(၃)
ခရစ်နှစ် ၂၀၀၀ ပြည့်ချိန်တွင် သူ၏ မန္တလေးသာသနာ့တက္ကသိုလ်လေးနှစ်တာပညာသင်ခရီးပြီးဆုံး၍ သာသနာပြုရဟန်းတော်တစ်ပါးအဖြစ် (၂)နှစ်တာ ဆက်လက်တာဝန်ထမ်းဆောင်ရန် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံ၊(သို့မဟုတ် ) ခေမရဋ္ဌ်သို့ ဦးတည်ခဲ့ရပါလေသည်။ သာသနာ့တက္ကသိုလ်တွင် လေးနှစ်တာ ပညာသင်ယူပြီးပါက (အကယ်၍ မဟာဝိဇ္ဇာတန်းတက်ရန် အရွေးအချယ်မခံရလျင်) တောင်တန်းနှင့် နယ်စပ်ဒေသများသို့ နှစ်နှစ်တာ သာသနာပြုသွားရမြဲဖြစ်ပါသည်။
အချို့သော မိတ်ဆွေရဟန်းတော်များက မဟာဝိဇ္ဇာတန်းတက်ခွင့် မရ၍ စုတ်တသပ်သပ်ဖြစ်နေချိန်တွင် သူကတော့ စာမျက်နှာအသစ်များကို ဖတ်ရန် စိတ်စောနေခဲ့သည်။ အမှန်တကယ်ပင် ထိုနှစ်နှစ်တာကာလသည် သူ့စိတ်ကို အတော်အတန်ရင့်မှည့်စေခဲ့သည်။ ကျောင်းပရိဝုဏ်ပြင်ပက လောက၀ိဟာ ပညာနယ်ပယ်တွင် သူုဖတ်မှတ်နေသော စာအုပ်များထက် ကျယ်ဝန်းလှသည့် သင်ယူစရာပရိယတ်များကို အံ့သြကုန်နိုင်ဖွယ် တွေ့ခဲ့ရလေသည်။
သို့လျင် သူသည် ထေရ၀ါဒဗုဒ္ဓသာသနာပြုရဟန်းတော်ခန့်အပ်လွှာအမိန့်ကြော်ငြာစာရွက်တစ်ရွက်၊ လေယာဉ်လက်မှတ်တစ်စောင်၊ ''သာသနဿ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော ''(သာသနာ့ဝန်ကို မချွတ်ထမ်းဆောင်ပါမည်) ဟု ထင်ရှားစွာ ရိုက်နှိပ်ထားသော အ၀ါရောင်သာသနာပြရဟန်းကဒ်တစ်ခု နှင့် ဖတ်မှတ်စရာစာအုပ်အနည်းငယ်ပါသော ၀န်စည်စလွယ်အိတ်ကို ဆွဲကာ ပထမဆုံးအကြိမ် သမားရိုးကျစာသင်သားဘ၀နေ့ရက်များမှ ခွဲထွက်ကာ တောင်တန်းပြာပြာများဆီ ရင်ခုန်စွာ ထွက်ခွာခဲ့လေသည်။
သာသနာပြုခရီးဟူသည် မျက်လွှာကလေးကိုချ၊ သပိတ်ကလေးကို ပိုက်၊ ယတ်တောင်ကလေးကို ထမ်းကာ ပန်းခင်းသောလမ်းကို လျှောက်ရလေသည်မဟုတ်ခဲ့။ သင်းပိုင်သင်္ကန်းကို တိုတိုဝတ်၊ စားနပ်ရိက္ခာဝန်စည်စလွယ်နှင့် ကျောပိုးအိတ်ကို လွယ်၊ လျှိုမြောင်အသွယ်သွယ်၊ တောင်အထပ်ထပ်ကို တောနင်းဖြတ်ရပါလေသည်။ ယခင်က အစိုးရအဆက်ဆက် အာဏာစက် လက်လှမ်းမမှီခဲ့ရာ လားဟူ၊အာခါ၊ ၀ စသော တိုင်းရင်းသားတို့၏ မိုးမြင့်ခေါင်ဖျားက ရွာလေးတွေဆီ သူရောက်ခဲ့ရသည်။
လမ်းခရီးက အင်ဒီယာနာဂျုံးဆန်ဆန်စွန့်စားရသည်မို့ သာသနာပြုကွက်ရွာလေးတွေဆီ ရောက်သည်နှင့် ပြန်လှည့်ရမည့် လမ်းအတွက် သူ မောနေမိတော့သည်။ လေတဟူးဟူးတိုက်ခတ်နေသော တောင်ကုန်းလွင်ပြင်များ၊ နွယ်ကြိုးများကို ဆွဲတက်ရသည့် မတ်စောက်သော တောင်ကမ်းပါးယံများ၊ ချော်ကျသွားလျှင် ဟု အမြဲအတွေးပွားကာ ခြောက်လှန့်နေသော တောင်စောင်းရှိ လူသွားလမ်းကျဉ်းကျဉ်းလေးများ..။ ဟူး....
