Pages

Sunday, July 18, 2010

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း


ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း

မကွေးခရိုင် နတ်မောက်မြို့၌ ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို ဖွားမြင်ခဲ့သည်။ ကျေးလက်ပိုင်းရှိ ကြေးရည်တတ် လူကုံထံ မျိုးရိုးမှ ဆင်းသက်သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဘိုးဘေးများသည် ထင်ရှား ကျော်ကြားသော မျိုးချုစ် ပုဂ္ဂိုလ်များ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပထမဦးစွာ နတ်မောက်မြို့ မြန်မာ အထက်တန်းကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြား၍ အင်္ဂလိပ်စာပေ၊ ခေတ်မီသမိုင်းနှင့် နိုင်ငံရေးသိပ္ပံ ဘာသာများကိုယူကာ ဝိဇ္ဇာတန်းကို အောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင်ပင် ဥပဒေတန်းကို တက်ရောက် သင်ကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အစောပိုင်းကာလ ပညာရေး ခရီးလမ်းသည် ဆုတံဆိပ်များ၊ ပညာသင်ဆုများ ဆွတ်ခူးနိုင်ခြင်းဖြင့် တောက်ပြောင်မှု ရှိခဲ့သော်လည်း တက္ဗသိုလ်သို့ ရောက်ရှိလာချိန်တွင်မှု တိုင်းပြည်တဝှမ်းလုံး၌ ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် နိုင်ငံရေး စိတ်ထက်သန်မှုနှင့် နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်လာခြင်းကြောင့် ပညာရေး ခရီးလမ်းမှာ မဖြောင့်ဖြူးဘဲ ဖြစ်ခဲ့ရသည်။ ကျောင်းသားတို့၏ ရပိုင်ခွင်များ၊ မကျေနပ်ချက်များ အတွက် လှုံ့ဆော်သောကြောင့် တက္ကသိုလ်မှ ထုတ်ပစ်မည် ဟူ၍ နှစ်ကြိမ်တိုင်တိုင် ခြိမ်းချောက် ခံခဲ့ရသည်။ အကယ်အားဖြင့်လည်း ရန်ကုန် တက္ကသိုလ်မှ သုံးနှစ်တာမျှ ယာယီ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ဤသို့ ထုတ်ပယ်ခံရခြင်းသည် ၁၉၃၆ ခုနှစ် အစောပိုင်း၌ တပြည်လုံးနှံ့ ကျောင်းသား သပိတ်ကြီး မှောက်ခဲ့ရမှု၏ လောလောဆယ် အကြောင်းရင်း တရပ် ဖြစ်သည်။ ယင်းကျောင်းသား သပိတ်ကြီးတွင် သူသည် ထင်ရှားသော ခေါင်းဆောင် တဦး ဖြစ်ပေသည်။ ယင်းသပိတ်ကြီးကြောင့် တနှစ် ပညာသင် ပျက်ခဲ့ရသည်။


ရန်ကုန် တက္ကသိုလ်တွင် ပညာသင် နို့သောက်စို့ရင်း သူသည် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ် လည်းကောင်း၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ဗဌနှင့် ဥက္ဗဌ အဖြစ်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို စတင် ထူထောင်သူ တဦးနှင့် ဥက္ကဋ္ဌ အဖြစ် လည်းကောင်း အထူးထူးသော ကျောင်းသား အဖွဲ့အစည်းများ၌ ပါဝင် ဆောင်ရွက်ခဲ့သည်။ ကျောင်းသား အဖြစ်ဖြင့်ပင် ၁၉၁၈ ခုနှစ် အစောပိုင်းတွင် အစိုးရက ခန့်အပ်သော ယူနီဗာစီတီ အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီ၌ အခြား ကျောင်းသား ကိုယ်စားလှယ် တဦးနှင့်အတူ ပါဝင်ခဲ့ပြီး ယူနီဗာစီတီ အက်ဥပဒေကို အတော်အတန် တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းအက်ဥပဒေကို မြန်မာပြည် ဥပဒေပြု ကောင်စီက ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းအက်ဥပဒေကို ၁၉၂၀ ခုနှစ်နှင့် ၁၉၃၆ ခုနှစ်တို့တွင် ပေါ်ပေါက်ခဲ့သည် ပြည်လုံးနှံ့ ကျောင်းသား လှုပ်ရှားမှုများနှင့် သပိတ်မှောက်မှုများ၏ ရေသောက်မြစ်ပင် ဖြစ်ပေသည်။ သူသည် တက္ကသိုလ် ကျောင်းသား ဘဝတွင် အင်္ဂလိပ် သတင်းစာ၊ မြန်မာ့ သတင်းစာများသို့ ဆောင်းပါးများ ပေးပို့ခဲ့သည်။ ထို့ပြင် ထိုစဉ်က ဗမာပိုင် ဗမာဦးစီး၍ အင်္ဂလိပ်ဘာသာဖြင့် ရက်သတ္တပတ်လျှင် သုံးကြိမ် ထုတ်ဝေသော အမျိုးသား စာစောင်ဖြစ်သည့် 'နယူးဘားမား' ဂျာနယ်၏ အယ်ဒီတာ အဖွဲ့တွင်လည်း အတန်ကြာ ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်၊ အောက်တိုဘာလတွင် သူသည် ဥပဒေတန်း တက်နေရာမှ ရုတ်တရက် ချက်ခြင်း ရပ်ပစ်လိုက်သည်။ ထိုသို့ ရပ်ပစ်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင် ထိုစဉ်က တခုတည်းသော တက့်ကသည့်၊ အမျိုးသားစိတ် ပြင်းပြသည့် နိုင်ငံရေး ပါတီ ဖြစ်သော ဒို့ဗမာ အစည်းအရုံး (သခင်) ၌ ပါဝင်၍ အမျိုးသား လွတ်လပ်ရေးတည်း ဟူသော မျိုးချစ် လုပ်ငန်း အတွက် အလုပ်အကျွေး ပြုရန် ဖြစ်ပေသည်။


