Pages

Saturday, July 27, 2013

မင်းတွက်နေရာရွေး..

သေဖို့ တစ်ရက်နီးလာပြီ နေဖို့ လုပ်ကိုင်နေရသည်။

သေမင်းရယ် မခေါ်ပါနဲ့ ချစ်ခင်သူ အမူတုန်းကို

ပေးဆပ်လို့ မကုန်ုခင် မင်းလာခေါ်ချင်

မအားပါပြောမရ သူခေါ်ရာ ငါပါရ

မသေခင် မပြင်မိတော့ မှားမိပေါ့ ဒီလူမှာ

ဝဋ်ကျွေးရယ် မကုန်နိုင်သေး

ပျော်၍နေသေး။

သနားစရာ လူသားမှာ

ပေးဆပ်ရ အဖန်ဖန်ပါ

ကိုယ့်ကိုကိုယ် မကြည့်မိပေါ့

သေမင်းခေါ်ချိန် အဆင်မသင့်ပါဘူး။

ဘုံ၃၁ ဌာနေမှာ

မင်းလုပ်သမျှ နေရာရွေး။

ငါသေမင်း နေရာပေးမယ်

ဘယ်သူကို ဘယ်လိုလိမ်ညာ

ဘယ်သေရည် ဘယ်လိုသောက်

ဘယ်အိမ်ရာ ဘယ်လိုမှောက်

ဘယ်သူကို ဘယ်လိုသတ်...

ဘယ်ပစ္စည်း ဘယ်လိုခိုးတယ်။

မင်းစရိုက်

မင်းကြိုက်သမျှ လုပ်ခဲ့တာတွေ

ငရဲဘုံဤစခန်းမှာ မင်းတွက်နေရာရွေး..............

စိတ်

စိတ်
ဒဿနတော့ ရှိတယ်
ကဗျာ မဟုတ်ဘူး
လောက ရှိတယ်
အလောတကြီး ကနေတာ

မောဟ ရှိတယ်
မောလာ ပါးစပ်လေး ဟ ပြီး လေရှူတာ
မေတ္တာတော့ ရှိတယ်
မသိတဲ့လူက လူရွှင်တော်လားတဲ့
ဈေးမရောင်းတတ် အလှုပေး
မရောင်းတတ်ဘူး အပုတ်အသိုးမခံဘူး
ဒါနဲ့ လှူပြစ်ခဲ့တယ်

ပြန်ရမယ့်လမ်း
လက်ထဲဘာမှ ဆုတ်ကိုင်မထားတော့
ပေါ့ပါး သွက်လက်နေတာပေါ့
ငါဟာ
တန်ခိုးတန်ခိုးရှင်တစ်ယောက် မဟုတ်ပါဘူး

ဒါပေမဲ့...........
စိတ်ဟာ ကောင်ကင်ထက် ၀ဲပျံနေတယ်
တိမ်ညွန့်ခူးစား ပြန်ဆင်းလာတာ

လှလိုက်တဲ့ ကောင်းကင်............
ပြာတလှည့် နီတလှည့် ၀ါတလှည့်
နတ်သမီး ရောင်စဉ်အလှ
ခုနှစ်ထွေ အက ကနေတယ်..

တစ်ခါတစ်ခါ သူက အိပ်ချင်လာရင်
ပုဇွန်ဆီရောင်အသွေးနဲ့
နီညိုရောင်လေးလည်း ပြေးတတ်သေးတယ်..