အသိဥာဏ်မှောင်ပိန်းသော သွေးချင်းများ၏ ဘ၀၊ အဆုံးအမသာသနာမရှိ၊ ယဉ်ကျေးမှုမရှိ၊ အက်တီကက်မရှိ၊ နှစ်ဆယ့်တစ်ရာစုနှင့် ဂလိုဘယ်လိုက်ဇေးရှင်းသည် တောင်ခိုးဝေေ၀ သားချင်းတို့မြေဆီ မရောက်သေး..။
သာသနပြုတာဝန်ဆိုသည်က မောဟအကျဉ်းထောင်တွင် မှောင်ပိန်းလှောင်ပိတ်နေကြသူတွေကို အသိဥာဏ်ဝိဇ္ဇာလွင်ပြင်ဆီ ထုတ်နှုတ်ဆွဲခေါ်နိုင်ရေးပင်မဟုတ်လား..။ ထိုသို့ တွေးမိကာမှ ရွှေပြည်တော်၏ ပြည်မထဲက ရွှေရောင်တ၀င်းဝင်းနှင့် အလုပ်တာဝန်ဟင်းလင်ဖြစ်နေသော သာသနာပြုခေါင်းစီးအောက်က ကျောင်းကြီးဝိဟာတို့ကို သူ ချဉ်စူးစူးဖြစ်ခဲ့မိသေးသည်။ ဇရပ်တဲသာသာ အင်ဖက်မိုး ၀ါးထရံကာ သာသနာပြုကျောင်းလေးတွေမှာ စာအံသံလေးများကြားရဖို့ နှစ်ရှည်လများ ဇွဲသန်စွာ စည်းရုံးသာသနာပြုနေကြသည့် ရဟန်းတော်များကို သူ ဦးညွတ်ခဲ့မိလေသည်။
(၄)
သာသနာပြုလုပ်ငန်းဟူသည် အုပ်ချုပ်သူအစိုးရမင်းတို့၏ အထောက်အပံ့သာ မရလျှင် ပန်းတိုင်ပျောက်စေနိုင်လေသည်။ ဗုဒ္ဓအရှင်သည်ပင် မဇ္ဈိမဒေသ၏ အင်အားကြီးမားလှသောမဂဓတိုင်း၊ ကောသလတိုင်းစသော ဘုရင်ဧကရာဇ်တို့ကို ဓမ္မဖြင့် စည်းရုံးကာ သာသနာပြုလမ်းကြောင်းချဲ့ထွင်နိုင်ခဲ့သည်ကို လင်းလင်းချင်းချင်းရှိကြပေလိမ့်မည်။
သူ ရှမ်းပြည်အရှေ့ပိုင်းသို့ ချေချမိသည်နှင့် စစ်ဘက် နယ်ဘက်ဆိုင်ရာ ဌာနအသီးသီး၊အာဏာပိုင်အဖွဲ့အစည်းအမျိုးမျိုး၊ ပြည်ခိုင်ဖြိုး၊မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ၊ နယ်စပ်စည်ပင်စသော ဝေါဟာရများနှင့် ရင်းနှီးကျွမ်းဝင်ရလေသည်။
သာသနာပြုဗဟိုဌာနတွင် တာဝန်ကျသာသနာပြုရဟန်းတော်လေးပါးတွင် သူက ၀ါအငယ်ဆုံးဖြစ်ရာ (ရံခါ တောင်ပေါ်သာသနာပြုဌာနများသို့ ကွင်းဆင်းရသည်မှအပ) သူဝါသနာပါသည့် သင်ကြားရေးတာဝန်ကို စီနီယာရဟန်းတော်များက လွှဲအပ်ကြသဖြင့် အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာသင်တန်းများကို ပို့ချပေးခဲ့ရသည်။
ထိုမျှမက သူက သာသနာပြုဌာနသို့ ရောက်ပြီးမကြာမီမှာပင် အင်္ဂလိပ်စာသင်တန်းလေးများကိုလည်း အတန်းစုံကျောင်းသူကျောင်းသားများအတွက် ဖွင့်လှစ်ဖြစ်ခဲ့သည်။ သာသနာပြုဗဟိုဌာနက တည်ထောင်စ၊ ဆောက်လက်စကျောင်းဆောင်များက မပြီးသေးချိန် စာသင်ရန်နေရာနှင့် စာသင်ခုံအခက်အခဲရှိသည်မို့ သူ့အခန်းကျဉ်းလေးထဲမှာပင် ဆွမ်းစားစားပွဲချကာ သင်တန်းဖွင့်ရလေသည်။
အခြေခံပညာကျောင်းသူ ကျောင်းသားများအတွက် စနေတနင်္ဂနွေနေ့လည် နေခင်းများတွင် အင်္ဂလိပ်စာအခြေခံသဒ္ဒါ သင်ကြားပေးလေ့ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများ၊ တက္ကသိုလ်ဘွဲ့ကြိုဘွဲ့ရများအတွက်တော့ နေ့စဉ်ညနေခြောက်နာရီတိုင်း အသုံးချဗုဒ္ဓဘာသာနှင့် အင်္ဂလိပ်စကားပြောသင်တန်း (Applied Buddhism and Communicative English Course)ကို ပို့ချဖြစ်ခဲ့သည်။ သူ့သင်တန်းလေးတွင် ကျောင်းဂေါစရဂါမ်မှ ကလေးများသာမက နီးစပ်ရာတပ်နယ်အသီးသီးနှင့်ဌာနဆိုင်ရာဝန်ထမ်းသားသမီးများ၊အခြားဘာသာဝင်ကလေးများလည်း ပျော်ရွှင်စွာ တက်ရောက်ကြသဖြင့် သူကြည်နူးရလေသည်။
