Pages

Monday, August 5, 2013

အမြတ်နိုးရဆုံး ရတနာ

♥အမြတ်နိုးရဆုံး ရတနာ♥

သူကိုစတွေ့တော့အံသြမိတယ် ရင်တွေခုန်မိတယ်..
နောက်တော့ သူ့ရဲ့ဖြစ်တည်ပြောင်းလဲမှုတွေကို ကြည့်နေမိတယ်..

ထူးဆန်းလှပလွန်းတဲ့အရာဝတ္ထုလေးနဲ့လည်းတူတယ်.. 
ဘ၀ဆုံးတိုင်မေ့ဖို့ခက်ခဲတဲ့အထဲမှာသူပါနေတယ်..

ဘာနဲ့မှတန်ဖိုးဖြတ်လို့မရတဲ့ အမြတ်နိုးရဆုံးရတနာပါပဲ

အမှတ်မထင် သူကို ပိုင်ဆိုင်ခွင့်ရရှိခဲ့တာဟာ
ကံကောင်းခြင်းအားလုံးကို ရရှိလိုက်တာပါပဲ

သူမဟာ ကျွန်မရဲ့အချစ်တွေကို ရယူပိုင်ဆိုင်ထားတဲ့ မှော်ဝင်နတ်သမီးလေးပါပဲ..


  ၅.၈.၂၀၁၃မွေးနေ့ရှင်သမီးလေးအတွက် 
အမှတ်တရ မွေးနေ့လက်ဆောင်

Sunday, August 4, 2013

ညအော်သံ

ညအော်သံ


သူငယ်ချင်းရေ
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်နေတဲ့ ညရဲ့ အသံကို ကြားရလား ၊
လူသေအလောင်းကောင်လို အေးစက်လို့ တောင့်တင်းလို့ ပေါ့ ။

အခုလို ညဥ့်နက်နက်တွေမှာ
လေထုထဲ ပဲ့တင်ထပ်နေတဲ့ အသံတွေ
ကြားမိသူတိုင်း ကြက်သီးမွေးသီးထစေခဲ့တဲ့ အသံတွေ
ဘယ်လိုလုပ် မေ့လို့ ရနိုင်ပ ။

တခါတုံးက
အော်ဟစ်သံ ၊ ကြွေးကြော်သံ ၊ တောင်းဆိုသံ ၊ သီချင်းသံ ၊ ညီညွတ်တက်ကြွသံ
ငိုကျွေးသံ ၊ ပစ်ခတ်သံ ၊ ကျူံးဝါးသံ ၊ မှာကြားသံ ၊ တောက်ခေါက်သံ ၊ သစ္စာပြုသံ
သွေးတွေစီးဆင်းသံ ၊ မျက်ရည်တွေတလိမ့်လိမ့်ကျလာသံ ၊ ခရီးထွက်လက်ပြနုတ်
ဆက်သံ ၊ သက်ပြင်းမောရှည်ရှည်တွေချလိုက်သံ ၊ မျက်ဝန်းချင်း ဂတိပြုစကားပြော
သံ ၊ လွတ်လပ်မှအမျှဝေပါ ဆိုတဲ့အသံ -
ဒီမိုကရေစီရမှ အမျှဝေပါ မှာခဲ့တဲ့ အသံ -

အသံတွေ ၊ အသံတွေ ၊ အသံတွေ

အဲဒီအသံတွေဟာ
လမ်းမတွေပေါ်မှာ အသက်ဝင်ခဲ့တယ်
ဒီမိုကရေစီကို ကိုယ်စားပြုခဲ့တယ် ၊
ဖိနှိပ်သူကို တုန်လှုပ်စေခဲ့တယ် ၊
သမိုင်းတခေတ်ကို ဖွင့်လှစ်ခဲ့တယ် ။


