကလိန်ငြမ်းဆင်
အောင်မြင်မှု့နဲ့ ငွေကြေးကို တလွဲအခြေပြုလို့
ဒုစရိုက်လုပ်ဖို့ စွပ်ပေးတဲ့ မျက်နှာဖုံးအဖြစ်သုံး
ဒီငတုံးတွေကိုလည်း ရှင်းထုတ်ဖို့လိုပြီအမေ။

ဂလိုဘယ်လိုက်ဇေးရှင်း အင်တာနက်ခေတ်မှာ
လူကောင်းဖြစ်သူတွေက ဆင်းရဲမွဲတေလို့ နောက်တန်းရောက်
ဗွေဖောက်တဲ့ ကလိန်ကကျစ်လူယုတ်မာတွေက ရှေ့တန်းမှာ
ကံဆိုတာကြီးက ဖေးမနေတော့လည်း အဟုတ်ထင်
ဘုရားသခင် သက်တော်ထင်ရှားရှိသေးရင်
လျှောက်တင်လိုက်ချင်ပါရဲ့အမေ။

အခုဆိုရင်တော့ အပြန်အလှန်တူယှဉ်လို့
မှန်ကန်ဖြူစင်တဲ့ အရည်အချင်းရှိသူတွေဟာ
အောက်ခြေကပိုးထိုး ခေါက်ရိုးကျိုးနေတဲ့ ဘက်လိုက်မှုများနဲ့
ထောက်ထားမှု့နိယာမတရားတွေကို
ခေါင်ဖျားကနေအရင်းထိတိုင် ဆွဲကိုင်လှုပ်ရမ်းခါချဖို့ရာအတွက်
ဦးခေါင်းခွံအောက်က  အခဲအစိုင် အဖြူအဆုပ်အဆုပ် တွေကို
ငါးဆယ်/ ငါးဆယ် လုပ်လို့ အားထုတ် ကြိုးစား နေကြပါတယ်အမေ။

မျိုးဆက်သစ် ညီငယ် ညီမငယ် တွေလည်း ကြိုးစားနေကြဆဲပါ
လဲသွားရင်ကျုံးထ ကျိုးတဲ့သူချီပိုး ကျိုးကျိုးကန်းကန်း ပြန်ဆက်လို့
အမှန်ဘက်ကို ခရီးဆက်နေကြပါပြီအမေ။

ငြိမ်းချမ်းပါစေအမေ ငြိမ်းချမ်းပါစေ….
လောလောဆယ်ဒုက္ခတွေကိုတော့
ပစ်တိုင်းထောင်တစ်ရုပ်လိုသာ အမေပမာပြုလို့
ဘယ်နေရာ ဘယ်သောင်စပ်မှာဖြစ်ဖြစ် ထောင်မတ်လျှက်ပဲ ရှိနေပေးပါအမေ
သားတို့တတွေ လက်ချင်းတူယှက်ကြိုးစားလို့ ပန်းတိုင်ရောက်လာတဲ့ တစ်နေ့
ပုဂံ ၊ အင်းဝ ခေတ်က အကိုကြီးတွေလက်ထက်မှာလို
ရန် တွင်း/ ပ  အဆက်ဆက် အောင်နိုင် ၊ အခက်အလက်တွေ ခေါင်တိုင်ဝေဖြာလို့
သားတို့ရဲ့အမေ မြန်မာပြည်ကြီး စိန်ရွှေငွေ အလွယ်သီး
တစ်ကယ်ထီး တကယ်နန်းနဲ့
ကမ္ဘာ့အလယ်မှာ  အလှမပြယ်ပဲ တင့်တယ်နိုင်စေမှာပါ
အမေဆိုတဲ့ အမိမြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ သာယာပါစေ
ငြိမ်းချမ်းပါစေ မြန်မာပြည်။
*******

