Pages

Friday, February 10, 2017

တပိုတွဲလပြည့် ဩဝါဒပါတိမောက်အခါတော်နေ့


 “တပို့တွဲလပြည့် သြ၀ါဒပါတိမောက်အခါတော်နေ့”
•••••••••••••••••••••••••••••••••••••••••••••••
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်များမှာ ...
- အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၊
- အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန် ဧတဒဂ်ရသောနေ့၊
- အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
- ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ ... တို့ ဖြစ်ပါသည်။

ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။
ပါတိမောက်တွင် သြ၀ါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိသည်။ သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။ ဘုရားတဆူနှင့်တဆူ သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊ ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။
ဥပမာ ...
၁။ ၀ိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။
၂။ သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။
၃။ ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်
၎။ ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။

သက်တမ်းရှည်သော ဘုရားတို့မှာ သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။ သက်တမ်းတိုသော ဘုရားရှင်တို့မှာ ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။

ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို ...
- တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
- ဧဟိဘိက္ခုရဟန်းချည်းသာဖြစ်ခြင်း၊
- ဆဠာဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
- မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း ...
ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။

ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ကဿပညီနောင် ရှင်တထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာသုံးပုဒ်ဖြင့် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။ သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

{ သြ၀ါဒပါတိမောက် ပါဠိ -မြန်မာ}

(၁) ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ၊
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော

လွန်စွာ ချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။
သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။
သူတပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။

(သည်းခံခြင်းက မွန်မြတ်တယ်၊နိဗ္ဗာန်က အမြတ်ဆုံးလို့ ဘုရားရှင်တိုင်း မိန့်တယ်၊
သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲတဲ့ သူဟာ ရဟန်းမဟုတ်ဘူး၊
ရဟန်းမှန်ရင် သူတစ်ပါးကို ဘယ်တော့မှ မသတ်ဖြတ် မညှင်းဆဲဘူး။ )

အဓိပ္ပါယ် -
(က) အလွန်ထက်မြက်၍ စွမ်းအားပြည့် သည်းခံမှုသည် မြတ်သောအကျင့်တည်း။
(ခ)နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာဟု ဘုရားရှင်တို့ ဟောတော်မူကုန်၏။
(ဂ)သူတစ်ပါးကို သတ်ဖြတ်သူ- သည် ကိလေသာတို့ကို နှင်ထုတ်တတ်သော ရဟန်းမဟုတ်။ (ဃ) သူတစ်ပါးကို ညှင်းဆဲနှိပ်စက်သူသည် ကိလေသာတို့မှ ငြိမ်းအေးပြီးသော ရဟန်းမဟုတ်။

သည်းခံခြင်းတရား

သည်းခံသည်ဆိုရာ၌ မိမိကိုယ်တွင်း ကိလေသာရန်သူများကိုလည်း သည်းခံရမည်။ ပြင်ပဆန့်ကျင်ဘက်ရန်သူများနှင့် အနိဋ္ဌာရုံများကိုလည်း သည်းခံရမည်။ မိမိကိုယ်တွင်း ကိလေသာရန်သူများကို အမြဲတမ်းကိန်းနေသော အနုသယကိလေသာအဆင့်မှ ထကြွသောင်းကျန်းလာသော ပရိယုဋ္ဌာနကိလေသာအဆင့်သို့ မရောက်အောင် အောင့်အီးသည်းခံရသည်။ ထကြွသောင်း ကျန်းလာသော ကိလေသာအဆင့်မှ လွန်ကျူးသော ၀ီတိက္ကမကိလေသာအဆင့်သို့မရောက်အောင် အောင့်အီးသည်းခံရသည်။ ပြင်ပဆန့်ကျင်ဘက်ရန်သူများကိုကား ကိုယ့်ထက် အသက်ဂုဏ်ဝါကြီးသူများ ကို မေတ္တာ ကရုဏာတရားတို့ဖြင့် သည်းခံရမည်။ ကိုယ်နှင့် အသက်ဂုဏ်ဝါတူသူများကို မုဒိတာတရားဖြင့် သည်းခံရပေမည်။ ကိုယ့်အောက် အသက်ဂုဏ်ဝါ ငယ်ရွယ်သူများကို ကရုဏာတရားဖြင့် သည်းခံရ မည်။ ကိုယ့်ကို ဆန့်ကျင်ဘက်လုပ်၍ အမြဲရန်ရှာနေကြသူများကို သူတို့သည် အရင့်အရင် ဘ၀အဆက်ဆက် သံသရာအဆက်ဆက်က ကိုယ့်ကို အသက်ပေးမွေးခဲ့သော၊ ကျွေးမွေးပြုစုခဲ့သော၊ ကယ်တင်ခဲ့ သောသူများဖြစ်ခဲ့သည်များကို အောက်မေ့သတိရ စိတ်ကောင်းမွေးမြူကာ သည်းခံရမည်။ အနိဋ္ဌာရုံများကို တွေ့ကြုံလာတိုင်း တရားရှုမှတ်ခြင်းဖြင့် သည်းခံရမည်။