ရာစုတခုရဲ့ လေးပုံတပုံအကြာမှာတော့
လေရိုင်းတွေရဲ့ အော်သံ ၊
မြစ်တစင်းရဲ့ ငိုရှိုက်သံ ၊
တောင်တလုံးရဲ့ နာနာကျည်းကျည်း တောက်ခေါက်သံ ၊
လှောင်ချိုင့်ထဲက လူတယောက်ရဲ့ ညီးငြူသံ ၊
မတရားမှုကြောင့် ပေါက်ကွဲသံ ၊
ကာရာအိုကေဆိုင်က ခေတ်လွန် သီချင်းသံ ၊
စားသောက်ဆိုင်ထဲက ရမက်ခိုးအပြည့်နဲ့ စကားသံ ၊
အရိုးအရင်းကိုက်ရလို့ ကျေနပ်မှုနဲ့ အူလိုက်တဲ့ ခွေးလေခွေးလွင့်ရဲ့ အသံ ၊
ဈေးမတူပေမဲ့ အပေးအယူလုပ်နေတဲ့အသံ ၊
ဘိန်းစားချင်းအတူတူ တမူးပိုရှုလိုက်ရလို့ ပလွားနေတဲ့ အစ်တစ်တစ်အသံ ၊
ပေးစရာအဖြေမရှိလို့  ခပ်ငေါက်ငေါက်နဲ့ တုံ့ ပြန်နေသံ ၊
ဤ ကိုကျွဲ ဖတ်နေသူချင်း တွေ့ ဆုံပွဲကထွက်လာတဲ့ လက်ခုပ်သံ ၊
လုပ်စားနေတာ မဟုတ်ရတဲ့အကြောင်း အာလုပ်သံကြီးနဲ့ ရှင်းပြနေတဲ့ အသံ ၊
အရက်မသောက်ပဲ ဘယ်သူ့ မှ ဂရုမစိုက်ဘူးကွလို့ 
ရပ်ကွက်ကို စိမ်ခေါ်နေတဲ့ အမူးသမားတယောက် အသံ ၊
ဓါတ်ရှင်ထဲက ဂုဏ်ကြီးရှင်ဟန်နဲ့ ဇာတ်တူသားစားဖို့ ကျိုးစားနေတဲ့ မျိုးမစစ်
ဒေါင်းတကောင်ရဲ့ မာန်ဖီနေတဲ့ အသံ ၊
ဗိုက်ဆာလွန်းလို့ ခွေခွေလေးလဲနေတဲ့ ခလေးတယောက်ရဲ့ ထမင်းတောင်းသံ ၊
ဒေးကလပ်ထဲက အနာဂါတ်တွေရဲ့ ပြိုကျနေသံ ၊
မသေချာဘ၀တွေမို့  နေစရာပြန်ပေးဖို့ တောင်းဆိုနေသံ ၊
စက်ရုံထဲက စက်ရုပ်ရဲ့ အူထဲကလာတဲ့ တကျုတ်ကျုတ်မည်သံ ၊
ဈေးပေါင်ကျိုးနေပြီလို့ မစားရ ၀ခမန်းဟစ်အော်နေသံ ၊
အရပ်တကာလယ်ပြီး မသာကို နံ့ သာလိမ်းပေးထားတာ လှပါတယ်လို့ကြော်ညာနေသံ ၊
သူတို့ အတွက် စိန်ရတုတို့  ပတ္တမြားရတုတို့  မလုပ်ပေးဖို့ တောင်းပန်နေတဲ့ အာဇာနည်
ကုန်းက သွားလေသူတွေရဲ့ အသံ ၊
ရေမသောက်ရတာ ကြာလို့ အာခေါင်ခြောက်နေတဲ့ လယ်ကန်သင်းရိုးတွေရဲ့ ပက်ကြား
အက်သံ ၊
လေအဝှေ့ မှာ တကျွိကျွိနဲ့ ပြိုကျလုလု အိမ်အိုအိမ်ဆွေးကြီးကထွက်လာတဲ့ အသံ ၊
ဆောင်ကြာမြိုင် အသာမြူးလို့  ဘနဖူးသိုက်တူးနေသူရဲ့ အသံ ၊
အချိန်ကကုစားလို့ သေသောသူကြာရင်မေ့တတ်သူရဲ့ တိုက်ပုံဝတ်သံ ၊
သူခိုးသေဖော်ညိရင်း ချစ်သူကိုမုန်းသူဖြစ်စေသူရဲ့ အသံ ၊