သူသည် ယင်းနိုင်ငံရေး ပါတီတွင်းသို့ ဝင်ရောက်ချိန်လောက်မှ စ၍ ၁၉၄၀ ခုနှစ်၊ သြဂုတ်လတွင် အဖမ်းမခံဘဲ တိုင်းပြည် လွတ်လပ်ရေး အတွက် ဆက်လက် တိုက်ပွဲဝင်ရန် မြေလျှိုး သွားသည် အထိ ယင်းပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ထမ်းရွက်ခဲ့သည်။ သူသည် သခင် ခေါင်းဆောင် တဦး အဖြစ် ၁၉၃၉ ခုနှစ် အစောပိုင်းတွင် ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရသည်။ ထိုစဉ်က ထုတ်ပြန်သော အစိုးရ ကျေညာချက် အဆိုအရ 'အစိုးရအား အကြမ်းဖက်၍ တွန်းလှန် ဖြိုချရန် လုပ်ကြံမှု' ကို ခေါင်းဆောင်သူ တဦးအဖြစ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ သို့သော် များမကြာခင်မှာပင် ပြန်၍ လွတ်လာခဲ့သည်။ သခင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး အဖြစ် သူအပြင်းအထန် လုပ်ခဲ့သည်မှာ သံသယ ဖြစ်စရာ မလိုပေ ဟူ၍ လည်းကောင်း၊ ဒို့ဗမာ အစည်းအရုံး (သခင်ပါတီ၏ တရားဝင် အမည်) အား ယခု လုပ်နေသည့် အဖျက်အဆီး အနှောင့်အရှက် လုပ်ငန်းမျိုးကို လုပ်ဆောင်နိုင်စေရန် ဖန်တီးခဲ့သူ သုံးဦး အနက် တဦးဖြစ်ပြီး၊ ပါတီ၏ အရေးကြီးသော ဆုံးဖြတ်ချက်နှင့် ပေါ်လစီပေါင်း များစွာကို ဖော်ထုတ်ရေး အတွက် တဝန်ယူခဲ့သည် ဟူ၍ လည်းကောင်း၊ ထိုစဉ်က အစိုးရ မှတ်တမ်းများ၌ ရေးသား ထားလေသည်။ ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး၏ အလုပ်အမှုဆောင် ကောင်မတီဝင် အဖြစ်လည်း ထမ်းဆောင်ခဲ့သည်။ ၁၉၃၉-၄၀ ခုနှစ် အတွင်း ဒေါက်တာ ဗမော်နှင့် အတူ၊ ဗမာ့ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်လိုကြသော ပါတီများ၊ အစိတ်အပိုင်များ စုစည်ထားသည့် ဗမာ့ ထွက်ရပ်ဂိုဏ်းကို ဦးဆောင် ဖွဲ့စည်းရာတွင် အဓိက ပုဂ္ဂိုလ် တဦး ဖြစ်သည်။ သူသည် ဗမာ့ ထွက်ရပ်ဂိုဏ်၏ အတွင်းရေးမှူး အဖြစ် မြေလျှိုး သွားခဲ့ရချိန် အထိ ထမ်းဆောင်ခဲ့သည်။ ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယ အမျိုးသား ကွန်ဂရက် ပါတီ၏ ဖိတ်ကြားချက် အရ ယင်းပါတီ၏ ရမ်းဂါး ညီလာခံသို့ တက်ရောက်သည့် သခင် ကိုယ်စားလှယ် အဖွဲ့ကို ခေါင်းဆောင်ခဲ့သည်။ ထို့နောက် အိန္ဒိယပြည်ရှိ ဝါယာ၊ ဗာရာဏသီ၊ အလ႞ာဟာဘတ်၊ အဂ္ဂရာ၊ ဒေလီ၊ ပက်ရှဝါ၊ ခိုင်ဘာတောင်ကြား၊ လာအို၊ အမ်ရစ်ဆာ အာမက်ဒဘတ်၊ ဘုံဘေနှင့် ကာလ်ကတ္တားမြို့တို့သို့ ခရီးလှည့်ခဲ့သည်။ အိန္ဒိယပြည်မှ ပြန်လာခဲ့ရပြီးနောက် မြန်မာပြည် အတွင်း၌ နယ်ချဲ့ ဆန်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး လုပ်ငန်းများ အပြင်းအထန် ဆောင်ရွက်ရင်း ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ကိုယ်စားလှယ် အဖြစ်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင် အဖြစ် ကာလ အတန်ကြာ ဆောင်ရွက်ခဲ့သည်။ သူ့အား ဖမ်းဆီးရန် ဝရမ်း ထုတ်လိုက်ရာတွင် သူသည် ဝရမ်းကို တိမ်းရှောင်ကာ မြေလျှိုးခဲ့သည်။ ဤသို့ ဝရမ်းထုတ်သည့် အတွက် လူငယ်တို့ အတွင်း၌ မငြိမ်မသက် ဖြစ်မှုများ ပေါ်ထွက် လာရသောကြောင့် နောင်အခါတွင် ဝရမ်းကို ပြန်လည် ရုပ်သိမ်း ခဲ့စေကာမူ သူသည် မြေလျှိုး၍ပင် ဆောင်ရွက် နေခဲ့သည်။


သူသည် တရုတ်ပြည် အမွှိုင်မြို့သို့ တိုင်းပြည် လွတ်လပ်ရေး တိုက်ပွဲ အတွက် အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်နှင့် အကူအညီ ရရှိရန် ထွက်ခွာ သွားခဲ့ပြီး၊ ယင်းမြို့ရှိ အပြည်ပြည် ဆိုင်ရာ ဒေသတွင် နှစ်လခန့် နေထိုင်ခဲ့သည်။ ထို့နောက် မြန်မာပြည်ရှိ ရဲဘော်များ၏ စီစဉ်ပေးချက် အရ၊ ဂျပန်နှင့် အဆက်အသွယ်ရကာ ဂျပန်တို့က လာရောက်၍ သူ့အား တိုကျိုမြို့သို့ ခေါ်သွားခဲ့သည်။ တိုကျိုမြို့တွင် သုံးလခန့် နေရပြီးနောက် ဂျပန်တို့ ပေးအပ်လိုက်သော စီမံကိန်းကို မြန်မာပြည်ရှိ ရဲဘော်များ သိရှိစေရန် ၁၉၄၀ ခုနှစ် အစောပိုင်းတွင် မြန်မာပြည်သို့ ပြန်လာခဲ့ရသည်။ များမကြာခင်တွင် သူသည် တိုကျိုသို့ ပြန်သွားခဲ့သည်။ မြန်မာပြည်တွင်း၌ တော်လှန် ထ့ကရေးကို ခေါင်းဆောင်နိုင်ရေး အတွက် ဂျပန်တို့၏ စစ်သင်တန်းသို့ တက်မည့် ပထမ အသုတ် လူငယ်တစုကို သူနှင့် တပါတည်း ခေါ်ဆောင် သွားခဲ့သည်။

၁၉၄၂ ခုနှစ် အစောပိုင်းတွင် သူသည် ဘန်ကောက်မြို့သို့ ရောက်ခဲ့ပြီး ဂျပန်တို့၏ အကူအညီဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ထိုမြို့၌ ဖွဲ့စည်းခဲ့သည်။ ဂျပန်တို့ မြန်မာပြည်ကို ဝင်ရောက် တိုက်ခိုက်သည့် အခါတွင် သူသည် ဂျပန်တို့နှင့် အတူ မြန်မာပြည်သို့ ချီတက် လာခဲ့သည်။ ဂျပန်ပြည်၌ ရှိစဉ်ကပင် သူနှင့် သူ့ရဲဘော်တို့သည် ဂျပန်တို့နှင့် ပဋိပက္ခ ဖြစ်ခဲ့ကြသည် ဖြစ်ရာ ဂျပန်တို့ မြန်မာပြည်တွင်းသို့ ချီတက် ဝင်ရောက်ခဲ့ပြီး၊ မြန်မာပြည်သူတို့အား ပို၍ ပို၍ နှိပ်စက်ကလူ ပြုလာချိန်တွင်မူ ပဋိပက္ခ ဖြစ်မှုသည် ပိုမို ပြင်းထန် လာခဲ့လေသည်။ သူသည် မြန်မာပြည်တွင်းသို့ ပြန်မဝင်ခင်နှင့် ဂျပန်တို့ ရန်ကုန်ကို သိမ်းပိုက် ပြီးချိန်တို့တွင် ဂျပန် ဆန့်ကျင်ရေး လုပ်ငန်းကို စည်းရုံး လုပ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း အထမမြောက်ခဲ့ချေ။ သို့သော် ဗမာ့ လွတ်လပ်ရေး တပ်မတော်တွင်း၌ ဂျပန် ဆန့်ကျင်ရေး စိတ်ဓာတ်များ ရှိနေကြောင်းကိုမူ တိုင်းပြည်က ကောင်းစွာ သိရှိ နေခဲ့ပေသည်။ ထိုအကြောင်းကြောင့် လည်းကောင်း၊ ထိုစဉ်က ဂျပန်စစ်ဗိုလ် ဦးစီးသော ဘီအိုင်အ၏ အာဏာသြဇာဖြင့် စစ်နောက်ပိုင်းတွင် ဖွဲ့စည်းခဲ့သော 'ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့' အချို့၏ အလွန်အကျွံ ပြုမှုတို့ကို ချက်ကောင်းယူကာ ဘီအိုင်အေ အပေါ် ဆန့်ကျင်သည့် နိုင်ငံရေး ရန်သူများ၏ မသမာသော အကြံအစည် ပြုမူချက်များကြောင့် လည်းကောင်း၊ ဘီအိုင်အေကို ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ တပ်အင်အားကိုလည်း လျော့ချခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်မှူးကြီး အဆင့်ဖြင့် ဗမာ့ ကာကွယ်ရေး တပ်မတော်ကို ကြီးမှူး ကွပ်ကဲ ခဲ့လေသည်။