သည်းခံခြင်းသည် သာသနာတော်၏ အနှစ်သာရကျင့်စဉ်များဖြစ်သော သီလ သမာဓိ ပညာ သိက္ခာသုံးပါး၏ ပဓာနအကြောင်းရင်းဖြစ်သည်။ သည်းခံမှုမရှိလျှင် သီလသိက္ခာလည်း မပြည့်စုံနိုင်။ သူတစ် ပါးအသက်ကို သတ်ဖြတ်ချင်သောစိတ်ကို သည်းခံထိန်းသိမ်းမထားလျှင် ကိုယ်ကျင့်သီလပျက်၏။ သူတစ်ပါးပစ္စည်း မတရားယူချင်သော စိတ်ကို သည်းခံထိန်းသိမ်းမထားလျှင် ကိုယ်ကျင့်သီလပျက်၏။ ကာမ ဂုဏ်တို့၌ မှားမှားယွင်းယွင်း လွန်ကျူးလိုသောစိတ်ကို ထိန်းသိမ်းသည်းခံမထားလျှင် ကိုယ်ကျင့်သီလပျက်၏။ ကိလေသာစိတ်၏ အလိုဆန္ဒအတိုင်း လွန်ကျူးလိုသောစိတ်များကို ထိန်းသိမ်းသည်းခံခြင်းဖြင့်သာ သီလသိက္ခာများပြည့်စုံနိုင်ပါသည်။

လောကီအာရုံကာမဂုဏ်တို့၌သာ ပျော်မွေ့တတ်ပြီး အဖမ်းရခက်သော စိတ်ကလေးကို ငြိမ်နေအောင် ထိန်းသိမ်းလေ့ကျင့်ရသော အလုပ်သည် သမာဓိအလုပ်ဖြစ်သည်။ သမာဓိလုပ်ငန်းသည် ယောက် ယက်ခတ်ပြေးလွှားနေတတ်သော စိတ်ကိုထိန်းသိမ်းရသောကြောင့် ကြိမ်ဖန်များစွာ လေ့ကျင့်ရသည်။ သည်းခံစိတ်မရှိသူများ စိတ်မရှည်တတ်သူများ တည်ငြိမ်ရင့်ကျက်သော သမာဓိသိက္ခာမပြည့်စုံနိုင်ပါ။ ထို့ကြောင့် အရာရာတိုင်း ချုပ်တည်းသည်းခံမှုဖြင့် သမာဓိသိက္ခာပြည့်စုံနိုင်သည်။ တည်ကြည်ငြိမ်သက်သော သမာဓိနှင့်ပြည့်စုံမှသာ ရုပ်နာမ်တရားတို့၏ ဖြစ်မှုပျက်မှု သဘာဝအမှန်တရားကို ထင်ရှားစွာ မြင် ရနိုင်ပါသည်။ ဥပမာအားဖြင့် ရေပြင်ကြည်လင် ငြိမ်သက်နေမှ ရေထဲက ငါးလိပ် ကျောက်စရစ်ခဲများကိုမြင်ရသကဲ့သို့တည်း။ ရုပ်နာမ်တရားတို့၏ ဖြစ်မှုပျက်မှုကို ကြိမ်ဖန်များစွာ ရှုမှတ်ဆင်ခြင်ခြင်းဖြင့် ၀ိပဿ နာဉာဏ်စဉ်များ အဆင့်ဆင့်တက်လာပါမည်။ အဆင့်အမြင့်ဆုံး မဂ်ပညာ ဖိုလ်ပညာများ ပြည့်စုံလာနိုင်ပါသည်။ ထိုသို့ အဆင့်အမြင့်ဆုံး ပညာဉာဏ်များ ပြည့်စုံလာခြင်းသည် သည်းခံခြင်း ခန္တီတရားကြောင့် ပင်မဟုတ်ပါလော။ ထို့ကြောင့် မြတ်စွာဘုရားရှင်က သည်းခံခြင်းသည် မြတ်သော အကျင့်တည်းဟု ဟောတော်မူပါသည်။

{နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာ၊}
လူ့ချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာတို့သည် မည်မျှပင် ချမ်းသာသည်ဖြစ်စေ ချမ်းသာစစ် ချမ်းသာမှန်မဟုတ်ပါ။ အိုခြင်း နာခြင်း သေခြင်း စိုးရိမ်ပူဆွေးခြင်းတရားတို့ဖြင့် အမြဲတမ်း ရစ်ပတ်နှောင်ဖွဲ့ နေသည်။ မတည်မမြဲ ဖောက်ပြန်ပြောင်းလဲတတ်သော သဘောရှိသည်။ ယနေ့ သူဋ္ဌေးဖြစ်သော်လည်း နောက်နေ့ ခွေးဖြစ်ချင်ဖြစ်သွားနိုင်သည်။
အဆင့်အမြင့်ဆုံးဗြဟ္မာမင်းကြီး ဘ၀မှ အောက်တန်းစား အပါ ယ်ဘုံသို့လည်း ရောက်ချင်ရောက်သွားနိုင်သည်(တိုက်ရိုက်တန်းဆင်းသွားခြင်းမျိုးတော့မဟုတ်ပါ လူ့ပြည် နတ်ပြည်မှတစ်ဆင့် အပါယ်ဘုံသို့ ဆင်းသွားနိုင်သည်)။ နိဗ္ဗာန်မရောက်သေးသမျှ အိုနာသေဆင်းရဲ ဒုက္ခတို့မှ မလွတ်သကဲ့သို့ အပါယ်ဘေး၊ ကပ်ကြီးသုံးပါးဘေး၊ ရန်သူမျိုးငါးပါးဘေးတို့မှလည်း စိတ်မချရပါ။ နိဗ္ဗာန်ချမ်းသာကို ရရှိမှသာလျှင် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်ပါသည်။ ထို့ကြောင့် မြတ်စွာ ဘုရားက နိဗ္ဗာန်ချမ်းသာသည်သာ အမြတ်ဆုံးချမ်းသာဟု ဟောတော်မူပါသည်။

{ သူတစ်ပါးကို သတ်ဖြတ်သူသည် ကိလေသာတို့ကို နှင်ထုတ်တတ်သော ရဟန်းမဟုတ်၊}
သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်း အမှုသည် ရဟန်းတော်များနှင့် လုံးလုံးမအပ်စပ်သော အမှုပါတည်း။
ကိုယ်တိုင် တိုက်တွန်း ချီးမွမ်း စိတ်တူဆိုသည့်အတိုင်း သူတစ်ပါး အသက်ကို ကိုယ်တိုင်လည်း မသတ်ရပါ။ သူတစ်ပါးကိုလည်း မသတ်ခိုင်းရပါ။ သူတစ်ပါးတို့က သတ်ဖြတ်ညှင်းဆဲနေသည်ကိုလည်း မချီးမွှမ်းရပါ။ သူတစ်ပါးတို့က အသက်သတ်ဖြတ်ခြင်းကိုလည်း သဘောမတူရပါ။ သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ မြတ်စွာဘုရားရှင်က ပါတိမောက်ပါဠိတော်ကြီး၌ အဆင့်ဆင့် အကျယ်တစ်ဝင့် ဟောကြားတော်မူပါသည်။ သူတစ်ပါးအသက်ကို သတ်ဖြတ်နေသမျှ သီလမပြည့်စုံ။ သီလမပြည့် စုံလျှင် သမာဓိမရ။ သမာဓိမရလျှင် မဂ်ဖိုလ်နိဗ္ဗာန်နှင့် ဝေးပါမည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်က သြ၀ါဒပါတိမောက်ဒေသနာကို ညွှန်ပြစဉ်မှာပင် အကျဉ်းအားဖြင့် ဆုံးမတော်မူပါသည်။

{ သူတစ်ပါးကို ညှင်းဆဲသူသည် ကိလေသာတို့မှ ငြိမ်းအေးပြီးသူ သမဏမဟုတ်၊}
သမဏဆိုသည်မှာ ကိလေသာတို့မှ ငြိမ်းအေးပြီးသူ ငြိမ်းအေးအောင် ကျင့်ကြံနေသူများကို ဆိုလိုပါသည်။ သူတစ်ပါးကို ညှင်းဆဲသည်ဆိုရာ၌ သူတစ်ပါး ထိခိုက်နစ်နာအောင်၊ ဒဏ်ရာအနာတရဖြစ်စေ အောင် ညှင်းဆဲခြင်းကိုသာ ဆိုလိုသည်မဟုတ်ပါ။ သူတစ်ပါးတို့ စိတ်ဆင်းရဲအောင် ကိုယ်အမူရာဖြင့်ဖြစ်စေ၊ နှုတ်အမူရာဖြင့်ဖြစ်စေ လုပ်ဆောင်ခြင်းကိုလည်း ညှင်းဆဲခြင်းဟုပင် ဆိုလိုပါသည်။ ရဟန်းတော်အ ချင်းချင်း တစ်ပါးက တစ်ပါးကို အနေရအထိုင်ရခက်အောင် စိတ်ဆင်းရဲအောင် ပူးပူးကပ်ကပ်တိုးဝှေ့နေထိုင်ခြင်း၊ ထိကပါး ရိကပါး စောင်းချိတ်ပြောဆိုခြင်းစသည်တို့သည် သူတစ်ပါး စိတ်ဆင်းရဲအောင် ညှင်း ဆဲနှိပ်စက်ခြင်း မည်ပါသည်။