ပြိုင်ပွဲဝင်ဆု ရွှေးချယ်သူများမှာ

ဆရာသင်းခိုင် ပျဉ်းမနား

ဆရာငြိမ်းစိုးဦး လပွတ္တာ

ဆရာကြည်နိုင် လပွတ္တာ

ဆရာ မောင်နိုင်လင်း ကောလင်း

ဆရာ မင်းနဒီခ

ဆရာ သစ်ကို
မ..မ

တို့မှ ရွှေးချယ်စီစစ်ပေးထားခြင်းဖြစ်ပါတယ်။။
ပြိုင်ပွဲဝင်စာပေ၀ါသနာရှင်များနှင့် ကူညီ၍ ဆုရွှေးချယ်ပေးသော ဆရာတို့နှင့် စာဖတ်သူများအား
အထူးကျေးဇူးတင်ရှိပါတယ်..။

ဆုရွှေးချယ်ရာတွင် ချန်ထားပေးခဲ့ရသော စာပေကဗျာကောင်းများစွာပါဝင်ပါတယ်..

ထို့အတွက်လည်း ကျန်ရစ်သောကဗျာ ကလောင်ရှင်များနည်းတူ များစွာစိတ်ထိခိုက်ရပါတယ်..

ဆရာကြီးများနှင့်မ..မ မှ

ကဗျာကောင်းများစွာ ဖတ်ရှိခွင့်ရတဲ့အတွက်လည်း

 ပြိုင်ပွဲဝင်သူ ကဗျာရှင်များအား လေးစားနေပါတယ်..

စာပေချစ်ခင်မြတ်နိုးသူ
ပြိုင်ပွဲဝင်ကဗျာများအပေါ် ဒိုင်အဖွဲ့ သုံးသပ်ချက်များ

ငြိမ်းချမ်းပါစေ မြန်မာပြည် ဟူသောခေါင်းစဉ်ဖြင့် ရေးဖွဲထားသော ကဗျာ(၄၁)ပုဒ်ကို ဖတ်ရှုခဲ့ရပါတယ်။
ကာရန်ပါ ရှေးဟောင်းကဗျာရေးဟန်များမှ ယနေ့ခေတ် စကားပြေကဗျာများအထိ
အမျိုးအစား စုံလင်စွာ ပါရှိတာကို တွေ့ရပါတယ်။
.ရေးထုံးအမှားများကတော့ ကဗျာတိုင်းလိုလိုမှာ တွေ့နေရတဲ့အတွက် မဖော်ပြတော့ပါ။

၁။ စကားပြေဟန် ဆုတောင်းစာမျှသာ

၂။စကားပြေဟန် အချက်အလက်အားနည်း

၃။လင်္ကာဟန် ကာရန်ပျက် ၊ အဓိပ္ပါယ်အားနည်း

၎။ လင်္ကာဟန် (၂ )ပါဒသာ ကာရန်ယူ - ကာရန်ပျက်

၅။ စကားပြေဟန် ဆွဲဆောင်မှု့အားကောင်းသော ဖွဲ့ဆိုပုံ အားနည်း

၆။ အချိုးကဗျာ အချီသံ အချသံများ စနစ်တကျ သုံးစွဲမှု မပိုင်နိုင်။သတ်ပုံများမှား

၇။စကားပြေဟန် စစ်၏ ဆိုးကျိုး ဖော်ပြနိုင်သော်လည်း ယင်ကောင်နိုင်ဆေးအတွက် အဖြေရှာမရခဲ့။

၈။စကားပြေဟန် ဒေါ်စုကို သိပါစေဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ပါ ဆိုပြီးပြောပြနေဟန်ဖြစ်။ ပုဂ္ဂိုလ်ရေးမျှသာ

၉။  ကာရန်ချိတ်စကားပြေဟန် ၊ ဆွေးနွေးအဖြေရှာရန် တိုက်တွန်းနိုင်ခဲ့

၁၀။ စကားပြေဟန် မျက်မှောက်ခေတ်မြန်မာပြည်သည် တင့်တယ်လှပ ဂုဏ်ယူစရာကောင်းခဲ့ပြီ ဟု ကြွေးကြော် မှု့သာဖြစ်

၁၁။ကာရံချိတ်စကားပြေဟန် အပြစ်တင်နိုင်ယုံသာ

၁၂။ ကာရံချိတ် စကားပြေဟန် စကားအလှပါသော်လည်းကဗျာတို၍ ထိမိမှုအားနည်း

၁၃။ကာရန်ချိတ် စကားပြေဟန် နယ်ချဲ့အမွေအနှစ် ပြည်တွင်းစစ်ဘေးရန်ကြောင့်ဟုသာဖော်ပြနိုင်