၁၉၄၃ ခုနှစ်၊ မတ်လတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါက်တာဗမော်တို့သည် အခြားပုဂ္ဂိုလ် နှစ်ဦးနှင့်အတူ၊ တိုကျိုမြို့သို့ လာရောက်ရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းမှာ (မေဂျာဂျင်နရယ်) ဗိုလ်ချုပ်ကလေး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ ဂျပန်ဘုရင်နှင့် တွေ့ဆုံခဲ့ရပြီး၊ တတိယအဆင့် တက်နေတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရလေသည်။ တိုကျိုမြို့မှ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက်၊ တိုကျိုပြန်များအား ဂုဏ်ပြုသည့် ဧည့်ခံပွဲ တခုတွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်သို့ ရောက်ရှိလာတော့မည့် လွတ်လပ်ရေးသည် အနည်းနှင့် အများ အမည်ခံ လွတ်လပ်ရေး ဖြစ်လိမ့်မည် ဟူ၍ အရိပ်အ့မက်အားဖြင့် ပြောဆိုခဲ့သည်။ ထို့နောက် မြန်မာပြည် ကာကွယ်ရေးနှင့် သူကိုယ်တိုင် သေနာပတိ အဖြစ် ဆောင်ရွက်နေသော ဘီဒီအေတို့နှင့် ပတ်သက်သော ပြဿနာများကို တင်ပြရေး အတွက် လွတ်လပ်ရေး ပြင်ဆင်မှု ကော်မရှင်တွင် ပါဝင် ခန့်အပ်ခြင်း ခံရသည်။ ထိုနောက် မြန်မာနိုင်ငံအား လွတ်လပ်ရေး ပေးသည်ဆိုသော အခမ်းအနားတွင် သူသည် မေဂျာဂင်နရယ် (ဗိုလ်ချုပ်ကလေး) အဆင့်ဖြင့် စစ်ဝန်ကြီး ဖြစ်လာခဲ့ပြီး၊ လွတ်လပ်ရေး တနှစ်မြောက်သည့် နေ့တွင် ဂျပန်အစိုးရက အပ်နှင်းသော ပထမဆင့် ရတနာတံဆိပ်ကို အခြား ပုဂ္ဂိုလ်များနှင့်အတူ ရရှိခဲ့လေသည်။ သို့သော် ဗမာ့ လွတ်လပ်ရေး နှစ်ပတ်လည် အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းသည် အမည်ခံ ဗမာ့ လွတ်လပ်ရေးကို ဖွင့်ဟ တိုက်ခိုက်ရင်း၊ ဂျပန် ဆန့်ကျင်ရေး မိန့်ခွန်းကို ပွင့်ပွင့်လင်းလင်း မိန့်ကြားခဲ့လေသည်။ ထိုမိန့်ခွန်းသည် တိုကျိုမြို့ရှိ ဂျပန်အစိုးရ ရပ်ကွက်၌ပင် ဂယက်ရိုက် စေခဲ့သည်ဟု အဆို ရှိပေသည်။


၁၉၄၃ ခုနှစ်တွင် သူသည် ဂျပန် ဆန့်ကျင်ရေး၊ တော်လှန်ရေး လုပ်ငန်းကို စည်းရုံးရန် ထပ်မံ ကြံစည် အားထုတ်ခဲ့ရာ ၁၉၄၄ ခုနှစ်၊ သြဂုတ်လတွင် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်ကို အောင်မြင်စွာ ဖွဲ့စည်းနိုင် ခဲ့လေသည်။ ၁၉၄၄ ခုနှစ် အကုန်လောက်တွင် သူသည် မဟာမိတ် စစ်ဌာနချုပ်နှင့် အဆက်အသွယ် ရခဲ့သည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် သူသည် ဂျပန် စစ်ဝါဒီတို့အား တိတိလင်းလင်း တော်လှန်သည်။ တော်လှန်ရေး တိုက်ပွဲကို ရှေ့ဆောင်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလတွင် သူနှင့် လုပ်ဖော်ကိုင်ဖက် ပုဂ္ဂိုလ် ၁၀ ဦးသည် ကန္ဒီမြို့သို့ သွား၍ ဗြိတိသျှ ဦးစီးမှု အောက်ရှိ မြန်မာ စစ်တပ်နှင့် (ပီဘီအက်ဖ်) ခေါ် မျိုးချစ် ဗမာ့ တပ်မတော် (ထိုစဉ်က ဂျပန်ကို တော်လှန်သည့် မြန်မာတို့၏ တပ်မတော်အမည်) ကို ပူးပေါင်းရေး အတွက် သဘောတူ စာချုပ် ခဲ့ကြသည်။ ဗြိတိသျှ အစိုးရ၏ ကိုယ်စား လော့ဒီလူဝီမောင် ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးချုပ် အဆင့်ဖြင့် ဗမာ့ တပ်မတော် ဒုတိယ သေနာပတိချုပ် (ဒပျူတီ အင်စပက်တာ ဂျင်နရယ်) အဖြစ် ခန့်အပ်သည်။ သို့သော် သူသည် ရာထူးကို မိမိလက်ထောက် ပုဂ္ဂိုလ်များထဲမှ ပုဂ္ဂိုလ် တဦးအား ခန့်အပ်စေပြီး တိုင်းပြည် လွတ်လပ်ရေး အတွက် ဆက်လက် ကြိုးပမ်းရန် တပ်မတော်မှ ထွက်ခဲ့လေသည်။ ၁၉၄၅ ခုနှစ်၊ သြဂုတ်လတွင် သူသည် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ထိုနောက် တဖန် ကိုယ်စားလှယ် ပေါင်း ၁,၃၀၀ နှင့် စတင် ဖွင့်လှစ်သော နေ့တွင် လူထုပရိသတ် တသိန်းနီးပါး တက်ရောက်ခဲ့သော ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ၌ ကျင်းပသည့် ဖဆပလ အဖွဲ့ချုပ်၏ ပထမမြောက် ညီလာခံတွင် ဥက္ကဋ္ဌ အဖြစ်ပင် အရွေးခံရပြန်သည်။ ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလတွင် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ၌ ပါဝင် ဆောင်ရွက်ရေး အတွက် ပုဂ္ဂိုလ် ၁၁ ဦး၏ အမည်ကို တင်သွင်းရန် အကြောင်းကြားခြင်း ခံခဲ့ရသည်။ သို့သော် ဘုရင်ခံထံမှ ကျေနပ်လောက်သော စည်းကမ်းချက်များကို မရသောကြောင့် သူသည် အမည် တင်သွင်းချက်ကို ပြန်လည် ရုပ်သိမ်း ခဲ့လေသည်။ သို့သော် ယင်းသို့ ပြန်လည် ရုပ်သိမ်းလိုက်ခြင်းမှာ သူနှင့် သူဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော ဖဆပလ အဖွဲ့ချုပ်တို့၏ နောက်ရှိ ပြည်သူတို့၏ အလိုအရ ဆောင်ရွက်ခြင်း ဖြစ်လေရာ၊ ဗြိတိန်နိုင်ငံရှိ ဗြိတိသျှ အစိုးရကပင်လျှင် ဖဆပလ အဖွဲ့ချုပ်၏ လူထု ထောက်ခံမှု ရရှိပုံကို ဗြိတိသျှ ပါလီမန် အတွင်း၌ မလွဲသာဘဲ ဝန်ခံခဲ့ရပြီး၊ ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင်းသို့ ဝင်နိုင်စေရန် ဖဆပလ အတွက် တံခါးဖွင့်ထား နေသေးဆဲပင် ဖြစ်ပေသည်။
ယမင်းစာပေက နိုင်ငံရေး စာပေ ခွင့်ပြုချက် အမှတ် (၂၈၂) နဲ့ ပုံနှိပ် ဖြန့်ချိလိုက်တဲ့၊ မောင်မြဦး မြန်မာပြန်ခဲ့တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့တဲ့ "မြန်မာ့ စိန်ခေါ်သံ" (Burma's Challenge by Aung San) စာအုပ်မှ "နိဒါန်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း" ကို ပြန်လည် ကူးယူ လွှင့်ပေးလိုက်တာ ဖြစ်ပါတယ်။
-----------------------------------------------------------------
အသက် ၁၈ နှစ်ပြည့် ကျန်းမာရေးနှင့် ပြည့်စုံလျှင် လက်ခံရန် ရှိခြင်း