အသံတွေ ၊ အသံတွေ ၊ အသံတွေ

အဲဒီအသံတွေမှာ
ပြုပြင်ပြောင်းလဲရေးမပါဘူး ၊
ငတ်နေသူတွေအတွက် စားစရာမပါဘူး ၊
မတရားမှုတွေအတွက် ဥပဒေမပါဘူး ၊
ဒီမိုကရေစီမပါဘူး ၊
လူ့ အခွင့်အရေးမပါဘူး ၊
ဒီမိုကရေစီအခြေခံတဲ့ နိုင်ငံရေးဝန်းကျင် တည်ဆောက်ရေးမပါဘူး ၊
အနာဂါတ်အတွက် စကားမပါဘူး ၊
အဖိနှိပ်ခံတွေအတွက် လွတ်မြောက်ရေးမပါဘူး ၊
အသိအမှတ်ပြုမှု မပါဘူး ၊
စစ်ဘေးဒဏ်ခံနေရသူအတွက် မျော်လင့်ချက်မပါဘူး ၊
ပုံပျက်နေတဲ့ ကိုယ်ကျင့်တရားတွေအတွက် အကြောက်တရားမပါဘူး ၊
ပြိုလုဆဲဆဲ လူ့ အဖွဲ့ အစည်းအတွက် စိုးရိမ်ကြောင့်ကျမှု မပါဘူး ၊
ငရဲပြည်က ကျမ်းစာအုပ်ကို ဖျက်ဆီးမဲ့အကြောင်းမပါဘူး ၊
ခလေးငယ်တွေအတွက် စာသင်ခန်း မပါဘူး ၊

စာနာမှုတွေမပါဘူး ၊
အသိတရားတွေမပါဘူး ၊
အရှက်တရားတွေမပါဘူး ။



ဒါပေမဲ့
မရေရာတဲ့ ညီညွတ်ရေးပါတယ် ၊
ဟန်ဆောင်ဆွေးနွေးပွဲတွေပါတယ် ၊
ပွဲစားလုပ်ငန်းကြီးထွားစေတဲ့ ငြိမ်းချမ်းရေးဆိုတာပါတယ် ၊
ရေပေါ်ဆီဖြစ်စေတဲ့ ဖောက်ပြန်မှုတွေပါတယ် ၊
မယ်ဘော်ဖြစ်သွားတဲ့ ဟန်တွေပါတယ် ၊
၂၀၀၈ ကိုခြုံအိပ်နေသူတွေ အထင်မလွဲစေဖို့ လုပ်ကွက်တွေပါတယ် ၊
အချင်းချင်း သင်းသတ်မှုတွေပါတယ် ၊
နောက်ကျော ဖနောင့်နဲ့ ပေါက်တဲ့ အရွေ့ တွေပါတယ် ၊
ဥပဒေရေးစရာမလိုတဲ့ လွတ်တော်လုပ်တမ်း ကစားပွဲတွေပါတယ် ၊
ခိုးရာပါ ပစ္စည်းတွေ ဝေခွဲရေးပါတယ် ၊
လစ်တမတ်စက္ကူလို ယုံကြည်မှုတွေပါတယ် ၊
ခရိုနီမွေးမြူရေးပါတယ် ၊
အစွန်းအထင်းများစွာနဲ့  ယဉ်ကျေးမှုကို မေ့လျော့မှုတွေပါတယ် ၊
လက်ဝေခံဘ၀အတွက် ကျေနပ်မှုတွေပါတယ် ၊
သားသတ်သမားကို ဘုရားအလောင်းပမာပြောနေတဲ့ ဇာတ်လမ်းအတုတွေပါတယ် ၊
ဈေးကွက်တင်ထားနိုင်တဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာပါတယ် ၊
တိုင်းရင်းသားများ တကယ်မညီညွတ်ရေးဆိုတာ ပါတယ် ၊
မင်းလည်းယူ ငါလည်းယူဆိုတဲ့ မူတွေပါတယ် ၊
သူ့ လူကိုယ်ဘက်သားတွေပါတယ် ၊
အခန်းအနား နိုင်ငံရေးတွေပါတယ် ၊ ခုတုံးလုပ်မှုတွေပါတယ် ၊
ဆန့် ကျင်သူတွေကို ထိုးဖို့ လက်ညိုးပါတယ် ၊
ပိုးလိုးပက်လက်လန်နေတဲ့ ရပ်တည်ချက်တွေပါတယ် ။