(၂) သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။
မိမိစိတ်ကို သန့်ရှင်း ဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။
(မကောင်းမှုကို မလုပ်နဲ့၊ကောင်းမှုကို လုပ်၊
စိတ်ကို ဖြူဖြူစင်စင်ထား၊အဲဒါ ဘုရားရှင်တိုင်းရဲ့ အဆုံးအမဘဲ။)

အဓိပ္ပါယ်
(က)မကောင်းမှုမှန်သမျှ မပြုလုပ်ရ။
(ခ)ကောင်းမှုမှန်သမျှ ပြည့်စုံအောင်ပြုလုပ်ပါ။
(ဂ)မိမိစိတ်ကလေး ဖြူဖွေး စင်ကြယ်အောင်ပြုလုပ်ပါ။

မကောင်းမှုမှန်သမျှ မပြုလုပ်ရ

မကောင်းမှုဟူသည် ကာယဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက်လေးပါး၊ မနောဒုစရိုက်သုံးပါးပင်ဖြစ်သည်။ ကာယဒုစရိုက်သုံးပါးဆိုသည်မှာ-
(က)သူ့အသက်ကိုသတ်ဖြတ်ခြင်း။
(ခ)သူတစ်ပါး ပစ္စည်းကို မတရားယူ ခြင်း။
(ဂ)သူတစ်ပါး သားမယားကို လွန်ကျူးစော်ကားခြင်းတို့ဖြစ်ပါသည်။

ဝစီဒုရိုက်လေးပါးဆိုသည်မှာ
(က)လိမ်ညာပြောဆိုခြင်း။
(ခ)သူတစ်ပါးတို့ ချစ်ခြင်းမေတ္တာပျက်ပြားအောင် ကုန်းတိုက်ခြင်း။
(ဂ)ကြမ်း တမ်းယုတ်မာသောစကားကိုပြောဆိုခြင်း။ (ဃ)အကျိုးမဲ့စကားကို ပြောဆိုခြင်းတို့ဖြစ်ပါသည်။

မနောဒုစရိုက်သုံးပါးဆိုသည်မှာ
(က)သူတစ်ပါးပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်အောင် မကောင်းကြံခြင်း။
(ခ)အခြားသူများကို သေကြေပျက်စီးစေလိုခြင်း။
(ဂ)မှားယွင်း သော အယူကို ခံယူခြင်းတို့ဖြစ်ပါသည်။
ယင်းဒုစရိုက်များကို ကျူးလွန်ခြင်းကြောင့် လက်ရှိဘ၀မှာပင် နောင်တတစ်ဖန်ပူပန်ခြင်း၊ သူတစ်ပါးတို့၏ လက်စားခြေမှုကို ခံယူခြင်း၊ မင်းပြစ်မင်းဒဏ်ခံရခြင်းစသော ဆိုးကျိုးများကိုခံစားရနိုင်ပါသည်။ ဘ၀အဆက်ဆက်၌လည်း ၀ဋ်ကျွေးမကုန်မချင်း ထိုက်သင့်သော ဆင်းရဲဒုက္ခမျိုးစုံတို့ကို ခံစားရခြင်းဟူသော ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။

ကောင်းမှုမှန်သမျှပြုလုပ်ကြပါ

ကောင်းမှုကုသိုလ်ဟုဆိုရာတွင် ကောင်းမှုကုသိုလ်အမျိုးမျိုးရှိပါသည်။ မိမိတို့ အဆင်ပြေနိုင်သော ကုသိုလ်ကောင်းမှုများကို မဖြစ်မနေပြုလုပ်ရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်နည်း မိမိဘ၀တစ် လျှောက်လုံး အကုသိုလ်များနှင့်သာ ပျော်ခဲ့ကြသည်။ အကုသိုလ်များကိုသာ နေ့စဉ်လုပ်ဆောင်ခဲ့ကြသောကြောင့်တည်း။ လူတိုင်း လူတိုင်း ဆေးမသောက်ချင်သော်လည်း ရောဂါပျောက်ကင်းရေးအတွက် ဆေးသောက်ကြရသကဲ့သို့ ကုသိုလ်ကောင်းမှုများကို မလုပ်ချင်သော်လည်း ပေတေပြီးလုပ်ကြရသည်။ ပြုလုပ်ရင်းပြုလုပ်ရင်း စိတ်ပါလာကြရပါသည်။ မိမိစိတ်ကို ပြုပြင်ဆုံးမ၍ ကုသိုလ်ကောင်းမှု လမ်းကြောင်းပေါ်ရောက်အောင် တင်ပေးကြရသည်။ ကုသိုလ်ကောင်းမှုများမှာ ပါရမီဆယ်ပါး၊ ပုညကိရိယ၀တ္ထုဆယ်ပါး၊ သုစရိုက်ဆယ်ပါးတို့ဖြစ်ပါသည်။ သုစရိုက်ဆယ်ပါးဆိုသည်မှာ ဖေါ်ပြပါ ဒုစရိုက်ဆယ် ပါးတို့ကို မပြုလုပ်မိအောင် ရှောင်ကြဉ်ခြင်းသီလတို့ပင်ဖြစ်ပါသည်။