မြန်မာပြည် ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက် စစ်မှုထမ်းရန် ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ ကာကွယ်ရေး တပ်မတော် သေနာပတိကြီး ကာနယ် အောင်ဆန်းက အသံလွှင့် ဖြေဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်း။


ယနေ့ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း ပြောရသည့် အတွက် ကျွန်တော် အထူးပဲ ဝမ်းမြောက်ပါတယ်၊ မြန်မာ့ ကာကွယ်ရေး တပ်မတော်နှင့် ပတ်သက်ပြီး နားမရှင်းတာတွေ သိချင်တာတွေ ရှိတာ သိပေမယ့် ပြောဖို့ ရှင်းဖို့ တပ်မတော် အခွင့်အလမ်း ရှာ၍ မရသေးတဲ့အတွက် အသာပဲ ရေငုံနေခဲ့ရတယ်၊ ယနေ့ ပြောခွင့်ရတဲ့အခါ မြန်မာ့ ကာကွယ်ရေး တပ်မတော် အကြောင်း အတော်အတန် ပြောပြရတာပေါ့။


နီပွန် နန်းရင်းဝန်ကြီး တိုဂျိုက မြန်မာပြည်ဟာ နီပွန်ပြည်၏ စိတ်နေ စိတ်ထား ဝါဒတို့ကို နားလည် သဘောကျပြီး ၎င်းတို့နှင့် အရှေ့အာရှ ခေတ်သစ် ထူးထောင်ရေးမှာ ပါမယ်ဆိုရင် လွတ်လပ်သော တိုင်းနိုင်ငံ အနေအထားမျိုး ဖြစ်ပါစေမယ်လို့ ကတိ ပေးထားတယ်။ ဒီ ကတိဟာ ပေါ့ပေါ့ဆဆ ပေးတဲ့ကတိ မဟုတ်ဘူး၊ ဒီ ကတိဟာ နီပွန်ပြည်ကြီးရဲ့ အစိုးရ အဓိကရ ခေါင်းဆောင်ကြီး တကမ္ဘာလုံး ကြေညာထားတဲ့ ကတိ ဖြစ်တယ်။ ဒီကတိဟာ မြန်မာတွေ ဒီအတိုင်း ထိုင်နေကြလို့ ရတာ မထင်ကြနဲ့၊ ပထမဆုံး ဗြိတိသျှနဲ့ နီပွန် စစ်မဖြစ်ခင်က မြန်မာ့ လွတ်လပ်ရေး လုပ်ငန်းကို အသက်နဲ့ လဲပြီး ဆောင်ရွက်ခဲ့ကြတဲ့ သာယာဝတီ သူပုန်လို လူမျိုးတွေ၊ မြန်မာပြည်က လူငယ်တွေ နီပွန်ပြည်ကို သွားပြီး စစ်ပညာသင်၊ မြန်မာပြည် အကြောင်း တိုက်တွန်း၊ မြန်မာပြည်က သိလိုတဲ့ မြန်မာပြည် အကြောင်းတွေ အမျိုးမျိုး ရှာပေး၊ နောက်စစ်ဖြစ်တဲ့ အခါလဲ ဒိုးတူပေါင်ဖက် ရှောက်လုပ်၊ တိုက်ခိုက်မှု အမျိုးမျိုးကူ၊ မြန်မာလူမျိုး တွေကလဲ ဝိုင်းဝန်း ထောက်ပံ့ခဲ့တာကြောင့် ဒီ ကတိ ပေးတယ် မှတ်ပါ၊ အလကား ထိုင်နေရင်း ရတယ် မထင်နဲ့ လုပ်တဲ့လူတွေ ရှိလို့ ရတယ်မှတ်ပါ။


မငြင်းနိုင်သော အချက်တရပ်


အဲဒီ နန်းရင်းဝန်ကြီး တိုဂျို၏ ကတိအတိုင်း မြန်မာပြည် လွတ်လပ်တော့မယ်လို့ ဆိုကြပါစို့၊ လွတ်လပ်ရေး ရပြီးတိုင်း ဘာက ကျုပ်တို့ တိုင်းပြည် စကြမလဲ၊ ယခု အစိုးရ အဖွဲ့က အတော်အတန် မြန်မာပြည် ခေတ်သစ် ထူထောင်ရေး အတွက် လုပ်ငန်း အစီအစဉ်တွေ ပြောသွားတာ ကြားလိုက်ပါရဲ့၊ ဒါပေမဲ့ ဒီအစီအစဉ်တွေ လုပ်ဖြစ်ပါပြီတဲ့ တနေ့ ဒီဟာတွေကို ကာကွယ်ဖို့ အားမရှိရင် ဘယ်မှ အသုံးကျတော့မလဲ၊ ဒါကြောင့် မြန်မာပြည်ရဲ့ ကာကွယ်ရေးသည် ပထမ၊ မြန်မာပြည်ရဲ့ လွတ်လပ်ရေးသည် မြန်မာပြည် ကာကွယ်ရေး အပေါ် တည်၏။ ထို့ကြောင့် မြန်မာ့ ကာကွယ်ရေးသည် မြန်မာ့ လွတ်လပ်ရေးနှင့် ညီမျှ၏၊ ဒီအချက်ကို ဘယ်သူမှ မငြင်းနိုင်ဘူး၊ မြန်မာ့ အဓိက ပြဿနာဟာ မြန်မာ့ ကာကွယ်ရေးပဲလို့ တထစ်ချ မှတ်လိုက်ပါ။