ရှာဖွေတတ်ပါစေ

ရှာဖွေတတ်ပါစေ

အိုဘေးစောင့်တယ် နာဘေးစောင့်တယ် သေဘေးစောင့်တယ်
ငယ်တုန်းခါမှာ ရှာဖွေထားတော့ လွယ်လွယ်ရလို့နေပါတယ်…..
အသက်ကြီးခါရှာ ဖွေကြည့်တော့ ဥာဏ်ပညာက နဲသွားတယ်
ငယ်တုန်းအခါ ပညာရှာပေါ့ တရားကိုလည်း မမေ့နဲ့ကွယ်
ငယ်တုန်းအခါ ဥစ္စာရှာပေါ့ တရားကိုလည်း မမေ့နဲ့ကွယ်
ငယ်တုန်းအခါ တရားရှာတော့ အိုနာသေဘေး တွေ့လွယ်တယ်
အသက်ကြီးရင် ဥာဏ်ကနဲလို့ ကံကိုပုံပြီးလွဲပါတယ်
အသက်ငယ်ရင် ရလွယ်သားနဲ့ ပျော်ရွှင်စရာရှာကြတယ်
ရှာဖွေတာကို လွဲနေလည်းပဲ ပျော်ရွှင်နေတော့ မေ့လျှော့တယ်
အိုနာသေဘေး မလွတ်သေး ကိုယ်မရှာပဲရပါတယ်
အိုနာသေဘေး မလွတ်သေး မယူချင်လည်းရပါတယ်
အချိန်ဆိုတာ မပေါများတော့ နှမြောဖို့ရာ ကောင်းလှတယ်
ငယ်တုန်းပညာ လတ်ချိန် ဥစ္စာ ကြီးတော့ တရားရှာ ဘယ်သူကများသင်ထားတယ်
ငယ်တုန်းလည်းပဲ သေစမြဲ သူတော်ကောင်းတို့ မမေ့နဲ့ကွယ် ဥာဏ်နားပါမှသိလိမ့်မယ်
ကြီး လတ် ငယ်ရွယ် သေတတ်တယ် ကိုယ်ကျိုးနဲပေါ့ သနားတယ်
သနားစရာ လူ့သတ္တ၀ါ ပရမီကိုလွဲကာ ချတော့အရလွဲလို့နေတတ်တယ်
ဥာဏ်ပညာကို ထက်တုန်းရှာမှ တရားရတာလွယ်တတ်တယ်
ပညာရတာ လွယ်ပေါ့ကွယ်
ဥာဏ်ပညာ နဲ ဥစ္စာ မွဲ စားဝတ်နေရေး ခက်လှတယ်
အတိတ်ကံ ရယ် နည်းပါးလှတော့ ခုနေချိန်ခါ ရသလောက်ကို ရှာဖွေတတ်မှ မြတ်လိမ့်မယ်
နောင်အခါမှာ အနာဂါတ်ဘေး မြင်ရောင်သေး လူလူခြင်း ရယ်သင်းကွဲနေပေါ့ သံဃာခြင်းလည်း သင်းကွဲတယ် တစ်မိသားစုခြင်းလည်း သင်းကွဲမယ် မြတ်ဘုရားက ဟောထားတယ်
ကံ ဥာဏ် နည်းတော့ ကျပ်ကျပ်မှတ်သားနာယူကွယ်….
နောင်သံသရာ ချမ်းသာဖို့ရေး ပြင်ပေးနေတဲ့ မြတ်တရားကို သေချာ ကြည့် မှတ် နာပါကွယ်
မှတ်သားနာယူ ကျင့်ကြံပွားမှ မြတ်သည့် နိဗ္ဗာန်ရလို့လွယ်။


ပုံစံခွက်ထဲမှ {လူ}

ပုံစံခွက်ထဲမှ {လူ}
ဘောင်သွင်း အကျဉ်းကျ
ပုံစံခွက်ထဲ
ဓားမြှောင်တလက်နဲ့ လက်ထိပ်တစ်စုံ
ခြိမ်းခြောက်မှုနဲ့ လက်ခုပ်သံ
အမိန့်ဆိုတာ ခါးသီး
မျိုချရလွန်းတာ များလာတော့..
လောကမှာ
အလွပ်လပ်ဆုံး အလုပ်က
မလွတ်လပ်ဆုံးဖြစ်နေတယ်။




Wednesday, July 24, 2013

ဖျားနေသောဂြိုဟ်တစ်ခုနှင့် မှားနေသောလူတစ်စုအကြောင်း

ဖျားနေသောဂြိုဟ်တစ်ခုနှင့် မှားနေသောလူတစ်စုအကြောင်း


တစ်နေ့တစ်နေ့ . . .
အနတ္တကိုရှာတွေ့ဖို့ ကြိုးစားတဲ့လူသား
အတ္တရည်တွေသောက်ရင်း ခါးတယ် ။