ဘ၀မေ့မှုတွေ ပါတယ် ၊
လိမ်ညာမှုတွေ ပါတယ် ၊
ရက်စက်မှုတွေ ပါတယ် ။

တကယ်ဆိုတော့ ခေတ်ကြီးကိုက မကောင်းတာပါ ၊
ကျောင်းလွယ်အိတ်ထဲက ကျပျောက်သွားတဲ့
ရိုးသားမှုဆိုတာကလည်း ၊ အခွင့်အရေးနဲ့ ဖလှယ်နိုင်သူတွေအတွက်တော့
ဘေးထွက်ပစ္စည်းတခုပဲပေါ့ ၊
စာသင်ခန်းကိုလွမ်းမိပြီး ၊ ကြေကွဲဝမ်းနည်းယုံကလွဲလို့ ၊
ဘာများတတ်နိုင်ဦးမှာလဲ ။

ဘာကြောင့်နာမည်ကြီးကြီး
တခု နာမည်ကြီးရင် တခြားကိစ္စ အကုန်လုပ်ခွင့်ရှိတဲ့ ခေတ်
အခု ဗမာပြည်မှာ နာမည်ကြီးရင် အကုန်လုပ်တတ်သွားတဲ့ ခေတ်
ဟိုအရင်က စစ်ဗိုလ်ဖြစ်ရင် အကုန်လုပ်တတ်သွားသလိုမျိုးပ

ရှေးသရောအခါက ဒီဿပါမောက္ခဆရာကြီးရဲ့ 
တက္ကသိုလ် ကျောင်းဆင်းတွေလိုပဲ
အနုရော အကြမ်းရော အစုံရတယ် ၊
ထူးခြားချက်က -
အဌာရသ ၁၈ ရပ် တောင်မကဘူးဆိုပဲ ။

ဘီလူးမဖြစ်သေးပေမဲ့ ၊ အတတ်ကြူးနေသူတွေကဆိုတယ်
ဒီမိုကရေစီရေး
နိုင်ငံရေး
ပညာရေး
ကျမ်းမာရေး
စီးပွားရေး
လူ့ အခွင့်အရေး
တိုင်းရင်းသားအရေး
အလုပ်သမားအရေး ၊ လယ်သမားအရေး
ပြည်သူတွေ ၀မ်းဝရေး
ဘာအရေး ညာအရေး ပါးပါးလေးပါတဲ့
ဒါတွေထက်
သူတို့ အရေးက ပို ကြီးဆိုပဲ ။

အားလုံးက အစီအစဉ်တကျမဟုတ်ပေမဲ့
သူတို့ က အစီအစဉ်ကျတယ် ။

သူငယ်ချင်းရေ
အပြောင်းအလဲအတွက်တော့
ခေါင်းဆောင်ကြီးများ ကိုယ့်လိပ်ပြာ ကိုယ်ရှက်တတ်တဲ့ စိတ်မျိး
ရှိလာတဲ့နေ့ အထိ စောင့်ကြပါစို့  ။

အော် ငွေရတု တဲ့လား ။

ငါကတော့
အခုလောလောဆယ်မှာ
ကြောက်မက်ဖွယ်ကောင်းလောက်အောင်
တိတ်ဆိတ်နေတဲ့ ညနက်နက်ကြီးထဲက
ဟစ်အော်နေသံတွေကိုပဲ ကြားနေရလေရဲ့  ။ ။ ။