ကိုင်း … မြန်မာ့ ကာကွယ်ရေး လုပ်ကြစို့၊ ဘယ်လို လုပ်ကြမလဲ၊ မြန်မာ့ ကာကွယ်ရေး ဆိုပေမယ်လို့ နားလည် မလွဲကြနဲ့နော်၊ ရှေ့မှာ မြန်မာ့ ကာကွယ်ရေး သက်သက်ကြီး မဖြစ်တော့ဘူး။ မြန်မာ့ ကာကွယ်ရေးဟာ အရှေ့အာရှတိုက် ကာကွယ်ရေးမှာ အကျုံးဝင်ပုံကို တနေ့က ကျောင်းဆရာတွေကို မြန်မာ့ ကာကွယ်ရေး အကြောင်းကို ပြောပြတုန်းက ရှင်းခဲ့ပြီ၊ ကာကွယ်ရေး ဆိုတာမှာလဲ ရန်သူက တချက်ခုတ်လျှင် ကျုပ်တို့က နှစ်ချက် ပြန်ခုတ်မယ်၊ ရန်သူက ကျုပ်တို့ ပြည် တိုက်မယ် ဆိုရင် ကျုပ်တို့ အရင် ဦးအောင် တိုက်မယ်၊ အဲဒီ ကာကွယ် ရေးမျိုး။ ဒီ ကာကွယ်ရေးမျိုး အတွက် ဆိုရင် လူလဲ များဖို့ လိုတယ်။ လူတွေ စိတ်ဓာတ်လဲ ရင့်ဖို့ လိုတယ်။ လက်နက် ကိရိယာ ခဲယမ်းမီးကျောက်လဲ ပြည့်စုံဖို့ လိုတယ်။ မြန်မာပြည်ဟာ လူဦးရေ နည်းတော့ မြန်မာ့ ကာကွယ်ရေးဟာ မြန်မာတိုင်း မြန်မာတိုင်း ကလေးမှ အစ အဖိုးကြီး အမယ်ကြီးထိ အားလုံး ပါနိုင်မှ မြန်မာ့ ကာကွယ်ရေးဟာ တောင့်တင်းမှာ။ ဘယ်လို ပါရမလဲ ဆိုရင် စစ်တိုက်တယ် ဆိုတာဟာ စစ်သားချည်းနဲ့ မပြီးဘူး၊ ရိက္ခာ ထောက်ဖို့၊ ရိက္ခာ စိုက်ပျိုး စုဆောင်းရေး၊ ရိက္ခာ တင်ပို့ရေး အစရှိသဖြင့် စစ်တိုက်ခြင်းနဲ့ တိုက်ရိုက် မဆိုင်တဲ့ အလုပ်တွေ တိုင်းပြည်ရဲ့ စီးပွားရေး အင်အားကို စစ်အင်အားနဲ့ ညီမျှအောင် လုပ်ဖို့တွေ အတွက် အားလုံး ယောက်ျား၊ မိန်းမ မကျန်လုပ်မှ ဖြစ်မယ်၊ ဒါက အကြမ်း ပြောပြခြင်းပဲ၊ တနေ့ကလဲ ကာကွယ်ရေး အကြောင်း အတော်အတန် ပြောခဲ့ပြီ။


လွတ်လပ်ရေး လက်တလှမ်း

သို့ပေမယ့် ခုပြောခဲ့တဲ့ဟာတွေ လုပ်ဖို့ နေနေသာသာ ကျုပ်တို့မှာ ကာကွယ်ရေးဖို့ အချက်ဘာမှ မရှိသေးဘူး၊ အားလုံး စလုံးရေက စရမယ်၊ ဒါကြောင့် ယခုနှစ်အဖို့မှာ အရင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှ စစ်ထုတ်ပြီး စနစ်ကျကျ အသစ်ဖွဲ့တဲ့ မြန်မာ့ ကာကွယ်ရေး တပ်မတော်ဟာ ပထမ စလုံးရေ စခြင်းပဲ။ အစကရှိတဲ့ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ အမှန် ပြောရရင်တော့ အသင့်အတင့်လောက် အသုံးကျပါရဲ့၊ ဒါပေမဲ့ တခြား သွားတိုက်နိုင်တဲ့ အရည်အချင်း မရှိဘူး။ ပြီးတော့ ခေတ်ပျက်ကြီးမှာ ဖြစ်ကတတ်ဆန်း ကျဖမ်း စီစဉ်ရတာမို့ ချို့ယွင်းချက်တွေ အများကြီး တွေ့ရတယ်။ အဲဒီတော့ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ဒီ မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဟာ မြန်မာပြည်က အားကိုးနိုင်တဲ့ တပ်လဲ ဖြစ်မှာ မဟုတ်ဘူး။ မြန်မာတွေ အမြဲ ရင်လေးနေတဲ့ တပ်မျိုး အဖြစ်သာ ရှိနေတယ်။ အဲဒါကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို ဘာလို့ မခေါ်ဘဲ မြန်မာ့ ကာကွယ်ရေး တပ်မတော် ဖြစ်လာသလဲ။ မြန်မာ့ လွတ်လပ်ရေးသည် ယခင်က ကျွန်တော်တို့ အဓိက ရည်ရွယ်ချက်၊ အခု ဒီ လွတ်လပ်ရေး ရဖို့ ကိစ္စဟာ အဓိက မဟုတ်တော့ဘူး၊ ရတော့မယ်၊ လက်တလှမ်းပဲ လိုတော့တယ်။ ရပြီး ဘယ်လို ကာကွယ်ရမယ် ဆိုတာက ပိုပြီး အရေးကြီး လာပြီ၊ အဲဒါကြောင့် ရှေ့အနာဂတ်ကို မြှော်ကိုးပြီး ရာဇဝင် အကြောင်းထောက်လို့ မြန်မာ့ ကာကွယ်ရေး တပ်မတော်လို့ အမည်ပေးတာပဲ။ တခြား အထင်လွဲ နေစရာ မလိုပါဘူး။ ပြီးတော့ နာမည် အရေးမကြီးပါဘူးဗျာ၊ လူ အရေးကြီးပါတယ်။ လုပ်တဲ့လူတွေ လုပ်တဲ့လူတွေ အဲဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်တွင်သာ ယခုနှစ် ကျွန်တော်တို့ ခံခဲ့သလား၊ မဟုတ်ပါဘူး။ ဒီပြင်ဟာတွေလဲ လုပ်ထားပါတယ်။ ပထမ အရေးကြီးဆုံးက အမြဲ တပ်ကြီးပဲ၊ လုပ်လျှင် လုပ်ခြင်း အဲဒီ တပ်တွေကို ဗိုလ်လုပ်နိုင်တဲ့ လူတွေ အလုံအလောက် ရှိဖို့ လိုတယ်။ အဲဒါကြောင့် မင်္ဂလာဒုံမှာ ယခုနှစ် ဗိုလ်သင်တန်း ဖွင့်ပြီး အမြောက်အမြား သင်ပေးနေတယ်။