အိမ်အပြင်တောင် ထွက်မသွားရဲဘူး …
ကြားနေရတဲ့အသံက စောင်းကြိုးတင်း
ဟော…ဟို လယ်ကွင်းထဲမှာ စပါးမရှိ
ကောင်းကင်ကိုမော့ကြည့်တော့ တိမ်မမြင်
ပင်လယ်ရေပြင်လည်း အပူရှပ်ပြီး ၊ ရေငတ်နေတယ် ။

ဟူး … နေရထိုင်ရခက်လိုက်တာ
ချိုမြိန်ခြင်းတရားကို ပြောမယ့်ပါးစပ်တွေ
ဘယ်ပုရွက်ဆိတ်ကိုက်လို့ ရပ်သွားလေလဲ ???
ရှာပေးကြပါဦး … ရှာပေးကြပါဦး ။

ကူမယ့်သူမရှိ ၊ ကယ်မယ့်သူမရှိ
ပစ္စက္ခဒုက္ခသည်တွေရဲ့ ဖြစ်စဉ်မှာ
ဗလာနဲ့ချည်းမိနေတယ် ………..။

ကမ္ဘာကြီးလည်း အိုမင်းမစွမ်း
တောင်ဝှေးတစ်ချောင်း ကမ်းသူမဲ့
ရေတစ်မှုတ်စာ ပေးသူမဲ့နဲ့
အားအင်ချိနဲ့လို့ ဖျားနေလေရဲ့ ။

မဖြစ်ချေဘူး ………….
အိမ်အပြင်ကိုထွက်
ကမ္ဘာကြီးအတွက် ဆေးတစ်ခွက်ရှာပေးချင်တယ် ၊
ဘယ်တော့မှ မပေါက်နိုင်တဲ့
ဒုက္ခသည်တွေလက်ထဲက လက်မှတ်
ဟင်းတစ်ခွက်နဲ့ လဲပေးချင်တယ် ၊
သိန်း သန်း ကုဋေချီ
အတ္တတွေထိုင်ရေနေတဲ့အလုပ်
မေတ္တာသုတ်နဲ့ အစားထိုးပေးချင်တယ် ၊

ကျောင်းနေရွယ်ကလေးတွေ စာသင်
သူတော်စင်တွေ တရားရှာမှီး
စစ်မီးကြီးတွေ ငြိမ်းချမ်းရေးနဲ့လဲ
လယ်ကွင်းထဲတွေ စပါးစိုက်
လူဆိုးလူမိုက်တွေ နောင်တရ
ပရဟိတသမားတွေ သူတော်စိတ်မွေး
သူဌေးသူကြွယ်တွေ အပေးအကမ်းလက်ဖွာ
ဆရာ၊ဆရာမတွေ စာသင်မပျက်
ကဗျာဆရာတွေ ကဗျာစပ် …..
(အားလုံး….အားလုံး)
အမှန်တရားပြောရင် နာခံတတ်တဲ့တစ်နေ့
ကမ္ဘာကြီးရေ …… ခင်ဗျားသောက်ဖို့ ဆေးတစ်ခွက်တွေ့ဦးမှာပါ ။


                                                  လင်းk  

ပန်းပျိုးသူ


ပန်းပျိုးသူ

မျော်လင့်ခြင်းအရိပ်
ချွေးသိပ်ပေးသူ
အများအပူဝေငှ
ရင်ခွင်အငှား
... ခန္ဓာမနား
စိတ်ကပြေးလွှား

လောက တစ်ခွင်
အလှဆင်သူ
ပန်းပွင့် ငုံလေး
ပျိုးထောင်ပေးသူ

ကိုယ်ကျိုးမဖက်
အများအတွက်သာ
ချိတ်ဆက်လက်များ
လှမ်းကိုင်ကာထား

ဖူးပွင့်လာချိန်
အလှပဒေသာ
ဘယ်လိုကြည့်ကြည့်ရှုမ၀ပါ
ပန်းပျိုးသူရဲ့
စေတနာ..
မြတ်ဘုရားရဲ့ဒေသနာ
ပရဟိတဝေေ၀ဖြာ
သိပ်လှပတဲ့ပဒေသာ

.


