Pages

Sunday, November 3, 2013

ငြိမ်းချမ်းပါစေ မြန်မာပြည် ပြိုင်ပွှဲဝင် ကဗျာ များ


   ငြိမ်းချမ်းပါစေ မြန်မာပြည်(၃၉)

*မနောမြေမှာ မနောပွဲကို
ကျည်ဆိုးထိုးသံတွေနဲ့
မျက်ရည်တွေရွှဲ
နွှဲနေရတယ်။

*ရှေ့ရိုးမတောင်တန်းဆီမှ
ဒို့ဖခင်အာဇာနည်ရဲ့
ပင်လုံငြိမ်းချမ်းတေးသံကို
ရှမ်းအိုးစည်နဲ့
တင်းပြည့်ကျပ်ပြည့် ငြိမ်းချမ်းရေး
လိုလားမှုဆန္ဒတွေနဲ့
တီးခတ်နေကြတယ်။

*နောက်ရိုးမတောင်လေး
ရဲရဲနီလို့စွေးနေတဲ့ကြားက
ငြိမ်းချမ်းချိုးငှက်ပျံသန်းပါစေလို့
ကျိတ်မှိတ်ကာဆုတောင်းနေရတယ်။



*မြေလျှိုးမိုးပျံဂါထာနဲ့
အပ်ချလောင်းလုပ်ပြီး
အစဖျောက်ခံရတဲ့ ကြေးနီတောင်…
ရင်ထဲမချိနာလို့ လက်ပံတောင်းတောင်မှာ
ရွှေဝါရောင်တွေ
ငြိမ်းချမ်းဖို့ ကြိုးစားရင်း မျှော်လင့်ရင်း
မျက်ရည်ယိုဗုံးဝဲပျံလို့
ရွှေဝါရောင်တွေနီမြန်းသွားရသလို
ပြည်သူ့နှလုံးမှ
ယိုစိမ့်ပေါက်ကွဲလာတဲ့
မျက်ရည်တွေလည်း
မင်းတို့သုံးတဲ့မျက်ရည်ယိုဗုံးထက်
ပိုနီစွေးလွန်းသွားရပါတယ်။



*မိတ္ထီကန်မှာ
အယူသည်းအစွန်းရောက်ငြင်းပွားချက်တွေက
ကန်ရေကိုဆူပွက်ရင်း
အေးမြတဲ့ငြိမ်းချမ်းရေး
အငွေ့ပျံ မျက်ကွယ်ပြုခံနေရတယ်။

*ဘာသာတရားက ထေရ၀ါဒ
မေတ္တာတရား ဗြဟ္မာစိုရ်တရား
လက်ကိုင်ထားတယ်ဆိုပေမယ့်
အနာဂတ်ရဲ့အားသစ်လေးတွေ
ခြောက်အိပ်မက်တွေနဲ့ ကြီးပြင်းနေရတယ်။

*အနာဂတ်တွက် ဖူးပွင့်လာမယ့်ပန်းလေးတွေ
အသိပညာခံယူရမှုမှာ
သုညအောက် အနုတ်ဒီဂရီထိကျဆင်းနေတဲ့
အေးခဲပညာနဲ့ထိတွေ့နေတော့
အနာဂတ်အတက်တွေအညွှန့်တွေအဖူးတွေ
ငြိမ်းချမ်းနေခြည်လန်းဖြာပြီး
ငြိမ်းချမ်းရေစင်လောင်းပေးဖို့လိုနေပါပြီ။

*နစ်နေတဲ့ပြည်သူတွေ
ရွှေရည်စိမ်ငြိမ်းချမ်းရေးမက်လုံးတွေနဲ့
ဝါးကူထိုးခံနေရတယ်
မုန်တိုင်းအလွန် ရောင်နီသန်းမှာကိုသိတဲ့
မျှော်နေသူ ပြည်သူတွေ
ငြိမ်းချမ်းအစစ် လက်တစ်လုံးခြားလုပ်ခဲ့နေရတယ်။