သူ့အခန်းကျဉ်းလေးတွင် သင်တန်းဖွင့်လှစ်ပြီး နှစ်ရက်ခန့်အကြာ ညနေခင်းအင်္ဂလိပ်စကားပြောသင်တန်းကို သူတက်ကြွစွာ ပို့ချနေစဉ် သူ့အခန်းးပေါက်ဝတွင် အရိပ်နှစ်ခုကို တွေ့လိုက်ရသည်။ သူ့အခန်းပြတင်းပေါက်မှ လှမ်းမြင်ရသော ကျောင်းရှေ့မျက်နှာစာနေရာအသီးသီးတွင်လည်း အရိပ်များစွာ ရှိနေခဲ့လေသည်။
တြိဂံဒေသတိုင်းစစ်ဌာနချု့ပ်တိုင်းမှုး ဗိုလ်ချုပ်သိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့က သူ့စာသင်ခန်းလေးကို အကဲခပ်နေခြင်းဖြစ်ပါသည်။
သူဖျတ်ကနဲ ကြည့်ကာ သင်လက်စ စာကို ဆက်သင်နေခဲ့လေသည်။ တိုင်းမှူးဇနီးမောင်နှံက သူ့ကို လက်အုပ်ချီနှုတ်ဆက်ကာ စီနီယာသာသနာပြုရဟန်းတော်များကို ဖူးတွေ့ရန် ကျောင်းဆောင်အပေါ်ထပ်သို့ တက်ရောက်သွားခဲ့လေသည်။
(၇)
အစိုးရမင်းတို့နှင့် ရင်းနှီးကျွမ်းဝင် ရောနှောချင်သော ရာဇ၀လ္လဘရဟန်းအဖြစ်ထက် အစိုးရမင်းတို့ မြတ်နိုးကိုးကွယ်သော ရာဇဂုရုဆရာရဟန်းအဖြစ်ကိုသာ သာသနာတော်ထမ်းတို့က မျှော်မှန်းကြပေသည်။ မိမိတို့ကို ဦးထိပ်တင်သော ထိုအစိုးရမင်းသည်လည်း ဓမ္မရာဇာတရားမင်းသာ ဖြစ်စေလိုကြသည်။
(၈၈)လွန်ကာလများတွင် ဘွဲ့တံဆိပ်တို့၏ အညှီအနံ့ကို ရှိုက်မိသော ဆရာတော်ကြီးများက ဘွဲ့ခံပုဂ္ဂိုလ်ဖြစ်ရန် ရှက်နိုးတော်မူကြသော်လည်း ဘွဲ့တံဆိပ်နောက်တွင် ချိတ်ထားသည့် အခွင့်အရေးတီထွေးကြီးကို ဟတ်လိုသူကေစိပုဂ္ဂိုလ်အချို့ကလည်း ရှိနေခဲ့ပြန်လေသည်။ သို့နှင့် ဘွဲ့မခံယူလိုသောရဟန်းနှင့် ဘွဲ့ငန်းသောဘုန်းကြီးဟု နှစ်မျိုးဖြစ်လာစေခဲ့သည်။
အများပြည်သူတို့အမြင်တွင် သိက္ခာသုံးရပ် အကျင့်မြတ်ကုံလုံ အရည်အချင်းပြည့်စုံကာ ဘွဲ့ခံပုဂ္ဂိုလ်ဖြစ်ထိုက်သူဟု ကျော်ဇောကိတ္တိရှိသည့် ဆရာတော်ကြီးများကို( ဖိအားပေးကာ) ဘွဲ့အလှူခံစေတတ်ပြီး မိမိကိုယ်တိုင်ဆန္ဒအရဖြစ်စေ၊ပကာသနအရောင် အသွေးကို အလေးပေးတတ်ကြသည့် တပည့်ဒကာဒကာမအသိုင်းအ၀ိုင်း၏ တွန်းအားကြောင့်ဖြစ်စေ ဘွဲ့တံဆိပ်ကို ငန်းမိသောဘုန်းတော်ကြီးအချို့ကိုတော့( လျှောက်လွှာတင်အောက်ကျို့ကာ) ဘွဲ့တောင်းခံစေသည့် စနစ်ကို ကျင့်သုံးခဲ့ပြန်သည်။
ယခင်ဆက်ကပ်မြဲဖြစ်သည့် အထင်ကရဘွဲ့တံဆိပ်တော်ကြီးနှစ်ခုအပြင် ခေါင်းစဉ်အမျိုးမျိုး တပ်ထားသော ဘွဲ့များကို တည်ထွင်လိုက်သောအခါ တစ်ဘွဲ့မဟုတ် တစ်ဘွဲ့က တန်းစီ ဇယားတွင် သေချာချင်တိုင်းသေချာနေတော့သည်။
ဘွဲ့တံဆိပ်များနှင့် ပတ်သက်၍ ရယ်သွမ်းသွေးပုံပြင်လေးတစ်ပုဒ်ကြားဖူးသည်။ အစိုးရက ဘွဲ့များကို လှိုင်လှိုင်ထုတ်လုပ်ပေးခါစ ရွာတစ်ရွာရှိ သီလသမာဓိထင်ရှားသောတောင်ကျောင်းဆရာတော်ကြီးကို ဘွဲ့တံဆိပ်ဆက်ကပ်လေသောအခါ မြောက်ကျောင်းဆရာတော်က ချီးမွမ်းမဆုံး။ ချွန်လိုက်ပါဘိ၊မွန်လိုက်ပါဘိ၊ တော်လိုက်ပါဘိ၊ မော်လိုက်ပါဘိ။
နောက်နှစ်ကူး လွတ်လပ်ရေးရာသီတွင် တပည့်ဒကာဒကာမများက လျှောက်လွှာဖြည့်စွက် တင်သွင်း၍ မြောက်ကျောင်းဆရာတော်ကိုယ်တိုင် ဘွဲ့ခံပုဂ္ဂိုလ်ကြီးဖြစ်လာသည့်အခါမှာတော့ ''ဟို မောင်ရှင်လည်း ငါ့လိုပဲထင်ပါ့ '' ဟု တန်ညှိလေသောဟူ၏.။
(၈)
ဘွဲံ့တံဆိပ်ရ၊ မရပုဂ္ဂိုလ်တို့ကိုလည်း ခွဲခြားဆက်ဆံသဖြင့် လောကဓံကို ခံနိုင်ရည်မမွေးနိုင်သော ဆရာတော်ကြီးများခမျာ စိတ်ဓါတ်စစ်ဆင်ရေးတွင် ကျဆုံးကြရသည်လည်း ရှိတတ်ပေသေးသည်။ ဘွဲ့ရမဟုတ်လျင် မင်းပွဲစိုးပွဲသဘင် မ၀င်ရ၊မကပ်ရ။