ဥာဏ်ပညာကြီးရင့် လူမျိုးတင့်ဖို့ဗဟုသုတ အသိအလိမ္မာ စာပေထဲမှာရှာဖွေပါ..












Sunday, July 21, 2013

“ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ”


“ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ”
*********************
ဝိသာခါကျောင်းအမကြီးဆိုတာ အားလုံးသိတဲ့အတိုင်း သာသနာမှာ အလှူဒါန ရက်ရောသူအဖြစ် သာသနာ့မိခင်ကြီးအဖြစ် သောတာပန်အလှမိဘုရားအဖြစ်၊ ရဟန်းတော်များရဲ့ ရေတွင်းရေကန်ပမာအဖြစ် ထွန်းသစ်ထင်ရှားခဲ့တဲ့ အမျိုးသမီ...းတစ်ဦးဖြစ်ပါတယ်။ ဂုဏ်ယူဖွယ်ရာအကြောင်းတွေ အများကြီးရှိခဲ့ပါတယ်။ သာဝတ္ထိမြို့ရဲ့ အရှေ့ဘက်မှာ တိုက်ခန်းပေါင်း တစ်ထောင်ရှိတဲ့ ပုဗ္ဗာရုံကျောင်းကြီး လှူထားခဲ့တဲ့ ကျောင်းအစ်မကြီးတစ်ဦးဖြစ်ခဲ့သလို၊ သားသမီး(၂၀)၊ မြေး(၄၀၀)၊ မြစ်(၈၀၀၀) နဲ့ အခြွေအရံလည်း များခဲ့တဲ့ အမျိုးသမီးလည်းဖြစ်ခဲ့ပါသေးတယ်။ ထိုမျှမကသေး ဘာသာဝါဒမတူတဲ့ မိစ္ဆာဒိဋ္ဌိမိဂါရသူဌေးနဲ့ မိသားစုတို့ကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံနိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ခဲ့ပါတယ်။
မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့ ဝိသာခါက ဆွမ်းစားပင့်ပါတယ်။ အဲဒီညလွန်တော့ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။ မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာရွာသလို၊ လေးကျွန်းလုံးအနှံ့မှာလည်း မိုးရွာတယ်။ သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့ နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။ ရဟန်းတော်များဟာ သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့ အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ ရဟန်းတွေ မရှိဘူး။ အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်လို့တွေးပြီး ရဟန်းတွေကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား ဝိသာခါကို အကြောင်းစုံပြန်ပြောတယ်။

ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။ အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။ရဟန်းတော်တွေ မိုးရေးခံသင်္ကန်းမပါဘဲ မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ အပင့်ခိုင်းပြန်တယ်။ အဲဒီအချိန် ရဟန်းတော်များဟာ ရေးချိုးပြီးလို့ တင့်တင်တယ်တယ် သပ္ပါယ်စွာ ဝတ်ရုံထားကြပြီးဖြစ်တယ်။ ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ သီတင်းသုံးနေကြပြီဖြစ်တယ်။ ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။ တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့ အိမ်ဖော်မလေးက ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။ ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံလွှတ်ရပြန်တယ်။ ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။
မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့် မြတ်စွာဘုရားနဲ့ သံဃာတော်တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေမှာ ရေစိုစွတ်ခြင်း မရှိတာမြင်တော့ ဝိသာခါ အံ့သြဝမ်းသာဖြစ်ကာ ဆွမ်းကပ်လှူ၊ ဒီနောက် မြတ်စွာဘုရားထံမှာ ဆု(၈)ပါးလျှောက်ထားတောင်းဆိုပါတယ်။ အဲဒီဆု(၈)ပါးက
၁။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား အသက်ထက်ဆုံး မိုးရေးခံသင်္ကန်း လှူလိုပါ၏။
၂။ ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
၃။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၎။ သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၅။ သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၆။ သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
၇။ အမြဲ ယာဂု လှူလိုပါ၏။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။ ဆိုတဲ့ ဆု(၈)မျိုးပါ။