ပါရမီဆယ်ပါးဆိုသည်မှာ
(က)ဒါနပါရမီ-အလှူပေးခြင်း။
(ခ)သီလပါရမီ-ကိုယ်ကျင့်သီလဆောက်တည်ခြင်း။
(ဂ)နေက္ခမ္မပါရမီ-တောထွက်ခြင်း(စည်းစိမ်ဥစ္စာ အင်္ဂါခြေလက်တို့ကို စွန့်လွှတ်၍ အနစ်နာခံ ခြင်း)။(ဃ)ပညာပါရမီ-အသိအလိမ္မာ ဉာဏ်ပညာဖြင့် လောက၏ကောင်းကျိုးကို ဆောင်ရွက်ခြင်း။ (င)၀ီရိယပါရမီ-ကြီးမားရဲရင့်သော ဇွဲလုံ့လဖြင့် လောက၏ကောင်းကျိုးကိုဆောင်ရွက်ခြင်း။ (စ)ခန္တီပါရမီ- သည်းခံခြင်းဖြင့် လောက၏ကောင်းကျိုးကိုဆောင်ရွက်ခြင်း။
(ဆ)သစ္စာပါရမီ-မှန်ကန်သော သစ္စာစကားဖြင့် လောက၏ကောင်းကျိုးကိုဆောင်ရွက်ခြင်း။ (ဇ)အဓိဋ္ဌာနပါရမီ-အဓိဋ္ဌာန်ပြုခြင်းဖြင့် လောက၏ ကောင်းကျိုးကို ဆောင်ရွက်ခြင်း။ (ဈ)မေတ္တာပါရမီ-သတ္တ၀ါအနန္တအပေါ် အညီအမျှမေတ္တာထားခြင်းဖြင့် လေက၏ကောင်းကျိုးကို ဆောင်ရွက်ခြင်း။
(ည)ဥပေက္ခာပရမီ-ချစ်သည်လည်းမဟုတ် မုန်းသည်လည်း မဟုတ်သော ဥပေက္ခာတရားဖြင့် လောက၏ကောင်းကျိုးကိုဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

ပုညကိရိယ၀တ္ထုဆယ်ပါးဆိုသည်မှာ

(က)ဒါန-အလှူပေးခြင်း။
(ခ)သီလ-ကိုယ်ကျင့်သီလမပျက်အောင်ထိန်းခြင်း။
(ဂ)ဘာဝနာ-သမထဘာဝနာ ၀ိပဿနာဘာဝနာနှစ်မျိုးကို အားထုတ်ခြင်း။
(ဃ)အပစာယန- ရတနာသုံးပါး ဆရာသမားမိဘကြီးသူများကို ရိုသေခြင်း။
(င)ဝေယျာဝစ္စ- အများကောင်းကျိုး ဆောင်ရွက်ခြင်း။
(စ)ပတ္တိဒါန- ကုသိုလ်ကောင်းမှုများကို အမျှပေးဝေခြင်း။
(ဆ)ပတ္တာနုမောဒန- ကုသိုလ် ကောင်းမှု အမျှပေးဝေခြင်းများကို သာဓုခေါ်ခြင်း။
(ဇ)ဓမ္မဿဝန-တရားတော်ကိုနာယူခြင်း။
(ဈ)ဓမ္မဒေသနာ-တရားဒေသနာဟောခြင်း။
(ည)ဒိဋ္ဌိဇုကမ္မ- အယူကို ဖြောင့်မှန်အောင်ယူခြင်းတို့ဖြစ်ပါသည်။
ဖေါ်ပြပါကုသိုလ် ကောင်းမှုအမျိုးအစား သုံးဆယ်တို့တွင် တူညီနေသော အချက်များလည်း ရှိပါသည်။ပါရမီကုသိုလ်ဖြစ်လိုသူများ ပါရမီဆယ်ပါးကို ကျင့်ကြံကြရုံသာ ဖြစ်ပါသည်။