ဘွဲ့သင်္ကေတကြာငါးခိုင်တံဆိပ်တုံးမှ မပြနိုင်လျင် ရုံးပြင်ကန္နားက စကားပြောလိမ့်မည်မဟုတ်။ မီးရထားလက်မှတ်ဝယ်သည်ပင် နေရာပေးထည့်သွင်းစဉ်းစားလိမ့်မည်မဟုတ်။ ''ဟွန်း ဘဒ္ဒန္တဘွဲ့ရလည်း ဟုတ်ဘဲနဲ့..။''
မိတ်ဆွေရဟန်းတစ်ပါးက ရန်ကုန်ဘူတာကြီးထဲက မြင်ကွင်းလေးတစ်ခုကို ပြောပြဖူးသည်။ သက်တော်ခြောက်ဆယ်အရွယ်ရှိ ဆရာတော်ကြီးတစ်ပါးကို နောက်ပါတပည့်ရဟန်းသုံးပါးခန့်က အိပ်ဆွဲကာ မီးရထားသို့ လိုက်ပို့ကြသည်။ ထိုအချိန်မှာပင် အုပ်အုပ်ကျက်ကျက် လူထုကြီးခြံရံပြီး ရွှေရောင်စာလုံးရေးထိုးထားသော ယတ်တောင်ကို ဟန်ပါပါကိုင်လျက် သက်လတ်ပိုင်း ဘွဲ့ခံဘုန်းတော်ကြီးတစ်ပါး အထက်တန်းတွဲသို့ ကြွလာသည်။
ဒုတိယဆရာတော်က ပထမဆရာတော်ကို မြင်ဖြစ်အောင် မြင်သလို ပထမဆရာတော်ကြီးကလည်း သတိထားမိလိုက်သည်။ သို့သော် အချင်းချင်းနှုတ်မဆက်ဖြစ်ကြ။ ဒုတိယဆရာတော်က လူအုပ်ကြားတွင် နှုတ်ဆက်လိုဟန် မရှိ။ ဘွဲ့ခံသာသနာ့အာဇာနည်ပုဂ္ဂိုလ်ကြီးကို ပူဇော်နေကြလေသည့် ပရိသတ်လူအုပ်ကြီးကိုသာ သြ၀ါဒနှုတ်ဆက်စကားချွေရလေမည်မဟုတ်လား။
ရထားထွက်ပြီး လူရှင်းပြီဆိုပါမှ ဘွဲ့ခံဘုန်းတော်ကြီးလေးက ဆရာအရှင်ဖြစ်သူ ပထမဆရာတော်ကြီးဆီ ချဉ်းကပ်ကာ ဂါရ၀ပြုရပါလေသည်။ တပည့်များစွာတွင် ပရိယတ်ညံ့ဖျင်းလှသော်လည်း လူမှုရေးကျွမ်းကျင်ပြီး လောကီလည်ဝယ်ဟန်ရှိသော ဘွဲ့ခံတပည့်ကျော်ကို ဆရာအရှင်က ခပ်ရိုးရိုးကြီးကြည့်နေပါလေသည်။ ထိုဆရာတော်ကြီးက သာသနာတော်လောကတွင် ပရိယတ်ပဋိပတ်ထင်ရှားလှသော်လည်း ဘွဲ့တံဆိပ်တော်ကို ညှီစော်နံသော မန္တလေးမြို့က စာချအကျော် မိုးကောင်းဆရာတော်ကြီးဖြစ်ပါသည်။
(အခြားအခြားသောဆရာတော်ကြီးများကတော့ အတန်တန်ငြင်းပယ်သည့်ကြားမှပင် သတင်းစာမှ ပြောင်ပြောင်တင်းတင်းဆက်ကပ်ကာ ဘွဲ့နှင်းသဘင်မတက်မနေရ သဒ္ဓါ အရည်သုတ်လိမ်းထားသော အာဏာချိုချဉ်တော်ကြီးကို မဘုဉ်းပေးရဲဘဲ မနေနိုင်အောင် ပူဇော်ခြင်းခံရလေသည်။)
ယခင်က ဘယ်ကျမ်းပြုဆရာတော်၊ဘယ်စာဝါကို ပို့ချနေသောဆရာတော်၊ ဘယ်တရားကို ဟောတော်မူသောဆရာတော်၊ ဘယ်ပဋိပတ်အကျင့်စခန်းကို လမ်းပြသောဆရာတော်စသည်ဖြင့် အလုပ်ကို ဦးစားပေးခေါင်းစဉ်တပ်ကာ လေးစားပူဇော်ဖွယ်ဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင်မူ ကိုးဘွဲ့ရ၊ဆယ့်နှစ်ဘွဲ့ရ၊ တစ်ရာ့နှစ်ဆယ်ဘွဲ့ရ၊ ဘွဲ့ပေါင်းတစ်ထောင်ဂုရုကွေးဖြစ်လာရန် အာရုံစိုက်ကြလေသည်အထိ ရေးစီးရေလာပြောင်းလဲခဲ့လေသည်။
အလုပ်ခေတ်ထက် ဘွဲ့ခေတ်ကြီးတွင် သူကိုယ်တိုင်သည်ပင် ချည်ထားသောဘွဲ့တွေ တော်တော်များနေပြီ။ အလုပ်က မည်မည်ရရ ခါးတောင်းမကျိုက်ရသေး၊ ဘ၀သက်တမ်းတစ်ဝက်ကျိုးတော့မည်။
လောကုတ္တရာဘက်တွင် ဘာဘွဲ့မှ မရကြရှာသော လယ်တီတောကျောင်းဘုန်းကြီးလေး အရှင်ညာဏ၊မန်လည်ရွာလေးက အရှင်ဇ၀န၊ ဆာဘိုးသာဇရပ်ကြီးတွင် ကပ်ရပ်စာချခဲ့ရရှာသည့် အရှင်အာဒိစ္စ၀ံသ၊ အတန်းပညာဟူသောလျှောက်လွှာပုံစံတွင် '' မရှိ'' ဟု အမြဲစာရင်းဖြည့်သွင်းရရှာသော တောင်တွင်းကြီးမြို့လေးက ရှင်ဥက္ကဋ္ဌတို့၏ ခြေဖျားလည်းမမှီ။ လောကီရေးရာတွင်လည်း တက္ကသိုလ်ဥပစာတန်းမျှ သင်ယူခဲ့ဖူးရှာသော ကိုရင်သန့်ဝိဇ္ဇာတန်းလေးအောင်ရုံမျှ ဖိုးအောင်ဆန်းနှင့် ဥပဒေတန်းတဖုန်းဖုန်းကျရှာသော ကိုကြီးနုတို့နှင့် မယှဉ်သာ။