ဝိသာခါ သင် ဘယ်လိုအကျိုးထူး ကျေးဇူးတွေမြင်လို့ ဒီဆုတွေတောင်းတာလဲ လို့ မြတ်စွာဘုရားရှင်က မေးတော့ အိမ်ဖော်မလေးပြောတဲ့စကားပြန်လျှောက်ပါတယ်။
အရှင်ဘုရား အဝတ်မစည်း အချည်းအနှီးနေခြင်းဟာ စက်ဆုပ်ရွံရှာဖွယ်ရှိလို့ မစင်ကြယ်ပါ။ ဒီအကျိုးမြင်လို့ ရဟန်းသံဃာတော်အား အသက်ထက်ဆုံး မိုးရေခံသင်္ကန်း လှူဒါန်းလိုပါတယ်ဘုရား။

ဧည့်သည် အာဂန္တု ရဟန်းများ ခရီးမကျွမ်းကျင်လို့ ဆွမ်းကိစ္စ အခက်အခဲ ကြုံတတ်ပါတယ်။ တပည့်တော်မ လှူတဲ့ဆွမ်းကို ဘုဉ်းပေးပြီးမှ ခရီးလမ်းသိ ဆွမ်းခံကျွမ်းကျင်မှု ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း ဧည့်သည်အာဂန္တုရဟန်းတို့ကို ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

ခရီးသွားရဟန်းများ ဆွမ်းရှာနေရပါက အဖော်များပြတ်ကျန် နေပါလိမ့်မယ်။ သွားချင်တဲ့ကျောင်းကိုလည်း အချိန်အခါမဲ့မှ ရောက်သွားပါလိမ့်မယ်။ တပည့်တော်လှူတဲ့ဆွမ်းကို ဘုဉ်းပေးရပါက အဲဒီဒုက္ခမှ ကင်းဝေးပါမယ်။ ဒါကြောင့် အသက်ထက်ဆုံး ခရီးသွားသံဃာအား ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

ဖျားနာတဲ့ရဟန်းမှာ လျောက်ပတ်တဲ့ဘောဇဉ် မရပါက အနာတိုးပွားနိုင်သလို အသက်အန္တရာယ်လည်း ကြုံတွေ့နိုင်ပါတယ်။ တပည့်တော်လှူတဲ့ ဘောဇဉ်စားသောက်ရပါက ဒီအန္တရာယ်ကင်းပါလိမ့်မယ်။ ဒါကြောင့် သူနာရဟန်းများကိုလည်း အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်။ဘုရား။

သူနာပြု(ဖျားနာနေသော ရဟန်းအား လုပ်ကျွေးပြုစုသူ) ရဟန်းများ ကိုယ်တိုင်ဆွမ်းရှာနေရပါက သူနာရဟန်းအား ပြုစုရမယ့်ကိစ္စတွေ လစ်ဟင်းနေပါလိမ့်မယ်။ ဒါကြောင့် သူနာပြု ဂိလာနုပဋ္ဌာက ရဟန်းများကိုလည်း အသက်ထက်ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

သူနာရဟန်းမှာ လျောက်ပတ်တဲ့ ဆေးဝါးမရပါက ရောဂါတိုးပွားပါလိမ့်မယ်။ ဒါကြောင့် အသက်ထက်ဆုံး သူနာရဟန်းအား ဆေးဝါးလှူဒါန်းလိုပါတယ်ဘုရား။

အရှင်ဘုရားက အန္ဓကဝိန္ဒမြို့မှာ ယာဂုအကျိုးဆယ်မျိုးရှိတယ်လို့ ဟောကြားခွင့်ပြုတာကြောင့် ရဟန်းသံဃာအား တပည့်တော်မ အသက်ထက်ဆုံး ယာဂုလှူလိုပါတယ်ဘုရား။