မိမိတို့ စိတ်ကလေးဖြူဖွေးစင်ကြယ်အောင်ထား

လောကီအာရုံကာမဂုဏ်တို့၌သာ ပျော်မွေ့နေတတ်သော မိမိတို့စိတ်ကလေးသည် အမြဲညစ်ပတ်ပေကြံနေတတ်သည်။ ယင်းစိတ်ကလေးကို ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ အထူးသဖြင့် တရားနာယူ ခြင်း၊ တရားအားထုတ်ခြင်းတည်းဟူသော ဓမ္မရေစင်ဖြင့် သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်ရမည်။ ကုသိုလ်ကောင်းမှုပြုစဉ် တဒင်္ဂအခိုက်အတန့်လေးမှာပင် ကိလေသာအညစ်အကြေး ကင်းဝေးစင်ကြယ် မှု၊ စိတ်ထားဖြူစင်ဖွေးလက်မှုများကိုချက်ချင်းပေးစွမ်းနိုင်သည်။ တရားဓမ္မကို အချိန်ကြာမြင့်စွာ အားထုတ်နိုင်လေလေ အချိန်ကြာမြင့်စွာ စိတ်ထားဖြူစင်ဖွေးလက်လေလေဖြစ်ပါသည်။ တရားထူးတရားမြတ် ကို ထိုးထွင်းသိမြင်လာသည့်အခါ တွင် စိတ်ကိုအမြဲညစ်ပတ်အောင် လုပ်ဆောင်တတ်သောကိလေသာများ လုံးဝကင်းစင်သွားပါတော့သည်။ စိတ်ကလေး ပကတိဖြူစင်သွားပါတော့သည်။

အဘယ့်ကြောင့် မကောင်းမှုရှောင်၊ကောင်းမှုဆောင၊် ဖြူအောင်စိတ်ကိုထားရပါသနည်း။ မကောင်းမှုကိုပြုသည့်အတွက် မိမိတို့ဘ၀အဆက်ဆက် မလိုချင်ပါဘဲနှင့် ရနေတတ်သော ဆင်းရဲဒုက္ခများကို ကြုံတွေ့ခဲ့ရပါသည်။ အိုနာသေဆင်းရဲများနှင့် စိုးရိမ်ပူဆွေး ငိုကြွေးခြင်း ပြင်းစွာဆင်းရဲဒုက္ခရောက်ခြင်းစသော ဆင်းရဲဒုက္ခများပင်ဖြစ်ပါသည်။ ထိုဆင်းရဲဒုက္ခများသည် မိမိတို့ မလိုချင်မတောင့်တပါပဲ ရလာ သောအကြောင်းတရား၏ အကျိုးဆက်များသာတည်း။

ကောင်းမှုကုသိုလ်မပြုသည့်အတွက် အထူးသဖြင့် ဒါနကောင်းမှု မပြုသည့်အတွက် လိုချင်တာကို မရသည့်ဆင်းရဲဒုက္ခ ကြုံရတတ်ပြန်ပါသည်။ ဘ၀များစွာသံသရာတွင် ဆင်းရဲချို့တဲ့ ငတ်ပြတ်မှုများ သည် ကုသိုလ်ကောင်းမှု မပြုသည့်အတွက်ကြောင့်ပင်ဖြစ်ပါသည်။မကောင်းမှုကို ပြုလုပ်သည့်အတွက် ဆင်းရဲမျိုးစုံ ကြုံတွေ့ရခြင်းသည် မလိုချင်ဘဲရလာသော ဒုက္ခတည်း။ ကောင်းမှုကုသိုလ်မပြုသည့်အ တွက် ချို့တဲ့ဆင်းရဲခြင်းသည် လိုချင်တာကိုမရသည့် ဒုက္ခတည်း။ ယင်းဒုက္ခနှစ်မျိုးအနက် မည်သည့်ဒုက္ခက ပို၍ဆင်းရဲပါသနည်း။ မလိုချင်ပါဘဲ ရလာသော ဒုက္ခက ပို၍ဆင်းရဲပါသည်။
အဘယ့်ကြောင့်ဆို သော် လိုချင်၍ရလာသော လိုချင်တပ်မက်စွာ ရှာဖွေထားသော စည်းစိမ်ဥစ္စာများသည် မလိုချင်ဘဲရလာသော ရောဂါဝေဒနာနှင့် ဘေးအန္တရာယ်များကြောင့် တစ်ခဏနှင့်ပင် ကုန်ချင်ကုန်သွားနိုင်သည်။ ထို့ ကြောင့် မကောင်းမှုမှန်သမျှ မပြုလုပ်ကြရန်၊ ကောင်းမှုမှန်သမျှ ပြုလုပ်ကြရန် မြတ်စွာဘုရား မိန့်ကြားတော်မူပါသည်။