*အတ္တကိုရှေ့တန်းတင်တဲ့
ခရိုနီတွေ၊ ခေတ်သစ်ချစ်တီးတွေရဲ့
ပေါ်တင်ခေါင်းပုံဖြတ်ခံရ
ဘနဖူးသိုက်တူးခံရတာတောင်
ပြည်သူတွေအပြုံးမပျက်ဘူး
အတ္တကိုဦးထိပ်ရွက်ပြီး
အမျိုး ချစ် ဆောင်ပုဒ်တွေနဲ့
တိုင်းပြည်ကသူတို့ပြုသမျှနုနေရတာ
ပြည်သူတွေလည်းမြေစာပင်အဖြစ်ကကို
မတိုးတက်လာသေးဘူး။

*ဟော…သမိုင်းရာဇာဝင်ကိုပြန်လှန်လှောကြည့်
ညစ်ထေးထေးသမိုင်းရာဇာဝင်ရဲ့
စာမျက်နှာတော်တော်များများမှာ နေရာယူထားကြတာ
ကိုယ့်ကျိုးအတွက် ကိုယ့်ဖက်ကိုယ်ယက် လိပ် စာမျက်နှာ……
ကိုယ့်အာဏာတွက် တစ်ကောင်တက်ရင်တစ်ကောင်ဆွဲချ ဂဏန်း စာမျက်နှာ…..
ကိုယ်လိုချင်တာတွက် အကွက်ချ ဖား စာမျက်နှာ…..
ကိုယ်နေရာမြဲဖို့တွက်ခေါင်းလေးညိတ်လိုက်အရောင်လေးပြောင်းလိုက်နဲ့ ပုတ်သင်ညို စာမျက်နှာ…

ဒီလို ဒီလိုနဲ့
ရာဇ၀င်သမိုင်း
မရိုင်းချင်ပဲရိုင်းနေကြ မမှိုင်းချင်ပဲမှိုင်းနေကြ။
*ငြိမ်းချမ်းရေးတွက်
ရာဇ၀င်သမိုင်းစာမျက်နှာမှာတော့နီစွေးစွေးနဲ့
ငြိမ်းချမ်းလိုမှုဆန္ဒရနံ့တွေ
လှန်လိုက်တိုင်းသင်းပျံ့လွင့်နေဆဲ
အသည်းနင့်အောင်ရင်နာခဲ့ရတဲ့သမိုင်းစာမျက်နှာတွေ
၁၈၈၅၊ ၁၉၂၀၊ ၁၃၀၀ မှာသမိုင်းတွင်ဖြစ်ရပ်တွေ…
၁၉၄၇ က ငြိမ်းချမ်းဗိမာန်ရှင်တွေ လမ်းပြရင်းကြွေလွင့်ရတာတွေ…
၁၉၆၂၊ ၁၉၇၄-၇၅ က အထင်ကရသမိုင်းတွေ…
ယုံကြည်ချက်နဲ့ဆက်လက်ပျံသန်းနေဦးမယ့်
၁၉၈၈ ချိုးငှက်တွေရဲ့အသက်စတေးပွဲတွေ…
ဒီသမိုင်းစာမျက်နှာတွေမှာ ငိုသံတွေမတိတ်သေးဘူး
ငြိမ်းချမ်းအစစ်ရှာဖွေရင်း ဒီစာမျက်နှာတွေမှာ
ဒေါင်းပျိုမယ်လေး သွေးစိမ်းထွက်လျက်
သွေးမျက်ရည်နဲ့ သမိုင်းကို ကမ္ဗည်းတင်ခဲ့ရတယ်။

*ရောင့်ရဲ၊ သည်းခံ၊ အကောင်းမြင်တတ်တဲ့
ဒေါင်းပျိုမေတွင်း မှီတင်းနေထိုင်ကြပါသော
တောင်ပေါ်မြေပြန့် ဤမြေသားတို့မှာ
ငြိမ်းချမ်းစွာနေထိုင်ရမယ့် နေ့တစ်နေ့
ငြိမ်းချမ်းရောင်ခြည်သမ်းမယ့် နေ့တစ်နေ့
ငြိမ်းချမ်းအစစ်ရောက်ရှိပျံသန်းလာမယ့် နေ့တစ်နေ့
ချိုးငှက်တွေငြိမ်းချမ်းတေးသံသီဆိုမယ့် နေ့တစ်နေ့
သံလွင်ခက်တွေ မြန်ပြည်တွင်း ပျံလွင့်လာမယ့် နေ့တစ်နေ့
မျှော်လင်းရင်း တစ်ခုသောဆန္ဒ
ဘ၀ဂ်ညံအောင် တောင်းဆုပြုနေကြသည်မှာ
" ငြိမ်းချမ်းပါစေမြန်မာပြည်" ။ ။ ။