အမျိုးသမီးရဟန်းများ အစီရဝတီမြစ်မှာ ပြည့်တန်ဆာမများတို့နဲ့ ရေဆိပ်တစ်ခုတည်းမှာ အဝတ်မစည်း ရေချိုးနေကြလို့ ပြည့်တန်ဆာမများက ရဟန်းမ ဘိက္ခုနီတို့ကို ပြက်ရယ်လှောင်ပြောင်ကြပါတယ်။ ဒါကြောင့် ဘိက္ခုနီသံဃာအား အသက်ထက်ဆုံး ရေသနုပ်(ရေလဲသင်္ကန်း) လှူဒါန်းလိုပါတယ်ဘုရားဟု ဒီဆု(၈)မျိုးကို ဝိသာခါဒကာမကြီးက တောင်းခံခဲ့တာပါ။ သံဃာများ ချမ်းသာစေလိုတဲ့ ဒီဆုတွေ ဝိသာခါတောင်းတာဟာ သာသနာအကျိုးကြည့်တာရယ်၊ သူကိုယ်တိုင် နောင်အချိန်မှာ ဝမ်းသာပီတိနဲ့ သဒ္ဓါပွားချင်တာရယ်ကြောင့် တောင်းထားတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူခဲ့လို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးများ အနေဖြင့် ဝိသာခါကျောင်းအစ်မကြီးရဲ့ ဆုရှစ်မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဝါဆိုသင်္ကန်းကို လှူဒါန်းနေကြတာဖြစ်ပါတယ်။ ဒါက ဝိသာခါကျောင်းအစ်မကြီး တောင်းခံခဲ့လို့ ဝါဆိုင်္သန်းရယ်လို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။

သာဝတ္ထိမြိုကို ကြွဖူးတဲ့ ရဟန်းဖြစ်ပါက ဝိသာခါရဲ့ သင်္ကန်း ဆွမ်း စတဲ့အလှူကို တစ်မျိုးမျိုးတော့ ရရှိအလှူခံဖူးမှာပဲ။ အဲဒီရဟန်းတော်များ တရားထူးရတယ်ဆိုပါက ဝိသာခါကျောင်းအစ်မကြီးရဲ့ ကျေးဇူးလည်း ရှိဖူးပြီပဲလို့ တွေးမိရင် ဝိသာခါက ဝမ်းမြောက်မယ်၊ နှစ်သက်မယ်၊ ငြိမ်းအေးမယ်။ ချမ်းသာမယ်။ တည်ကြည်မယ်။ ဣနြေ္ဒဗိုလ်၊ ဗောဇ္ဈတရားများ တိုးပွားမယ်။ ဒီအာနိသင်တွေ့မြင်လို့ ဆု(၈)ပါးကို တောင်းခံခဲ့တာဖြစ်ပါလို့ ရေးသားရင်း နိဂုံးချုပ်လိုက်တော့၏။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
သင်္ကန်းလှူခြင်းအကျိုးတရားများ
==================
သင်္ကန်းလှူသောသူသည်
(၁)ရွှေအဆင်းကဲ့သို့လှပခြင်း
(၂)စင်ကြယ်သန့်ရှင်းသောကိုယ်ရှိခြင်း
(၃)ပူပန်ခြင်းကင်းနူးညံ့သိမ်မွေ့သောကိုယ်ရှိခြင်း
... (၄)အလုံးစုံသောအရပ်မျက်နှာတို့ကိုနေ ရောင် လ ရောင် တို့ကဲ့သို့ထွန်လင်းတောက်ပ စေနိုင်သောကိုယ်ရှိခြင်း
(၅)အလိုရှိသောအခါအဖိုးတန်လှပအဆင့်မြင့်သောပုဆိုးအဝတ်အစားတို့ကိုရရှိခြင်း
(၆)ပဒေသာပင်၌ဖြစ်သောပုဆိုးတို့ကိုရရှိခြင်း
(၇)အဆုံးဘဝ၌မပင်မပန်း ဧဟိဘိက္ခုလို့ခေါ်လိုက်ရုံနှင့်ရဟန္တာဖြစ်ရခြင်း
ဤသို့သောအကျိုးတို့ကိုရရှိခြင်း
**ဝါဆိုလပြည့်တော့မည်ဖြစ်ပါသဖြင့် နီးစပ်ရာကျောင်းသို့သွားရောက်၍ မပျက်မကွက် ကပ်လှူကြပါရန် တိုက်တွန်း လိုက်ပါသည်။
 


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)





အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)See More