၁၄။လင်္ကာဟန် ကာရန်ပျောက်

၁၅။ စကားပြေဟန် ၊ အချိတ်အဆက်မိမိ၊ ကျစ်ကျစ်လျစ်လျစ်နဲ့ သံပြိုင်ဆုတောင်းနိုင်

၁၆။  လင်္ကာဟန် ၊ သမိုင်းအခြေခံ၍ သတိလွတ်ကင်း အပြိုင်ကို နေ့ချင်း ညချင်း ရပ်နိုင်ရန်

၁၇။  လင်္ကာဟန် ၊ ရေးထုံးအမှား မရှိ၊ မောင်နှမတို့ ငြိမ်းချမ်းစေရန် ရည်သန်နိုင်ခဲ့

၁၈။ စကားပြေဟန် ၊ ဖြစ်ရပ်မှန် အခြေခံ မှတ်တမ်းကဗျာဟာ ရင်နင့်စရာ

၁၉။  ကာရန်ချိတ်စကားပြေဟန် ၊ မျက်မှောက်ကို စကားလှလှဖြင့်ထင်ဟပ်နိုင်

၂၀။ကာရန်ချိတ်ဆက် စကားပြေ ငွေတာရီ နှင့် နောင် ကို မှားယွင်းဖော်ပြ

၂၁။  အချိုးဟန် ၊ နဘေ နှင့် စ ၊ လေးဆစ် တတိယအချိုးမှာ နဘေကပ်၍ အဖြေကို ရှာနိုင်ခဲ့

၂၂။ စကားပြေဟန် ဆွဲဆောင်မှုအားကောင်းသော ဖွဲဆိုပုံ အားနည်း

၂၃။ ကာရန်ချိတ်စကားပြေဟန် ၊ သမိုင်းနှင့် မျက်မှောက်အခြေအနေကိုလှပပြေပြစ်စွာဖွဲ့နိုင်

၂၄။  ကာရန်ချိတ် စကားပြေဟန် သမိုင်းခေတ်ပြဆို၍ အကောင်းဘက်သို့ဦးတည်ရန်ညွန်းဆိုဖော်ပြနိုင်