အဘယ့်ကြောင့် မိမိတို့စိတ်ကလေး ဖြူဖွေးစင်ကြယ်အောင် ထားသင့်ပါသနည်း။ လူတို့သည် များသောအားဖြင့် ဘ၀သံသရာအဆက်ဆက်၌ စိတ်ရိုင်းစိတ်မိုက်၊ စိတ်ဆိုးစိတ်ညစ်များဖြင့်သာ အချိန်ကုန် ခဲ့ကြပါသည်။ စိတ်ကလေး ဖြူဖွေးစင်ကြယ်သော အချိန်ကား အလွန်နည်းပါးလှပါသည်။ စိတ်ဆိုးစိတ်မိုက်များကြောင့် ဘ၀သံသရာအဆက်ဆက် ဆင်းရဲမျိုးစုံနှင့် လုံးထွေးရစ်ပတ်ကာ ရှည်လျှားလှသော သံသရာခရီးကို ဆက်ခဲ့ကြရပါသည်။ ထို့ကြောင့် လူမိုက်အဖို့ သံသရာသည် ရှည်လျှားလှ၏ဟု ဘုရားရှင်ဟောကြားပါသည်။ လူမိုက်များ သံသရာခရီးရှည်ရာ၌ အဆိုးဆုံးသံသရာသည်သာ သူ့အတွက်အလွန် ရှည်လျှားလှပါ၏။ ကောင်းရာသုဂတိ သံသရာသည်ကား ထိုလူမိုက်အတွက် အလွန်နည်းပါးလှပါ၏။ ကောင်းရာသုဂတိသံသရာ၌ လည်ပတ်နေရသည်ဆိုသော်ငြားလည်း အမှန်တကယ်ကောင်းသည်ဟု မြတ် စွာဘုရား ချီးမွှမ်းတော်မမူ။ အိုနာသေ ဆင်းရဲဒုက္ခများနှင့် လုံးထွေးရစ်ပတ်နေသော ဘ၀သံသရာကို တစ်စက္ကန့်မျှပင် ကောင်းသည်ဟု ဘုရားချီးမွှမ်းတော်မမူ။ အိုနာသေကင်းသော အလုံးစုံသော ဘုံဘ၀တို့ ၏ ဆင်းဒုက္ခမှလွတ်သော နိဗ္ဗာန်ချမ်းသာသည်သာ အကောင်းဆုံးအမြတ်ဆုံးဖြစ်သည်။ မိမိတို့စိတ်ကလေး ဖြူဖွေးစင်ကြယ်အောင် ကြိုးစားလေ့ကျင့်ရင်း တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်သော မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ကို ဧကန်မုချ ရရှိနိုင်ပါသည်။ ထို့ကြောင့်ဘုရားရှင်က မိမိတို့စိတ်ကလေး ဖြူဖွေးစင်ကြယ်အောင်ထားရန် မိန့်ကြားတော်မူပါသည်။

(၃) အနူပ၀ါဒေါ အနူပဃာတော၊ ပါတိမောက္ခေ စ သံဝရော။
မတ္တညုတာ စ ဘတ္တသ္မိံ၊ ပန္တဉ္စ သယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။ .. ။

သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

အဓိပ္ပါယ် =
(က)သူတစ်ပါးကို မကဲ့ရဲ့ မစွပ်စွဲရခြင်း။
(ခ)သူတစ်ပါးကို မနှိပ်စက်ရခြင်း။
(ဂ)ပါတိမောက္ခသံဝရသီလကို စောင့်စည်းခြင်း။
(ဃ)အစာ အဟာရ၌ အတိုင်းအရှည်ကိုသိခြင်း။
(င)ရွာနီးကျောင်း ၌မနေ တောကျောင်း၌နေရခြင်း။
(စ)လွန်မြတ်သော မဂ်၏ရှေ့သွားဖြစ်သော စိတ်ကိုဖြစ်စေရခြင်းတို့သည် ဘုရားတိုင်းညွှန်ပြသော အဆုံးအမသြ၀ါဒဖြစ်သည်။

ရဟန်းတော်တို့မည်သည် သူတစ်ပါးကို မကဲ့ ရဲ့မစွပ်စွဲရပါ။ တည့်တိုးဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ စောင်းချိတ်၍ဖြစ်စေ မကဲ့ရဲ့မစွပ်စွဲရပါ။ အကယ်၍ မိမိက အရိယာတစ်ပါးကို ကဲ့ရဲ့စွပ်စွဲမိပါက အပြစ်ကြီးလေးရုံသာမက ဈာန်မဂ်ဖိုလ်ပင်မရနိုင်တော့ပါ။ သောတာပန်ဖြစ်ပြီးသူပင် သကဒါဂါမ်အဆင့်သို့ မရောက်နိုင်တော့ပါ။ ပဉ္စာနန္တရိယကံကြီးနှင့် ဆင်တူပါသည်။ သို့သော် အရိယာတစ်ပါးကို စွပ်စွဲကဲ့ရဲ့မိသူသည် ၀န်ချတောင်းပန်လျှင် ဈာန်မဂ်ဖိုလ် ရနိုင်ပါ သေးသည်။ ပဉ္စာနန္တရိယ ကံကြီးတို့ကား ၀န်ချတောင်းပန်သော်လည်း ဈာန်မဂ်ဖိုလ် မရနိုင်တော့ပါ။