ဗကသ/လူ့ဘောင်သစ် ကျောင်းသားခေါင်းဆောင် ကိုသက်ထွန်း ရဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်ပြည့် ခံစားမှုကဗျာ 

သက်ထွန်း
( ၁ ၊ ၈ ၊ ၂၀၁၃ )




https://www.facebook.com/photo.php?fbid=10153086694505788&set=a.197492240787.257386.729135787&type=1

Saturday, July 27, 2013

မင်းတွက်နေရာရွေး..

သေဖို့ တစ်ရက်နီးလာပြီ နေဖို့ လုပ်ကိုင်နေရသည်။

သေမင်းရယ် မခေါ်ပါနဲ့ ချစ်ခင်သူ အမူတုန်းကို

ပေးဆပ်လို့ မကုန်ုခင် မင်းလာခေါ်ချင်

မအားပါပြောမရ သူခေါ်ရာ ငါပါရ

မသေခင် မပြင်မိတော့ မှားမိပေါ့ ဒီလူမှာ

ဝဋ်ကျွေးရယ် မကုန်နိုင်သေး

ပျော်၍နေသေး။

သနားစရာ လူသားမှာ

ပေးဆပ်ရ အဖန်ဖန်ပါ

ကိုယ့်ကိုကိုယ် မကြည့်မိပေါ့

သေမင်းခေါ်ချိန် အဆင်မသင့်ပါဘူး။

ဘုံ၃၁ ဌာနေမှာ

မင်းလုပ်သမျှ နေရာရွေး။

ငါသေမင်း နေရာပေးမယ်

ဘယ်သူကို ဘယ်လိုလိမ်ညာ

ဘယ်သေရည် ဘယ်လိုသောက်

ဘယ်အိမ်ရာ ဘယ်လိုမှောက်

ဘယ်သူကို ဘယ်လိုသတ်...

ဘယ်ပစ္စည်း ဘယ်လိုခိုးတယ်။

မင်းစရိုက်

မင်းကြိုက်သမျှ လုပ်ခဲ့တာတွေ

ငရဲဘုံဤစခန်းမှာ မင်းတွက်နေရာရွေး..............

စိတ်

စိတ်
ဒဿနတော့ ရှိတယ်
ကဗျာ မဟုတ်ဘူး
လောက ရှိတယ်
အလောတကြီး ကနေတာ

မောဟ ရှိတယ်
မောလာ ပါးစပ်လေး ဟ ပြီး လေရှူတာ
မေတ္တာတော့ ရှိတယ်
မသိတဲ့လူက လူရွှင်တော်လားတဲ့
ဈေးမရောင်းတတ် အလှုပေး
မရောင်းတတ်ဘူး အပုတ်အသိုးမခံဘူး
ဒါနဲ့ လှူပြစ်ခဲ့တယ်

ပြန်ရမယ့်လမ်း
လက်ထဲဘာမှ ဆုတ်ကိုင်မထားတော့
ပေါ့ပါး သွက်လက်နေတာပေါ့
ငါဟာ
တန်ခိုးတန်ခိုးရှင်တစ်ယောက် မဟုတ်ပါဘူး

ဒါပေမဲ့...........
စိတ်ဟာ ကောင်ကင်ထက် ၀ဲပျံနေတယ်
တိမ်ညွန့်ခူးစား ပြန်ဆင်းလာတာ

လှလိုက်တဲ့ ကောင်းကင်............
ပြာတလှည့် နီတလှည့် ၀ါတလှည့်
နတ်သမီး ရောင်စဉ်အလှ
ခုနှစ်ထွေ အက ကနေတယ်..

တစ်ခါတစ်ခါ သူက အိပ်ချင်လာရင်
ပုဇွန်ဆီရောင်အသွေးနဲ့
နီညိုရောင်လေးလည်း ပြေးတတ်သေးတယ်..