အော် ဘွဲ့..ဘွဲ့ရောဂါ...။ ကူးစက်လေစွတကား။ သို့ဖြင့် ဘွဲ့ခံဆရာတော်အချင်းချင်း ဓါတ်သိဘွဲ့ခံများဖြစ်လာက ဂါရ၀နည်းပါးလာသည်နှင့်အမျှ တပည့်သံဃာငယ်များကလည်း အရိုသေတန်သလို ဖြစ်လာခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့ သာသနာတော်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ကြေငြာချက်သည်ပင် '' မူလတန်းဂေဇက်'' ဟု အသရေပျက်လာလေတော့သည်။
သံဃာကြီးများနှင့် သံဃာငယ်များကြား ဂါရ၀နှင့် နိဝါတနည်းပါးခြင်းအက်ကြောင်းကြီးပေါ်လာခဲ့သည်။ ယခင်က ဘွဲ့တံဆိပ်ရဆရာတော်ကြီးတစ်ပါး၏ သြ၀ါဒစကားတစ်ခွန်းအောက်တွင် ရဟန်းရှင်လူပြည်သူလူထုက ညီညွတ်ပိပြားကာ တစ်ကြောင်းတည်းသောလမ်းကို လျှောက်ခဲ့ကြသော်လည်း ယခုမူ ဘွဲ့ခံအပါးတစ်ရာ၊ သြ၀ါဒအခွန်းတစ်ရာ၊ လမ်းကြောင်းတစ်ရာ...။
(၉)
နုပျိုတက်ကြွ၍ အနာဂတ်သာသနာ့အညွန့်အညှောက် ရှင်ပျိုရဟန်းပျိုပေါက်စတို့ကို မထေရ်သံဃာတော်ကြီးတို့က မျက်စိနောက်စေအောင်လည်း မလစ်ဟင်းခဲ့ပါ။
'' မောင်ရှင်တို့ ခေတ်ရောက်မှပဲ ဘုရားတရားတော်တွေ ကွယ်ပျောက်ရတော့မှာပါကလားကွယ်ရို့ '' ဟု သာသနာ့ထိပ်ခေါင်တင်မထေရ်ကြီးတို့ ရွှေရင်စို့လောက်သော ဇာတ်ဝင်ခန်းတို့ကို ဖန်တီးခဲ့ပြန်ပါလေသည်။ ပရိယတ္တိပဌမပြန်စာမေးပွဲများ၏ အရည်အသွေးကို လျှော့ချပေးလိုက်ခြင်းဖြစ်ပါသည်။
ကြီးကြပ်ရေး၊အထူးကြီးကြပ်ရေးတင်းကျပ်စွာ ချထားသည့် စာဖြေခန်းထဲတွင် ဇောချွေးထွက်အောင် စဉ်းစားဖွယ်မလိုတော့။ စာမေးပွဲဖြေဆိုမည့်ရဟန်းသာမဏေသီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုစေချင်ပါသည်ဘုရား ဟူသော သာသနာရေးဆိုင်ရာလျှောက်ထားချက်ကြီးကို နာယူခဲ့ရပြီးသော ကြီးကြပ်ရေးဆရာတော်များအနေဖြင့် သတင်းစာတစ်စောင်ကို ဖတ်၊ရေနွေးကြမ်းကို တစ်ခွက်ပြီးတစ်ခွက်သောက်ရင်း မောင်ရှင်၊မယ်ရှင်လေးများကို လစ်လျူရှုခြင်းဖြင့် စောင့်ရှောက်တော်မူရလေသည်ကော။
စာဖြေခန်းအတွင်း ကျောက်သင်ပုန်းကြီးပေါ်တွင် ဘယ်မောင်ရှင်က လက်ဆော့ထားသည်မသိ။ ကဗျာတစ်ပုဒ်ကို ထင်းထင်းကြီးတွေ့ရပါလိမ့်မည်။
စာစစ်ကြွလာ၊ ထေရ်မဟာ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
စာဖြေခန်းတွင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
ကူးထားသည့်စာ၊ အဖြေလွှာ၊ ဘယာဝေးပါစေ။
အရေအတွက်ထက် အရည်အသွေးကို ဦးစားပေးကြသည့် စာသင်တိုက်ကြီးများကတော့ ထိုလောကဓံကို အံတင်းခံ၍ '' ခေတ်ဘယ်လိုလိုပြောင်းပြောင်း၊ ငါတို့ပရိယတ္တိမူမပြောင်း၊ မသမာစိတ်မွေးလျင် ဂျောင်း '' ဟု ဇွဲသန်သန်လှော်ခတ်နေကြသည်ကို ကြည်ညိုဖွယ်ရာဖူးတွေ့ရဆဲဖြစ်ပါ၏။
သို့သော် ရဟန်းငယ်ရှင်ငယ်များသည်လည်း ဆရာတော်ကြီးများက ဘွဲ့တံဆိပ်တော်နောက် ကောက်ကောက်ပါသလို စာတတ်ခြင်းထက် စာမေးပွဲအောင်ခြင်းကိုသာ ဆာလောင်လေပြီ။စာမေးပွဲအောင်ဖို့လည်း ဘာခက်သနည်း၊ စာဖြေဌာနများစွာ ဖွင့်လှစ်လိုက်လိုက်ပြီ။ ယခင်တစ်နိုင်ငံလုံး အစိုးရစစ်ဟု ဂုဏ်သရေမြင့်ခဲ့ရာမှ တိုင်းနှင့်ပြည်နယ်စစ်သို့ ပြောင်းသွားလေပြီ။ စာဖြေဌာနချင်းကလည်း ဖြေဆိုချိန်မတူ။ နှစ်ဌာနခွဲပြီးလက်မှတ်ထိုးလိုက်လျင် တစ်နေရာရာကတော့ အောင်မည်လက်ခတ်မလွဲ..။ အော် ဒို့ခေတ်ကို ရောက်နေပြီမှာ မလွဲပါ..။