ငြိမ်းချမ်းပါစေ မြန်မာပြည်(၄၀)

" ကမ္ဘာမှာ မြန်မာဟေ့ " ရယ်လို့ ခေါင်စံနေရာ ပြောင်းလိုမိပါမှ
မသကာပေါင်လှန်ကာ ထောင်းရပေတော့မယ်
ပေါင်နှံခွာ ရောင်းဖို့အလွယ် မရှိတဲ့ဘ၀ဟာမို့
ထောင်ဒဏ်သာ ကောင်းဖို့တကယ်ထင်မိပါရဲ့
အောင်သံမှာ ဒေါင်းအလံစိုက်လို့ရယ်
အလိုက်မသိသမျှ တွယ်
ဟယ် ... ငါ့နှယ် ... အရွယ်ကြီးမှ မိုက်မိရတယ် ။

အို ... ဘာမထီ ဇာနည်သွေးပါကွဲ့
မကြာမီ လာမည်တွေးကြောက်မိရုံနဲ့
ဗလာချီ စာစီရေးဖွဲ့ခက်ရော့ထင့်
ဖက်ပေါက်နှင့် ဆူး ဖြစ်အင်
ထူးတထွေ ချစ်ကြင်လို့မရစကောင်း
အလောင်းကောက် စစ်မြေမြင် အရူးပင် မထွက်ချင်တာကတစ်ကြောင်း
သုတ်ခြေတင် အထုပ်ပြင်ကာ ပြေးမိပြေးရာ ပြေးသွားရရှာတဲ့
ဝေးတမြေ တနယ်ခြားဆီမှ
ဆွေးမပြေ ညီနောင်များတို့ရယ်
ဘယ်တောင်ကြားမယ် ပုန်းကာအိပ်ရတယ်
ဘယ်အမှောင်နားဝယ် ရှိုက်ငိုကြွေးကြမယ်
တွေးလေလေ ဆွေးမပြေ လှိုက်ဖိုမောရသမျှ
ပြောပြချင် စကားစပင် ရှာမရတာမို့
သနားပါ့သခင်
စကားလှပလ္လင်ခံ စေတနာရှေ့ထားပါလို့
ဖားဘ၀ သွင်သဏ္ဍာန် မြေစာများကိုလ
မမျှမတ ဝေဒနာတွေ အထပ်ထပ်မပေးပါနဲ့တော့ရယ်ဟု
မတ်တပ်မှ ယခုပင်ဒူးထောက်ငိုက်
ဦးအောက်စိုက် ရိုကျိုးကာပ
ဂျို(ချို)ဆိုးကိုင် တောင်းပန်ကတော့လိုက်တယ်
ဗြောင်းဆန်အောင် ရူးသလောက်ထပ်မမိုက်ကြစေဖို့ရွယ် ။

ကမ္ဘာ့မြေ ပရ၀ုဏ်တွင်းမှာလ
မြန်မာ့မြေ ပုံအဆင်းရယ်က အဓိကရုဏ်းကိုတဲ့ ခေါင်းမှာပန်
မဟန်ပုံ ဂုဏ်သတင်း
အကြံကုန် ဂဠုန်ချက်တဲ့ ဆားတွေနဲ့
ခြံအခုန် အကျန်ဖျက်မယ့် နွားတွေနဲ့
ရန်အစုံ စုကာဝေးတာကြောင့်
ဥပမာပုံ ဘယ်သော်ပေးရပါ့
သြော် ... ထုစရာ ပေခုံကြီးဘ၀ ။