ရန်ကုန်မြို့မှာ ဒီ မြန်မာ့ ကာကွယ်ရေး တပ်မတော်ကြီး အတွက် စည်းကမ်းစနစ်တွေ လုပ်၊ ရိက္ခာတွေထောက် ရှေ့ပြေး တပ်မတော် လုပ်ငန်းဆိုင်ရာ ဌာနကြီး အဖြစ်နဲ့ (ဟေဘီချိုတု) ခေါ်တဲ့နောက် ကာကွယ်ရေး ဝန်ကြီးရုံး ဖြစ်မယ့် ရုံးကိုလဲ တည်ထောင် ထားပါတယ်။ ပျဉ်းမနားမြို့မှာတော့ တပ်တွေ ချထားပြီး ကျွန်တော် ကိုယ်တိုင်ပဲ အုပ်ချုပ် နေရပါတယ်။ အားလုံး မြန်မာ ဗိုလ်တွေနဲ့ မြန်မာ့တပ်တွေကို အုပ်ချုပ် နေကြပါတယ်။ နီပွန် အတိုင်ပင်ခံတွေကလဲ စစ်ရေး နည်းနာတွေကို ကူညီ သင်ပြ ပေးကြပါတယ်။ အဲဒါတွေဟာ ကျွန်တော်တို့ စလုံးရေ စခြင်းပဲ။ ရှေ့ကို တဖြည်းဖြည်း လူတွေတိုး တပ်တွေချဲ့ လက်နက်တွေတိုး တင့်ကားတွေ အမြောက်ကြီး တွေ လေယာဉ်ပျံတွေ ရအောင် တဆင့် တဆင့် ကြိုးစား ကြရလိမ့်မယ်။ ယခု လာမယ့် နှစ်အတွက် တပ်ကို တိုးချဲ့ရအုံးမယ်။ ဒါပေမဲ့ စစ်သား အသစ်တွေ မကြာမီ ခေါ်တော့မယ်။ ဒါ မြန်မာတွေ အားလုံးရဲ့ တာဝန်ပဲ။ ဟို အရင်တုန်းက မြန်မာပြည် ကာကွယ်ရေး အတွက် မြန်မာ့ လက်ထဲအပ်ပါ။ မြန်မာတွေ ကိုယ့်ပြည် ကိုယ် ကာကွယ်ချင် လွန်းလို့ပါ။ လက်နက်သာ အပ်စမ်းပါ။ တိုက်ပြပါမယ်လို့ မြန်မာတွေက ပြောနေကြတယ်။ ကိုင်း … လက်တွေ့ စမ်းကြည့်မယ်။ ခု … ခင်ဗျားတို့ ဒီအခွင့်အရေးတွေ ရတော့မယ်။ ယူကြမလား၊ တပ်ထဲ ဝင်ကြမလား၊ ပြောကြစမ်း။ တို့မြန်မာ တို့စစ်ထဲ မဝင်ချင်ကြတဲ့ လူတွေများရင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး။ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေလဲ အပိုပဲ၊ ရှေးတုန်းက ရာဇဝင်ကို ပြန်ပြောင်း ပြောနေရင်လဲ ယုံတမ်းစကား ဖြစ်နေမှာပဲ၊ ရှေးက မြန်မာ သူရဲကောင်း တွေ မြေကြီးထဲကနေပြီး ရှက်စရာ ဖြစ်နေမှာ သတိထားကြနော်။


ကိုယ်တွေ့ (မျက်မြင်တခု)


ရှေးက မြန်မာတွေကတော့ တကယ့် ယောက်ျားတွေပဲ၊ ဒါ စာတွေ့တင် မဟုတ်ဘူး။ ကိုယ်တွေ့ မျက်မြင် ယိုးဒယားပြည် နေတုန်းက ရှေးမြန်မာ စွမ်းပကား သတ္တိ လက်ရာတွေ မြင်သိခဲ့ရသည်။ ယိုးဒယားပြည်မှ တောတောင် အတန်တန် ကျော်ပြီး ကျုပ်တို့ လာခဲ့ကြရလို့ ရှေးတုန်းက ဘုရင့်နောင်တို့ အလောင်းဘုရားတို့နှင့် စစ်သည်တော်များ၏ ဇွဲသတ္တိကို အဖန်ဖန် ချီးကျူးမိတယ်။ အဲသလို မြန်မာတွေ မြန်မာ့ သတ္တိကို ပြကြစမ်းပါ။ မြန်မာပြည်ဟာ လူသတ်မှု စတဲ့ အမှုအခင်းများ အမေရိကန်ပြည် ချီကာဂိုပြီးရင် ဒုတိယ စွဲတယ်လို့ ကြားဖူးတယ်။ မြန်မာ မြန်မာချင်း သတ်ဖြတ် တိုက်ခိုက်တာဟာ မြန်မာ့ သတ္တိ အစစ် မဟုတ်ဘူး။ မြန်မာပြည်လည်း အကျိုး မရှိဘူး။ သည်လို လုပ်မယ့် အစား မြန်မာပြည် အတွက် ကမ္ဘာမှာ ထွက်ပြီး မိုက်ပြ လိုက်စမ်းပါ။ ဒါမှ ရာဇဝင်ပြောင်မှာ၊ ဒါပေမဲ့ ကျွန်တော် တွေ့ခဲ့သလိုတော့ မတွေ့ပါ ရစေနဲ့ တော့။ ရွာတွေ ရွာတွေ ဖြတ်လာခဲ့တယ်။ ဒီရွာက လူတွေရဲ့ သတ္တိတော့ စိတ်ချ လူဆိုးကြီးပဲ။ စစ်ထဲ လိုက်မယ့်လူ ထွက်စမ်း ဆိုတော့ နှစ်ယောက်၊ သုံးယောက်ထဲ ဒါတောင် ပြန်ထွက်ပြေး လိုက်ကြသေးတယ်။ တက်လူ ဆိုတဲ့ လူငယ်တွေ ဘောင်းဘီနီ အင်္ကျီနီတွေနဲ့ တွေ့ပါရဲ့၊ စစ်ထဲ လိုက်ရမယ် ဆိုတော့ တီ ဆားနဲ့ တို့သလို ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြတာတွေ တွေ့ခဲ့ရတယ်။ အဲဒါမျိုး ဖြစ်ရင် မြန်မာပြည်မှာ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့ ကျွန်တော် တထစ်ချ ဆိုတယ်။ ဒီလို ပြည်မျိုး ကျုပ်တော့ဖြင့် မနေတော့ဘူး။ ဒါမျိုးတွေ ထပ်မတွေ့ပါရစေနဲ့ ဒီတခါတော့ ဝင်ကြစမ်းပါ၊ များများစားစား ဝင်ချင်တဲ့ သူတွေ များလွန်းလို့ ပြန်လွှတ် လိုက်ရတယ် ဆိုတာကို ကြားချင်ပါတယ်။ လူလိုနေတယ် ဆိုတာ မကြားချင်ဘူး။ အဲဒါကြောင့် ယခု မြန်မာ့ ကာကွယ်ရေး တပ်မတော် ထပ်ချဲ့မယ်၊ ထပ်ချဲ့ရင် မြန်မာတွေ အသက် ၁၈ နှစ်ရှိပြီး ကျန်းမာရေးနဲ့ ပြည့်စုံတယ် ဆိုရင် ဝင်နိုင်တယ်။ လက်ခံဖို့ အသင့်ပဲ ဝင်ကြစမ်းပါ။ ထောင်လိုက် ရာလိုက် သောင်းလိုက်၊ ဒါပေမဲ့ တခုတော့ နားလည် စေချင်တယ်။ ဒီ စစ်တပ်တွေကို ငွေ လိုချင်လို့၊ လခ လိုချင်လို့၊ ရာထူး လိုချင်လို့တော့ အလကားပဲ။ ရမှာ မဟုတ်ဘူး။ ကျုပ် တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ မြန်မာပြည် ကာကွယ်ရေး အတွက် မည်၍ မည်မျှ စိတ်အား ထက်သန်ပါတယ်။ ဒါကြောင့် ဘယ်ရာထူးက စပြီး ခန့်ပါလို့ လာပြောတယ်။ ကျွန်တော် ဘယ်တော့မှ မခန့်ဘူး။ ဘယ်မှာပဲ ဖြစ်ဖြစ် စစ်ထဲ တန်းဝင်ဝင်ချင်း စစ်ဗိုလ် ဖြစ်ချင်လို့လဲ မဟန်ဘူး။ တချို့က စစ်ပညာ နည်းနည်း ရဖူးပါရဲ့ ရတာက စစ်ကြပ်လောက်၊ ဖြစ်ချင်တာက ဗိုလ်ကြီးလောက် အဲဒါမျိုးတွေ တွေ့ရတယ်။