စာတတ်ချင်သောရှင်ငယ်ရဟန်းငယ်လေးများက စာသင်တိုက်ကြီးများတွင် ဇွဲခတ်ကူး၍ စာမေးပွဲတဘုန်းဘုန်းကျနေချိန် သုံးကျောင်းပြောင်းသောရှင်၊ ယောင်ခြောက်ဆယ် မောင်ရင်တို့က တစ်နှစ်တစ်တန်း ပုံမှန်းလှမ်းကာ ဓမ္မာစရိယတန်း ဟုလျှမ်းလျှမ်းတောက်နေကြလေပြီ။
ခင်ကြီးပေါက်နောက် ဒို့နှစ်ယောက်ပုံပြင်ပမာ ငါ့ရှေ့နောင်တော်ဘုရားအလောင်းများသည်ပင် မူးကြတုန်း၊ ငါလည်း ကျင့်နေလို့ ထူးပါဘူး ဟု ခင်ကြီးပေါက် စိတ်ဒုန်းဒုန်းချလိုက်သလိုပင် စာသင်တိုက်မှ စိတ်ဓါတ်မခိုင်ရှာသောမောင်ရှင်လေးများလည်း စာသင်တိုက်ကြီးမှ စာချဘုန်းကြီးများမသိအောင် အခြားစာဖြေဌာနတစ်ခုတွင် လက်မှတ်ထိုးပြန်လေသတည်း၊
(မင်းကိုနိုင်များစွာအတွက် သမ္မတကြီးရဲ့ ၀ိမုတ္တိခြင်တစ်ကောင်(၅)
(၁၀)
သာသနာတော်ထမ်း ရှင်ရဟန်းလောကတွင် မထေရ်ကြီးမထေရ်ငယ်၊ အသွယ်သွယ်အဆင့်ဆင့်တို့ကြား အထင်အမြင်လွဲချော်မှုနံရံ ပိုမိုထူထပ်လာခဲ့သည်မှာ သတိမူသူတိုင်း ဂူကြီးကို တိုက်မိသည်ချည်းပင်။
သို့သော် ပရိယတ္တိအရည်အသွေးကို ထိန်းသိမ်းထားဆဲဖြစ်သော သကျသီဟ၊စေတီယင်္ဂဏ၊ မင်္ဂလာဗျူဟာစသော သီးခြားအသင်းစာမေးပွဲများရှိနေသေးသဖြင့် လင်္ကာရသာမဏေကျော်နှင့် အဘိဝံသအဌကထာပြန်အကျော်မျိုးဆက်တို့ အရောင်အဆင်းလက်နေဆဲဖြစ်၏။ ထိုမငြိမ်းသေးသောမီးစကိုပင် အနာဂတ်သာသနာအတွက် ပြန်လည်ကူးယူထွန်းညှိကြရပေလိမ့်မည်။
ထိုအသင်းစာမေးပွဲများသည် မြန်မာ့ထီးနန်းပျက်သုံး၍ နယ်ချဲ့ ဗြိတိသျှကိုလိုနီအုပ်စိုးမှုအောက် ပရိယတ်လှေတော်ကြီးမမှောက်အောင် စောင့်ရှောက်လှော်ခတ်ခဲ့ကြသည့် အစဉ်အလာကောင်းများရှိခဲ့သည်။
မည်သို့ဖြစ်စေ အုပ်ချုပ်သူအစိုးရ၏ ပေါ်လစီအတိုင်း ကျင်းပရသောစာမေးပွဲများကတော့ ချို့ယွင်းချက်အနာအဆာဖန်တီးခြင်းနှင့် ယိုပေါက်ဖွင့်ပေးခြင်းများကြောင့် အောင်လက်မှတ်အချို့တွင် ချတို့အသိုက်အအုံဖွဲ့နေသည်များပင် ရှိနေတတ်လေသည်။ အစိုးရစာမေးပွဲများတွင် မည်သူတရားပျက်ပျက် ဒို့မပျက်မူအတိုင်း စာမေးပွဲအဆင့်ဆင့်ရိုးသားစွာ ကြိုးစားရင်း အောင်ပန်းကို လှမ်းဆွတ်ခူးယူကြသော ဓမ္မာစရိယအရှင်ကောင်းများစွာကိုလည်း ဦးခိုက်ပူဇော်လိုက်ပါ၏။
ထို့ထက်အလွန် သာသနာ့ဝန်ထမ်းအမည်ခံအချို့၏ ၀ိနည်းကျောခိုင်းလုပ်ရပ်များကို အာဏာစက်က မသိကျိုးနွံပြုခြင်းဖြင့်လည်း လူထုချဉ်ဖတ်အဖြစ်ကို မကြာခဏရောက်စေခဲ့ပါသည်။
မန္တလေး၊ရန်ကုန်နှင့် စစ်ကိုင်းတို့လို မြို့တော်ကြီးများ၏ ပါဠိပထမပြန်စာမေးပွဲရာသီတွင် စာဖြေသံဃာတော်များကို စာဖြေဌာနအသီးသီးသို့ စနစ်တကျကြွရောက်ဖြေဆိုဖို့ စီမံမပေးခြင်းကြောင့် လူဝတ်ကြောင်ကျောင်းသားငယ်များပမာ မတစ်ထောင်သားရှင်ငယ်ရဟန်းတို့ အထိန်းအကွပ်မဲ့ အော်ဟစ်ရမ်းကားကြသည်က ဘာသာတရားကို အလေးထားသူတို့အတွက် အော့နှလုံးနာဖွယ်ရာဖြစ်စေသလို ဘာသာခြားတို့အလယ်တွင် မျက်နှာငယ်စေသောပြယုဂ်တစ်ခုလည်း ဖြစ်ပေသည်။ အမှန်တကယ် စာမေးပွဲရာသီဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ ရှုပ်လေ ကြိုက်လေ။ လူထုအော်ကြောလန်လေ ပေါ်လစီအောင်မြင်လေပင်မဟုတ်ပါလော..။