သက်သေတည်တိုင်ကြား
မိုးမြေသိစေသားရယ်လို့
မျက်ရည်များနဲ့ တောင်းဆုခြွေ
ဝေလိုသည် စိမ်းစိမ်းလန်းလန်း
ကြွေလိုသည် ငြိမ်းငြိမ်းချမ်းချမ်း
ရွှေသဇင်ပန်းနှယ် ၀တိံဘုံနန်း မလှမ်းနိုင်ရှိစေတော့
ငွေခရေပန်းနှယ် မြေမဟီစခန်း သင်းကြိုင်လန်းချင်သေးသမို့
တို့ဌာနီ အကြွေပန်းကိုလ
မျိုးဇာနည် သခင်အောင်ဆန်းရယ်က
ရွှေရောင်တစ်ခေတ်လွှမ်းအောင် ပြုခဲ့သလိုပ
ငွေပြည်ထောင် တစ်ခေတ်လန်းအောင် ဘယ်သို့ဘယ်ပုံဘယ်သူက ပြုပါချိမ့်ရယ်လို့
လူးလှိမ့်လို့ ကံကိုယုံ ဘယ်သူပင်ဆုတောင်း
ကယ်သူလျှင် မရှိပါဘု
အရွယ်တူလျှင် နပန်းသာဖက်လုံးလိုက်ချင်ရဲ့ ဆိုးလိုက်တဲ့တို့ " ကံ "
တိုးမိုက်တဲ့ ဘုရင်ခံတွေရဲ့
ခိုးနှိုက်တဲ့ ကလိမ်ဥာဏ်တွေကြောင့်
အချိန်တန် နွားပိန်ကန်မလွှတ်နိုင်သေးသမျှ
အနှိမ်ခံ ဖွတ်ကျောပြာစုလာရတဲ့ ဘ၀မယ်
ကွယ် ... ပြည်သူသာ ပွတ်ထိုးခံခဲ့ရ ။ ။

********


ငြိမ်းချမ်းပါစေ မြန်မာပြည်(၄၁)

ပြည်သူတွေ မရွှင်နိုင်ဘူး
ငိုမျက်ရည် ဖုံးလို့ မှိုင်
သောက,ကလှိုင် ဝမ်းမဝလို့ ငိုင်
လူနှင့်လူချင်း အချင်းချင်း
သူ့ သတ်ကိုယ့်သတ် အတောမသတ်
စစ်မက်တွေပွား ဘယ်တော့မှ
မအေးနိုင်
အိမ်မဲ့ရာမဲ့ အသိုက်ပျက်
အပြစ်မဲ့သူ သွေးစီးလို့ စီး
သည်ဘေးကြီးကိုဖြင့်
မလိုချင်သော်လည်း
ရောက်လို့ လာ သည်စစ်မီးကြီး
ငြိမ်းပါစေသား။
ကမ္ဘာမယ် မြန်မာပြည်
အေးချမ်းစေဖို့ 
ဒို့ ပြည်သူညီအကိုများ
စည်းလုံးလို့ ညီ
မြစ်ဧရာ ပမာထားပါလို့ 
စုပေါင်းကာ စီးကာကျတယ်
မြစ်မင်းတဲ့လား။
ကချင်၊မွန်၊ရခိုင်၊ရှမ်းရယ်နဲ့ 
ဒို့ သွေးသား ပေါင်းစုကာတည်
ဒို့ ပြည်ရွာ အေးချမ်းသာလို့ 
ကမ္ဘာဝယ် မြန်မာရယ်
အစဉ်ရှိရအောင်
ဒို့ သွေးသား စည်းလုံးရင်ဖြင့်
ဒို့ မြန်ပြည် အေးချမ်းလိမ့်မယ်
ငြိမ်းချမ်းပါစေသား။

ငြိမ်းချမ်းပါစေ မြန်မာပြည် ကဗျာ စာမျက်နှာများ
http://www.apahuyaung.org/group/apahuyaung/page/sky


  

အဖြူရောင်အားမာန်အွန်လိုင်းမိသားစု

ငြိမ်းချမ်းပါစေ မြန်မာပြည်  ပြိုင်ပွှဲဝင် ကဗျာ များ

ငြိမ်းချမ်းပါစေ မြန်မာပြည် ကဗျာ စာမျက်နှာများ

 http://www.apahuyaung.org/group/apahuyaung/page/sky


0 comments:

Post a Comment