ရှာဖွေတတ်ပါစေ

ရှာဖွေတတ်ပါစေ

အိုဘေးစောင့်တယ် နာဘေးစောင့်တယ် သေဘေးစောင့်တယ်
ငယ်တုန်းခါမှာ ရှာဖွေထားတော့ လွယ်လွယ်ရလို့နေပါတယ်…..
အသက်ကြီးခါရှာ ဖွေကြည့်တော့ ဥာဏ်ပညာက နဲသွားတယ်
ငယ်တုန်းအခါ ပညာရှာပေါ့ တရားကိုလည်း မမေ့နဲ့ကွယ်
ငယ်တုန်းအခါ ဥစ္စာရှာပေါ့ တရားကိုလည်း မမေ့နဲ့ကွယ်
ငယ်တုန်းအခါ တရားရှာတော့ အိုနာသေဘေး တွေ့လွယ်တယ်
အသက်ကြီးရင် ဥာဏ်ကနဲလို့ ကံကိုပုံပြီးလွဲပါတယ်
အသက်ငယ်ရင် ရလွယ်သားနဲ့ ပျော်ရွှင်စရာရှာကြတယ်
ရှာဖွေတာကို လွဲနေလည်းပဲ ပျော်ရွှင်နေတော့ မေ့လျှော့တယ်
အိုနာသေဘေး မလွတ်သေး ကိုယ်မရှာပဲရပါတယ်
အိုနာသေဘေး မလွတ်သေး မယူချင်လည်းရပါတယ်
အချိန်ဆိုတာ မပေါများတော့ နှမြောဖို့ရာ ကောင်းလှတယ်
ငယ်တုန်းပညာ လတ်ချိန် ဥစ္စာ ကြီးတော့ တရားရှာ ဘယ်သူကများသင်ထားတယ်
ငယ်တုန်းလည်းပဲ သေစမြဲ သူတော်ကောင်းတို့ မမေ့နဲ့ကွယ် ဥာဏ်နားပါမှသိလိမ့်မယ်
ကြီး လတ် ငယ်ရွယ် သေတတ်တယ် ကိုယ်ကျိုးနဲပေါ့ သနားတယ်
သနားစရာ လူ့သတ္တ၀ါ ပရမီကိုလွဲကာ ချတော့အရလွဲလို့နေတတ်တယ်
ဥာဏ်ပညာကို ထက်တုန်းရှာမှ တရားရတာလွယ်တတ်တယ်
ပညာရတာ လွယ်ပေါ့ကွယ်
ဥာဏ်ပညာ နဲ ဥစ္စာ မွဲ စားဝတ်နေရေး ခက်လှတယ်
အတိတ်ကံ ရယ် နည်းပါးလှတော့ ခုနေချိန်ခါ ရသလောက်ကို ရှာဖွေတတ်မှ မြတ်လိမ့်မယ်
နောင်အခါမှာ အနာဂါတ်ဘေး မြင်ရောင်သေး လူလူခြင်း ရယ်သင်းကွဲနေပေါ့ သံဃာခြင်းလည်း သင်းကွဲတယ် တစ်မိသားစုခြင်းလည်း သင်းကွဲမယ် မြတ်ဘုရားက ဟောထားတယ်
ကံ ဥာဏ် နည်းတော့ ကျပ်ကျပ်မှတ်သားနာယူကွယ်….
နောင်သံသရာ ချမ်းသာဖို့ရေး ပြင်ပေးနေတဲ့ မြတ်တရားကို သေချာ ကြည့် မှတ် နာပါကွယ်
မှတ်သားနာယူ ကျင့်ကြံပွားမှ မြတ်သည့် နိဗ္ဗာန်ရလို့လွယ်။


ပုံစံခွက်ထဲမှ {လူ}

ပုံစံခွက်ထဲမှ {လူ}
ဘောင်သွင်း အကျဉ်းကျ
ပုံစံခွက်ထဲ
ဓားမြှောင်တလက်နဲ့ လက်ထိပ်တစ်စုံ
ခြိမ်းခြောက်မှုနဲ့ လက်ခုပ်သံ
အမိန့်ဆိုတာ ခါးသီး
မျိုချရလွန်းတာ များလာတော့..
လောကမှာ
အလွပ်လပ်ဆုံး အလုပ်က
မလွတ်လပ်ဆုံးဖြစ်နေတယ်။