မီးရထားဘူတာရုံနှင့် အဝေးပြေးကားဂိတ်၊လူစည်ကားရာဈေးများနှင့် အိမ်တံခါးကို ခေါက်၍ ညနေအထိ သပိတ်ပိုက်အလှူခံသော ဖုန်းတောင်းယာစကာပမာ သင်္ကန်းဝတ်များ၊ သာမန်လူဝတ်ကြောင်လောက်မှ အပြုအမူမယဉ်ကျေးသော ဘာသာရေးအရေခြုံများအတွက် အာဏာစက်က ကင်းလွတ်ခွင့် ပေးထားလေသည်။ သာသနာတော်ကို အရိုအသေတန်စေခြင်းသည် မဟာဗျူဟာမြောက်စီမံကိန်းတစ်ရပ်ပင် ဖြစ်ပါ၏။
ဓမ္မစက်တည်းဟူသော အရိုးပျော့တောင်ဝှေးကို ကိုင်၍ အုပ်ချုပ်ကြီးမှူးရရှာသော သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်သည်လည်း အာဏာစက်၏ ပါဝါအမာထည်(Hard Power)ကို မရသဖြင့် နာမည်ပျက်ရုံမျှ သာသနာ့ဝန်ကိုဆောင်ရလေသည်။
ပိုးဖဲကတ္တီပါ၊ သင်္ကန်းထည်လဲ၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားနှင့် လေအေးစက်ပါ မကျန် ကျောင်းကန်တိုက်တာ၊ မော်တော်ကားလည်း မလစ်ဟင်းစေရပါ ၀ိဟာရွှင်ပျော်ဆရာတော်ဘုရားများ ကိုယ်စိတ်နှလုံး ပြုံးပြုံးမြမြ ကြောင့်ကြမဲ့သာ သီတင်းသုံးတော်ကြပါဘုရား..။
အာဏာစက်ဟူသည်က ကြွက်ခုတ်သော ကြောင်သူတော်များအတွက် မဟုတ်ပြီ။ နိုင်ငံရေးတည်းဟူသော ငါးကြော်ကို မထိပါးသမျှ ကြောင်သူတော်တို့ ကြွက်ခုတ်ကြစေ..။ အာဏာစက်ဟူသော ငါးကြော်ကို ထိပါးမိလျှင်တော့ သီတာ(၇)တန် ပင်လယ်သမုဒ္ဒရာခြားပါစေ..မောင်ဖုန်းတို့ ရှောင်မပုန်းသာလေပြီ။
အမှန်စင်စစ် ဤရှုမျှော်ခင်းတို့သည် မြန်မာနိုင်ငံတော်သမိုင်းစာမျက်နှာကို လှန်လိုက်ပါက ညောင်ရမ်းမင်းဆက်ပျက်သုဉ်းချိန် ဟံသာဝတီပါမင်းလက်ထက်က အဖြစ်အပျက်များနှင့် အတူတူဖြစ်ကြောင်းအံ့သြဖွယ်ရာတွေ့ရမည်ဖြစ်ပါ၏။ ပျက်ချိန်တန်ပြီးလျင် ဖြစ်ချိန်လည်း တန်လာပေအံ့ဟု မျှော်ရပေတော့သည်။ ကုန်းဘောင်နေမင်း မတောက်ပမီကာလများနှင့် မကွဲပြားသောဇာတ်ဝင်ခန်းများပေတည်း။
(၁၁)
ယခင်က ဓမ္မကထိကဟူသည် ပုဂ္ဂလ၀ိသေသ ထူးမြတ်လှသော ပုဂ္ဂိုလ်တစ်ပါးအဖြစ် သာသနာတော်က စံထားကာ နေရာပေးရလေသည်။
ဓမ္မကထိကအဖြစ် ပလ္လင်ပေါ်တက်ရန် ဗျတ္တပဋိဗလ ပရိယတ်ပဋိပတ် စွမ်းဆောင်ရည်မြင့်မားကာ ဘုရားအရှင်အလိုတော်ကျ တရားစကားကို ဟောကြားနိုင်ရပေလိမ့်မည်။ ပိဋကတ်စာပေတွင်လည်း ဓမ္မကထိကအင်္ဂါနှင့် လက္ခဏာအမျိုးမျိုးကို သတ်မှတ်ဖော်ပြထားလေသည်။
ရှေးခေတ်က ဆရာတော်များသည် ပရိယတ်၊ပဋိပတ်စွယ်စုံ မာတင်မုန်သောက် ပုဂ္ဂိုလ်ကြီးများပင်ဖြစ်ကြသော်လည်း လာဘ်လာဘနှင့် ပရိသတ်ဒကာဒကာမဆူဖြိုးလှသောဓမ္မကထိကဘ၀ကို မရွေးချယ်လိုကြ။ စာပေပို့ချခြင်း၊ကျမ်းဂန်ရေးသားခြင်း၊ တိုးတိတ်ခြိုးခြံစွာ ဘာဝနာပွားခြင်းဖြင့် သာသနာတော်ကို ရိုးရှင်းစွာ သွန်းလောင်းကြလေသည်။
မလွှဲရှောင်သာသော ဓမ္မကထိကဘ၀ကိုလည်း စာချသက်ရင့်၍ ပဋိပတ်ရေမြင့်မှသာလည်း စကားလုံးကြာချပ်ကို ဖွင့်ကြမြဲဖြစ်လေသည်။ သို့သော် ဓမ္မကထိကလုပ်မိသဖြင့် ဘယ်ဆရာတော်ကြီးက ဘာများပြောလေမလဲ နားစွင့်ရသောဟူ၏။
လယ်တီဆရာတော်ကြီးသည် မြန်မာနိုင်ငံအရပ်ရပ် မိုးခေါင်ရေးရှား ကပ်သုံးပါးဆိုက်၍ ဒုက္ခပင်လယ်ဝေစဉ် မိုးပရိတ်ကမ္မ၀ါစာများကို ကိုယ်တော်တိုင်ပြည်လုံးအနှံ့ ရွတ်ဖတ်သစ္စာဆိုကာ မိုးရွာစေလျက် ပြည်သူတို့ကို ချမ်းသာစေပြီးနောက် အလိုအလျောက်ဓမ္မကထိကအဖြစ်သို့ ရောက်ရရှာလေသည်။ ဓမ္မကထိကတစ်ပါးအဖြစ် အထက်အောက်မြန်ပြည်တစ်ခွင် စုန်ဆန်ကြွသွား၍ တရားစည်ကို ရိုက်ခတ်နေလေရာ ပခုက္ကူဆရာတော်ကြီးက မှတ်ချက်ပေးသည်။