လခကို မမျှော်ရဟု ဆိုခြင်း


စစ်သား လုပ်တဲ့ လူတွေကလဲ လခ နည်းတယ်။ အစားအသောက်လဲ ဆိုးတယ်။ အနေ ကြပ်တယ် ဆိုရင်ပဲ ချူသံပါအောင် ညည်းလာတာပဲ။ တချို့လဲ ထွက်ချင်တယ် ဖြစ်လာကြတယ်။ ဒါမျိုးတွေ နောက်ထပ် မကြားရ မတွေ့ရပါစေနဲ့၊ လာတဲ့ လူတွေဟာ ဒါတွေ နားလည်ပြီး ငွေမမက် ရာထူးမမက် မြန်မာပြည်သက်သက် သမားတွေ လိုချင်တယ်။ ဒီ တပ်ဟာ လာဘ်စားမယ့် လူတွေ၊ ငွေလိုတဲ့ လူတွေ၊ ရာထူးမက်တဲ့ လူတွေ၊ ဆွေမျိုးတွေ အလုပ်ပေးမယ့် လူတွေ၊ လိုချင်တဲ့ တပ် မဟုတ်ဘူး။ မြန်မာ့ ကာကွယ်ရေးအတွက် မြန်မာပြည်မှာ ငွေအများဆုံး သုံးရမယ် မှန်တယ်။ ဒါပေမဲ့ လခတွေ အပေါ်မှာ မသုံးဘူး။ ဒါက ရှေး အင်္ဂလိပ် စနစ်ဟန်ကို မကျလို့ အင်္ဂလိပ်တွေ ခွေးပြေး ဝက်ပြေး ပြေးကုန်ကြရပြီ မဟုတ်လား။ နီပွန် စစ်တပ်လို စိတ်ဓာတ် ထက်သန်တဲ့ လူတွေ ရှိအောင် လုပ်ရမယ်။ လခကို ပဓာန မထားရဘူး။ နီပွန် တပ်မှာ စစ်သားတယောက် လေးကျပ်၊ လေးကျပ် အဲ ခြောက်ကျပ်သာ ရတယ်။ အဲဒါတွေကို အားကျရမယ်။ လခတွေပေါ် နည်းနည်းသုံး၊ လက်နက်တွေ ခဲယမ်း မီးကျောက်တွေ အပေါ် အများဆုံးသုံး၊ ဒါမှ ပထမတန်း စစ်တပ်ရမှာ၊ အဲဒါမှ ကျွန်တော် အစက ပြောသလို ရန်သူက တချက်ခုတ်လျှင် နှစ်ချက် ပြန်နှက်နိုင်မှ ရန်သူ မတိုက်ခင် ကိုယ်က ဦးအောင် တိုက်နိုင်မှာ။

အဲဒီ စစ်သား စုဆောင်းရေးနဲ့ ပတ်သက်လို့ စကား အလျဉ်းသင့်သလို ပြောစရာ တခု ကျန်သေးတယ်၊ အဲဒါဟာ အရင်တုန်းက မြန်မာ့ လွတ်လပ်ရေး တပ်မတော်မှာ ပါတဲ့ လူတွေ အများအပြားထဲမှာ မထွက်ချင်ဘဲ မကျန်းမာလို့ လူအိုနေလို့ ဆိုပြီး တပ်က ထွက်ခိုင်းရတာတွေ ရှိတယ်၊ အဲဒီ လူတွေကို ကောင်းကောင်းမွန်မွန် ပြန်၍ မကြည့်နိုင်ခဲ့ဘူး၊ သူတို့ နောင်ရေး အတွက်လည်း ဘာတခုမှ မလုပ်နိုင်ခဲ့ဘူး၊ အခုတော့ တတ်အားသမျှ ဒီ ကိစ္စတွေကို စီမံလျက်ပါပဲ၊ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကလေးတွေကြောင့် ကျုပ်တို့ တပ်တွေထဲ မဝင်ချင် ဆိုတဲ့ စိတ်ပျက်ခြင်းမျိုး မဖြစ်သင့်ကြဘူး၊ တိုင်းပြည် တပြည် ထူထောင်တာဟာ ဘယ်လောက် ခက်ခဲတယ်၊ အတက်အကျ လောကဓံ အမျိုးမျိုးကို တွေ့ရတယ် ဆိုတော့ ကမ္ဘာ့ ရာဇဝင် သိတဲ့လူ တိုင်းတော့ ဆင်ခြင် နိုင်ကြမှာပဲ၊ ဒါကြောင့် အမျှော်အမြင်ကြီးကြီးနဲ့ ဖြစ်ခဲ့တာတွေ စိတ်မပျက် လက်မပျက်ဘဲ ရသမျှ အခွင့်အရေးကို ရတုန်း မိမိရရ ယူကြရလိမ့်မယ်။


ဒါမှသာ ကျုပ်တို့ မြန်မာပြည်ကြီးကို ကျုပ်တို့ ချစ်ရာ ရောက်ကြမယ်၊ ကျုပ်တို့ မြန်မာပြည် ထူထောင်မယ်၊ ဒါကြောင့် စိတ်လက်တွေ ပျက်နေကြတဲ့ လူတွေရှိရင် မပျက်ကြပါနဲ့၊ ဆက်ဆက် တပ်ထဲဝင်ကြပါလို့ တိုက်တွန်း လိုပါတယ်၊ နောက် အရေးကြီးမယ့် အချက် တချက်က အခု ကျုပ်တို့ လုပ်နေတဲ့ ကာကွယ်ရေး တပ်မတော်တို့ မြန်မာ့ လွတ်လပ်ရေးတို့ဟာ အခု အာရှ စစ်ကြီးမှာ နီပွန် တပ်မတော်များက ရန်သူ အင်္ဂလိပ်၊ အမေရိကန်၊ တရုတ် အစရှိသည်တို့ကို အပြီးအပိုင် သေသေချာချာနိုင်မှ တည်တံ့မယ်ဆိုတာ အားလုံး နားလည် ကြရမယ်၊ ဒါကြောင့် မြန်မာ့ လွတ်လပ်ရေးနဲ့ မြန်မာ့ ကာကွယ်ရေး အတွက် ခုအခါ ရှေ့က မားမားမတ်မတ် ဦးစီး ဆောင်ရွက်နေတဲ့ နီပွန် တပ်မတော်ကြီးအား စစ်နိုင်ရေး အတွက် မြန်မာ့ တမျိုးသားလုံးက တတ်နိုင်သလောက် စွမ်းအားဖြင့် ကူညီကြဖို့ လိုတယ်။