ပါတိမောက္ခသံဝရသီလကို မကြိုးပေါက်အောင် စောင့်ထိမ်းရပါမည်။ အလွန်သေးငယ်သည်ဟုထင်ရသော ဒုက္ကဋ်အာပတ်အပြစ်ကလေးများကပင် ဈာန်မဂ်ဖိုလ်ကိုတားဆီးတတ်ပါသည်။ ထို့ကြောင့် မြတ်စွာဘုရားက သေးငယ်သည်ဟုထင်ရသော အပြစ်များကိုပင် ဘေးကဲ့သို့ရှုမြင်လျှက် အသက်ထက်ဆုံး ရှောင်ကြဉ်ရန် မိန့်ကြားတော်မူပါသည်။

အစာအာဟာရကို ဘုဉ်းပေးသုန်းဆောင်ရာတွင်လည်း ခန္ဓာကိုယ်နှင့် သင့်တင့်မျှတရုံ အတိုင်းအရှည်ပမာဏနှင့် ဘုဉ်းပေးသုန်းဆောင်ရမည်။ မေတ္တာနှင့်ယှဉ်သောစိတ်ကို ဖြစ်စေ၍လည်းကောင်း တရားနှလုံးသွင်း၍လည်းကောင်းဘုဉ်းပေးသုန်းဆောင်ရပါမည်။ အတိုင်းထက်အလွန် ဘုဉ်းပေးမိလျှင် ခန္ဓာကိုယ်လေးလံထိုင်းမှိုင်းကာ တရားအားထုတ်မှု၌ သမာဓိရဖို့ မလွယ်ကူတော့ပါ။ တရားလက်လွတ် ဘုဉ်းပေးသုန်းဆောင်မိလျှင် ဣဏပရိဘောဂ(ကြွေးယူ၍ သုန်းဆောင်ခြင်း)ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဘုရားရှင်က မိမိဘုဉ်းပေးသော အစာအာဟာရသည် ရဲရဲတောက်ပူလောင်သော သံတွေသံခဲကဲ့သို့ မဖြစ်စေဖို့ လေးလေးနက်နက် မိန့်ကြားတော်မူပါသည်။

ရွာနီးကျောင်း၌ မနေပဲတောကျောင်း၌နေရန်မိန့်ကြားတော်မူရခြင်းအကြောင်းရင်းမှာ တောအရပ်သည် ဆိတ်ငြိမ်အေးချမ်းသဖြင့် တရားထူးတရားမြတ်လျှင်မြန်စွာ ရစေခြင်းငှါလည်းကောင်း၊ လူတို့နှင့် မရောမယှက် သီးသန့်နေရသည့်အတွက် လူမှုဒုက္ခများ စိုးရိမ်ပူပန်မှုများ မကူးစက်စေခြင်းငှါလည်းကောင်း၊ သာယာတပ်မက်ဘွယ်ရာ အာရုံငါးပါးကာမဂုဏ်တရားတို့နှင့် ကင်းဝေးစေခြင်းငှါလည်းကောင်း ဘုရားရှင် မိန့်ကြားတော်မူခြင်းဖြစ်ပါသည်။
မဂ်၏ရှေ့သွားဖြစ်သောစိတ် မဂ်နှင့်ယှဉ်သောစိတ် ဖြစ်စေရန် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကြိုးစားပွားများခြင်းဖြင့် နိဗ္ဗာန်ကို လျှင်မြန်စွာ မျက်မှောက်ပြုနိုင်ပါသည်။ နိဗ္ဗာန်သို့ လျှင်မြန်စွာ မျက်မှောက် ပြုနိုင်မှသာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ပါမည်။ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်မှုချမ်းသာ ၀ိမုတ္တိသုခသည် သာသနာတော်မြတ်ကြီး၏ တစ်ခုတည်းသော အနှစ်သာရသာတည်း။ ထိုဝိမုတ္တိသုခပန်း တိုင်သို့ မရောက် ရောက်အောင် ဗုဒ္ဓဘာသာတိုင်း ချီတက်နေကြခြင်းဖြစ်သည်။
ထို့ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးတိုင်း ဆုံးမညွှန်ကြားတော်မူသော သြ၀ါဒပါတိမောက်စည်းကမ်းချက်များကို လိုက်နာကျင့်သုံးခြင်းခြင့် ရဟန်းရှင်လူ ပြည်သူအားလုံးသည် သံသရာဝဋ်ဆင်းရဲ မှလွတ်မြောက်မှု ၀ိမုတ္တိသုခချမ်းသာကို ဧကန်ပိုင်ပိုင်ရရှိနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတော့သည်။
- (အရှင်သုဝီရ)
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

0 comments:

Post a Comment