၂၅။ စကားပြေဟန် ရေးဖွဲ့မှုကျစ်လစ်သော်လည်း အားထုတ်မှုလိုအပ်နေ

၂၆။ စကားပြေဟန် ဆိုလိုရင်းမပေါ်လွင်ဘဲ ဝေ့လည်လည်ဖြစ်နေ

၂၇။ လင်္ကာဟန် ကာရန်မပိုင်နိုင်မှု ဝေါဟာရ အားနည်းမှုများရှိ

၂၈။ အချိုးဟန် စုတ်သပ်ရင်း တောင်းဆိုသံမျှသာ

၂၉။ ကာရန်ချိတ်ဆက်စကားပြေဟန် ကျစ်လစ်ထိရောက်မှုအားနည်း

၃၀။လင်္ကာဟန် ကာရန်ပျောက် ကျစ်လျစ်မှုအားနည်း

၃၁။ကာရန်ချိတ်ဆက်စကားပြေဟန် ကျစ်လျစ်ထိရောက်မှုအားနည်း

၃၂။စကားပြေဟန် စကားလုံးများဖြင့် အလှဆင်နိုင်သော်လည်း လူမှုစီးပွားပိုင်းအားနည်း

၃၃။အချိုးကဗျာ များသူတကာ ကျွန်ဖြစ် ။ .. နင်းအုပ်လို့ပြား။ … စသည်ဖြင့် အချိုးပျက်

၃၄။ စကားပြေဟန် ၊ ကာလ သုံးပါးနှင့် ကမ္ဘာနှင့် မြန်မာကိုယဉ်တွဲ အဖြေပေးနိုင်ခဲ့။

၃၅။ စကားပြေဟန် ယုံကြည်ဖို့ခက်တဲ့ပုဒ်စာ ဦးတည်ပုံဖော်နိုင်မှုအားနည်း

၃၆။ စကားပြေဟန် ၊ မီးစတမှုတ် ရေတမှုတ် စကားအမှားကြောင့် အားနည်းခဲ့

၃၇။ စကားပြေဟန် သရော်လွန်ကဲသွား

၃၈။လင်္ကာဟန် အာဇာနည် … ဒေါင်းမျိုးဆက်တို့ စသည်ဖြင့် ကာရန်ပျက်

၃၉။မိတ္တီကန် ဟော .. သမိုင်းရာဇ၀င် အမှားများနှင့် မျှော်လင့်မှုသာ ဖော်ပြနိုင်။

၄၀။ လေးချိုး အချိုးမညီခဲ့ပါ။ ဒုတိယပိုဒ်တွင် ဗြောင်းဆန်အောင် အရူးစရိုက်နဲ့ မမိုက်ကြစေဖွယ်။

တတိယအပိုဒ်တွင် ဥပမာ ဘယ်ပုံ ပေးရမယ်ကွယ် … ထုစရာ ပေခုံကြီးဘ၀။ 
စသည်ဖြင့် ပြင်ရပါလိမ့်မယ်။
၄၁။ စကားပြေဟန် အချိုးဟန် ရေးလိုသကဲ့သို့ ထင်စရာ …..

ကဗျာများကို ဤသို့ ဆင်ခြင်သုံးသပ်ပေးလိုက်ပါတယ်။

အသေးစိတ်စိစစ်ချက်များကို အခြေအနေအရ ရေးမပေးနိုင်ပါ။

အကြံပြုချက်။ ။

ပြိုင်ပွဲ ပိတ်ရက်ပြီးမှ ပြိုင်ပွဲဝင်စာမူများကို အများသို့ တပြိုင်တည်းဖော်ပြသင့်ပါတယ်။
ကဗျာအတွက် စာကြောင်းရေ ကန့်သတ်ရန်လည်း လိုပါမယ်။
အကဲဖြတ်ရမည့် အချိန်ကိုလည်း လုံလောက်စွာ ရှိစေသင့်ပါတယ်။

ဤသည်မှာ ငြိမ်းချမ်းပစေ မြန်မာပြည် ကဗျာပြိုင်ပွဲအတွက် ကျွန်တော် ငြိမ်းစိုးဦး၏ အကဲဖြတ်ချက်မျှသာ ဖြစ်ပါတယ်။

ငြိမ်းစိုဦး

သိတတ်လို့ တတ်သိပြီး သတ္တိတွေ တိုးပါစေ …
ငြိမ်းချမ်းမှုများစိုးမိုးလျှက် ပညာဖြင့် ဦးဆောင် နိုင်ကြပါစေ …

ပြိုင်ပွဲဝင်ဆု ရွှေးချယ်သူများမှာ
ဆရာသင်းခိုင် ပျဉ်းမနား
ဆရာငြိမ်းစိုးဦး လပွတ္တာ
ဆရာကြည်နိုင် လပွတ္တာ
ဆရာ မောင်နိုင်လင်း ကောလင်း
ဆရာ မင်းနဒီခ
ဆရာ သစ်ကို

မ..မ

တို့မှ ရွှေးချယ်စီစစ်ပေးထားခြင်းဖြစ်ပါတယ်။။

ပြိုင်ပွဲဝင်စာပေ၀ါသနာရှင်များနှင့် ကူညီ၍ ဆုရွှေးချယ်ပေးသော ဆရာတို့နှင့် စာဖတ်သူများအား
အထူးကျေးဇူးတင်ရှိပါတယ်..။

ဆုရွှေးချယ်ရာတွင် ချန်ထားပေးခဲ့ရသော စာပေကဗျာကောင်းများစွာပါဝင်ပါတယ်..

ထို့အတွက်လည်း ကျန်ရစ်သောကဗျာ ကလောင်ရှင်များနည်းတူ များစွာစိတ်ထိခိုက်ရပါတယ်..

ဆရာကြီးများနှင့်မ..မ မှ

ကဗျာကောင်းများစွာ ဖတ်ရှိခွင့်ရတဲ့အတွက်လည်း

  ပြိုင်ပွဲဝင်သူ ကဗျာရှင်များအား လေးစားနေပါတယ်..

0 comments:

Post a Comment