''ကိုလယ်တီတို့ စာချနေတုန်းက သြဒိဿမေတ္တာ (နာမည်ကိုရည်စူး ပို့ရသောမေတ္တာ) များ နေ့စဉ်ပွားရပါသဗျာ။ ခု နယ်လှည့်တရားဟောနေပြီဆိုတော့ သဗ္ဗေသတ္တာ ထဲထည့်လိုက်ပြီ '' ။ သူတော်ကောင်းကြီးတို့စကား သူတော်ကောင်းကြီးတို့သာ နားလည်ပေလိမ့်မည်။
သူတို့ငယ်စဉ်က မင်းကွန်းတိပိဋကဆရာတော်ကြီးဦးဆောင်သောမလွန်ဆန်လှူအသင်းဓမ္မကထိကတို့၏ ဂုဏ်အသရေကို ငေးမျှော်ကြည့်ခဲ့ရဖူး၏။ သီတဂူအရှင်မြတ်သည် ထိုအမြုတေအဖွဲ့အစည်းထဲမှ လက်လက်ထသောကြယ်ပွင့်ကြီးဖြစ်၏။
သို့သော် ယနေ့မျက်မှောက်ခေတ်တွင် ဓမ္မကထိကဖြစ်ရန်အတွက် အရည်အချင်းကန့်သတ်ချက်မရှိ။ သံဃနာယကအဖွဲ့ကလည်း မစိစစ်၊ ပလ္လင်နှင့် ပရိသတ်ရှိလျင် လုံလောက်သော ဓမ္မကထိကအင်္ဂါဖြစ်ပေ၏။ နိပ်ပေစွ..။ သို့နှင့် ဒုလ္လဘရဟန်းနှင့် ပိဋကတ်အိုးခြမ်းကွဲလူဝတ်ကြောင်တို့အပါအ၀င် ဓမ္မကထိကပေါင်းသောင်းခြောက်ထောင်တို့ ပြောင်ရွှန်းဝေသော သမယကြီးဖြစ်ပေ၏။
ဓမ္မကထိကများလာသည်နှင့်အမျှ ဟောပြောချက်အမှားတို့လည်း ဟိမ၀န္တာမြူတို့ပမာ ဆိုင်းလျက် မှိုင်းလျက်ရှိတော့သည်။ ဘုရားအကြိုက်ထက် ပရိသတ်အကြိုက်ဟောရသော အချို့ဓမ္မကထိက၏ တရားသည် ဖျော်ဖြေမှုဆန်၏။ အချို့တရားသည် တိုက်ခိုက်ရေးဘက်နွှယ်ကာ ငါတော် (အတ္တုက္ကံသန)၊သူရှော်(ပရ၀မ္ဘန) ခေါင်းစဉ်အောက်တွင် မျက်နှာပူစရာကြီးဖြစ်ပေ၏။
လွတ်လပ်ရေးရပြီးခေတ် ဓမ္မကထိကအကျော်အမော်များစွာကြားထဲ သီချင်းဆိုသဖြင့် ကဲ့ရဲ့ခံရသောကြာနီကန်ဆရာတော်သည်ပင် ယနေ့ခေတ်ဓမ္မကထိကအချို့နှင့် ယှဉ်ပါက အရိုးသားဆုံး၊အဖြူစင်ဆုံးနှင့် နိဝါတတရားအရှိဆုံးဖြစ်နေလေသည်။ ဘုရားရှင်၏ တရားတော်ကို အနုပညာဖြင့် တင်ပြခြင်းသည်သာ စေတနာအမှားသဖွယ် ပြစ်တင်ခြင်းမလွတ်ဖြစ်ရသည်။
သူကိုယ်တိုင် ရွှေပြည်ကြီးသို့ ပြန်ရောက်၍ ပလ္လင်ပေါ်သို့ မျက်စိမှိတ်တက်ရသောအခါ တရားဟောနည်းအသစ်တစ်ခုကို ပရိသတ်၏ သင်ပြခြင်းခံရသေးသည်။
''အရှင်ဘုရား တရားသားက နည်းနည်း၊ ဗဟုသုတလေးညှပ်။ ရယ်စရာလေးလည်း ပြော၊ ရွှန်းရွှန်းဝေအောင်သောမှ ပရိသတ်က သဘောကျအားရတာကလား"'တဲ့။
သို့ဖြင့် သူက ဆောင်းပါးတစ်ပုဒ်ရေးဖူးသည်၊ ဓမ်ဖိုတိန်မင့်တ်။ ဓမ္မ(Dhamma)+ ဗဟုသုတသတင်းစကား(Information)+ဖျော်ဖြေမှု(Entertainment)=ဓမ်ဖိုတိန်မင့် Dhamfotainment... ဤသည်ပင် ရွှေပြည်ကြီး၏ တရားဟောနည်းဖော်မြူလာအသစ်ပေတကား..။
သို့နှင့် ဓမ္မကထိကဆရာတော်လေး ကြည်ညိုလို့မှ မ၀သေး၊ နာလို့မှ မတင်းတိမ်နိုင်သေး။ ကြော်ငြာဆိုင်းဘုတ်မှ ဆေးမခြောက်သေး။အဓမ္မ၀ါဒဟု ၀ိနိစ္ဆယရုံးတွင် လက်မှတ်ထိုးရပြီ။ နောက်တစ်ခါ ဒီလို မဟောတော့ပါ ဟု ၀န်ခံချက်ပေးရပြီ။
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် မကောင်းလေဟန်တကား..။ အသွင်အပြင်မှားရုံမက တရားပါ မှားကြ..။ အခွံလည်းမှား အဆံလည်း မှား..။ လူတွေ သံသယပွား...။
http://warthawa.multiply.com http://dhammaganga.blogspot.com
http://multiplygroups.multiply.com/journal/item/1556