Wednesday, July 24, 2013

ဖျားနေသောဂြိုဟ်တစ်ခုနှင့် မှားနေသောလူတစ်စုအကြောင်း

ဖျားနေသောဂြိုဟ်တစ်ခုနှင့် မှားနေသောလူတစ်စုအကြောင်း


တစ်နေ့တစ်နေ့ . . .
အနတ္တကိုရှာတွေ့ဖို့ ကြိုးစားတဲ့လူသား
အတ္တရည်တွေသောက်ရင်း ခါးတယ် ။

အိမ်အပြင်တောင် ထွက်မသွားရဲဘူး …
ကြားနေရတဲ့အသံက စောင်းကြိုးတင်း
ဟော…ဟို လယ်ကွင်းထဲမှာ စပါးမရှိ
ကောင်းကင်ကိုမော့ကြည့်တော့ တိမ်မမြင်
ပင်လယ်ရေပြင်လည်း အပူရှပ်ပြီး ၊ ရေငတ်နေတယ် ။

ဟူး … နေရထိုင်ရခက်လိုက်တာ
ချိုမြိန်ခြင်းတရားကို ပြောမယ့်ပါးစပ်တွေ
ဘယ်ပုရွက်ဆိတ်ကိုက်လို့ ရပ်သွားလေလဲ ???
ရှာပေးကြပါဦး … ရှာပေးကြပါဦး ။

ကူမယ့်သူမရှိ ၊ ကယ်မယ့်သူမရှိ
ပစ္စက္ခဒုက္ခသည်တွေရဲ့ ဖြစ်စဉ်မှာ
ဗလာနဲ့ချည်းမိနေတယ် ………..။

ကမ္ဘာကြီးလည်း အိုမင်းမစွမ်း
တောင်ဝှေးတစ်ချောင်း ကမ်းသူမဲ့
ရေတစ်မှုတ်စာ ပေးသူမဲ့နဲ့
အားအင်ချိနဲ့လို့ ဖျားနေလေရဲ့ ။

မဖြစ်ချေဘူး ………….
အိမ်အပြင်ကိုထွက်
ကမ္ဘာကြီးအတွက် ဆေးတစ်ခွက်ရှာပေးချင်တယ် ၊
ဘယ်တော့မှ မပေါက်နိုင်တဲ့
ဒုက္ခသည်တွေလက်ထဲက လက်မှတ်
ဟင်းတစ်ခွက်နဲ့ လဲပေးချင်တယ် ၊
သိန်း သန်း ကုဋေချီ
အတ္တတွေထိုင်ရေနေတဲ့အလုပ်
မေတ္တာသုတ်နဲ့ အစားထိုးပေးချင်တယ် ၊

ကျောင်းနေရွယ်ကလေးတွေ စာသင်
သူတော်စင်တွေ တရားရှာမှီး
စစ်မီးကြီးတွေ ငြိမ်းချမ်းရေးနဲ့လဲ
လယ်ကွင်းထဲတွေ စပါးစိုက်
လူဆိုးလူမိုက်တွေ နောင်တရ
ပရဟိတသမားတွေ သူတော်စိတ်မွေး
သူဌေးသူကြွယ်တွေ အပေးအကမ်းလက်ဖွာ
ဆရာ၊ဆရာမတွေ စာသင်မပျက်
ကဗျာဆရာတွေ ကဗျာစပ် …..
(အားလုံး….အားလုံး)
အမှန်တရားပြောရင် နာခံတတ်တဲ့တစ်နေ့
ကမ္ဘာကြီးရေ …… ခင်ဗျားသောက်ဖို့ ဆေးတစ်ခွက်တွေ့ဦးမှာပါ ။


                                                  လင်းk