စစ်သားကို နီပွန်တို့ ရိုသေပုံ


နောက်ဆုံး ကျွန်တော် ပြောဆိုချင်တဲ့ အချက်ကတော့ လူတွေက စစ်တပ် စစ်သားကို ချီးမြှင့်ကြဖို့ ပြောလိုပါတယ်၊ နီပွန်ပြည်မှာ စစ်သားကို သိပ်အရေးပေးကြတယ်။ စစ်သား တယောက် စစ်တပ်ကို လာရမယ်လို့ အမိန့်ရတဲ့ အခါ အဲဒီ စစ်သားကို လူအမြောက်အမြား လိုက်ပို့ကြတယ်၊ ချီးကျူးကြတယ်၊ ဆလန် ပေးကြတယ်၊ စစ်မြေပြင် ထွက်တဲ့ စစ်သားဆိုရင်၊ ဘယ်လောက်ပင် ရာထူးကြီးတဲ့ သူဖြစ်ဖြစ် အလေးပြု ကြတယ်၊ ဘယ်လောက် အားကျဖို့ ကောင်းသလဲ၊ နီပွန် ဘုရင်မင်းကြီး ကိုယ်တိုင်က စစ်သားတို့ကို လေးစားတယ်၊ နီပွန် ဘုရင် မင်းကြီး ဆိုတာ တခြားတိုင်းပြည် ရှင်ဘုရင်တွေနဲ့ တူတာ မဟုတ်ဘူး၊ နီပွန် ဘုရား အစစ်ပဲ၊ အဲဒီ ဘုရားရှင် ကိုယ်တိုင် ကျဆုံးတဲ့ စစ်သား အတွက် ရည်စူးပြီး ဌာပနာထားတဲ့ အရိုးအိုး စေတီကို ဦးခိုက်ရတယ်။ ဦးညွှတ်ရတယ်၊ မြန်မာပြည်မှာတော့ မဟုတ်ပေါင်၊ မြန်မာ့ လွတ်လပ် ရေး တပ်သားတွေ အသက်လဲ သေရသေးတယ်၊ အဆင်းရဲလဲ ခံရတယ်၊ ဒီ အလောင်းကောင် တွေကို နင်းပြီး တက်လဲ သွားကြရသေးတယ်၊ အကောင်း မပြောချင်ကြဘူး။


ခေတ်ပျက်ကြီးတုန်းက သူခိုးဒမြတွေ သူ့လိုလူတွေ ခိုးကိုးရာမဲ့ ဖြစ်တုန်းက ကာကွယ် ပေးခဲ့တာတွေကို မေ့၊ ကိုယ့်ပစ္စည်း ကလေးတွေ သိမ်းတာ ဆည်းတာ ဗာရာဏသီ ချဲ့ပြောပြီး မချီးမြှင့်ကြဘူး၊ ရှက်ဖွယ် ရှက်ဖွယ် တို့မြန်မာတွေ မရှက်ဘူးလား၊ ကိုယ့်ကိုယ်ကို ပြန်ရှက်ကြပါဦး၊ မြန်မာပြည်မှာ ရှိတဲ့ လူတွေထဲမှာ စစ်တပ် စစ်သားဟာ ထိပ်ဆုံးပဲ၊ သူတို့ထက် မြတ်တာ မရှိဘူး၊ ခင်ဗျားတို့ ဘာထင်ထင် ခင်ဗျားတို့ထက် တိုင်းပြည်ကို ဆောင်ရွက်နိုင်တဲ့ လူတွေ၊ ဆောင်လဲ ဆောင်ရွက် ခဲ့ကြပြီ၊ ကျုပ်တို့ စစ်သားကို အားပေးကြ လေးစားကြပါ၊ ဒါမှ မြန်မာပြည် ချမ်းသာမယ်၊ အခု စစ်သားတွေ စုဆောင်းပြီး ဆိုင်ရာ တပ်စခန်း သွားကြတဲ့ အခါ ဆိုင်ရာ ဒေသက မြန်မာတွေ အားလုံး တံခွန် ကုက္ကား၊ မုလေးပွားနဲ့ စစ်တံခွန် စစ်သီချင်း စစ်သံတွေ ပေးပြီး လိုက်ပို့ကြစမ်းပါ၊ ကြည့်ရသေးတာပေါ့လေ၊ ကိုင်း … အခုညအဖို့ ဒါပဲ၊ တော်သေးပြီး မြန်မာတွေ အားလုံး အဝေရာ ဟောန္တု ။
▪ - ¤ - ▪

၁၃၀၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၁၀) ရက် ဗုဒ္ဓဟူးနေ့ (၂၊ ၁၂၊ ၄၂) ရန်ကုန် သူရိယ သတင်းစာမှာ ဖော်ပြ ပါရှိတဲ့ ဗိုလ်မှူးကြီး ကာနယ် အောင်ဆန်းရဲ့ မြန်မာတပြည်လုံးသို့ အသံလွှင့် ပြောဆိုချက် "ဗမာတိုင်း သွေး၊ သတ္တိ၊ ဇွဲ ပြရန် အချိန်" မိန့်ခွန်းကို ၁၉၈၅ ခု၊ ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

5 comments:

  1. ကျေးဇူးတင်ပါတယ် ...

    ReplyDelete
  2. ဗိုလ်ချုပ်ကို အစဉ်လေးစားလျှက် .......

    ReplyDelete
  3. တစ်ချို့တလေလည်းအာဇာနည်တွေကိုမသိတဲ့လူတွေရှိနေတယ်လေ မမဒါကြောင့် ဒါလေးကိုတော့
    လက်ဆင့်ကမ်းပေးစေချင်တယ်လေမမသိလား။
    ခုရေးပေးထားခဲ့မယ်နော်.................................
    မမဆိုက်ကလူများလို့လေသိလား............................................
    အာဇာနည်ကိုးဦး၏ စာရင်းနှင့်ကျဆုံးသွားသောခေါင်းဆောင်ကြီးကိုးဦး၏စာရင်းလေပါမမရေ
    ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော အာဇာနည်ခေါင်းဆောင်များ
    စဉ်
    အမည်
    ရာထူး
    ၁။
    ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) ၀န်ကြီးချုပ်
    ၂။
    သခင်မြ (၁၈၉၇-၁၉၄၇) ပြည်ထဲရေးဝန်ကြီး
    ၃။
    ဦးဘချို (၁၈၉၄-၁၉၄၇)
    ပြန်ကြားရေးဝန်ကြီး
    ၄။
    ဦးရာဇတ် (၁၈၉၈-၁၉၄၇)
    ပညာရေးနှင့်အမျိုးသားစီမံကိန်းဌာန၀န်ကြီး
    ၅။
    ဦးဘ၀င်း (၁၉၀၁-၁၉၄၇)
    ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
    ၆။
    မန်းဘခိုင် (၁၉၀၃-၁၉၄၇) စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဌာန၀န်ကြီး
    ၇။
    မိုင်းပွန်စော်ဘွားစပ်စံထွန်း (၁၉၀၇-၁၉၄၇) အတိုင်ပင်ခံတောင်တန်းဒေသရေးရာဝန်ကြီး
    ၈။
    ဦးအုန်းမောင် (၁၉၁၃-၁၉၄၇) လမ်းပန်းဆက်သွယ်ရေးဌာနအတွင်းဝန်
    ၉။
    ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇) ပညာရေးဝန်ကြီး၏သက်တော်စောင့်

    ReplyDelete